Breaking News

မလရ - ထိုအပြုံး

ထိုအပြုံး
မလရ
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၂

စေးထန်း ချိုအီနေတာ နှုတ်ခမ်းဆိုးဆေးတွေလား
မဆလာနံ့လိုလို အမွှေးအကြိုင်ခတ်ထားတဲ့ နှုတ်ခမ်းသားတွေလား
ပုံရိပ်ယောင်တခုဟာ ပုံရိပ်ယောင်တခုကို စစ်စစ်မှန်မှန် ပွေ့ဖက်လို့
သရဲကြောက်တတ်တဲ့ သူဟာ အမွှေးကြမ်းကြမ်းပေါက်နေတဲ့ သရဲ
ရင်ဘတ်ကို ဖက်မိဖက်ရာ ဖက်လိုက်သလို
နုပျော့ နွယ်နှာမောင်းလေးဟာ သူ့ရဲ့အလိမ်အခွေတွေကိုဆန့်ပြီး လက်လှမ်းမီသွားသလို
ရုန်းတော့။ အဲ့ဒီစေးပျစ်နီတွေး နှုတ်ခမ်းဆေးတွေထဲကနေ ရုန်းတော့
ရုန်းခြင်း မရုန်းခြင်းတွေကြားမှာ ကိုယ်ဟာ ပြုံးနေလိုက်တယ်
ခွေးတစ်ကောင် အမြီးနှန့်သလို လုပ်မိလုပ်ရာ မဟုတ်ပုံနဲ့
အတည်တကျ သခင်လား ယာယီမဟာမိတ် ဖွဲ့လိုက်တာလား
ဆပ်ပြာပူဖောင်းထဲ လေတွေထပ်မှုတ်မသွင်းခင်
ရောင်စုံရောင်ပြန်တွေဟာ သက်တံတစင်းလို ဆပ်ပြာရည်အလွှာပါးပေါ်မှာ
အနှေးပြ အဲနီမေးရှင်း ပြကွက်များ။

၂၀၂၂ ဧပြီ ၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar