မြန်မာနွေဦး ခရိုနီကယ် - မေ ၃ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၃ မြင်ကွင်း
(မိုးမခ) မေ ၄၊ ၂၀၂၂
လစ်ဘရယ်အယူအဆ စံနှုန်းများနဲ့ နွေဦးတော်လှန်ရေး
နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်အယူအဆ ဒီမိုကရေစီအယူအဆနဲ့ လွတ်လပ်ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ လစ်ဘရယ်စံနှုန်းတွေကို အခြေခံထားတဲ့ တော်လှန်ရေးလို့ နားလည်ထားကြပါတယ်။ လူနည်းစု အခွင့်အရေး၊ လူမျိုးရေး ခွဲခြားမှုမရှိသော၊ လူမျိုးကြီးဝါဒကို ဆန့်ကျင်သော၊ ကျား မ ရေးရာအရ ခွဲခြားမှုမရှိသော ဒီမိုကရေစီနိုင်ငံတွေမှာ လက်ခံ ကျင့်သုံးကြတဲ့အထက်က စံနှုန်းတွေကို ကိုင်စွဲလက်ခံတဲ့ တော်လှန်ရေးတခုအဖြစ်နားလည်ကြပါတယ်။ ပါတီအဖွဲ့အစည်းတခုရဲ့ မူပိုင်တော်လှန်ရေး မဟုတ်သလို လူမျိုးတမျိုး အဖွဲ့အစည်းတခုရဲ့ အာဏာရရှိရေး ဦးတည်ချက်ထားတဲ့ တော်လှန်ရေးလည်း မဟုတ်ပါဘူး။
တော်လှန်ရေးလို့ ဆိုတဲ့ စကားလုံးကို သုံးနှုန်းကတည်းက ခေတ်မမီတော့တဲ့ ရှေးရိုးစွဲတဲ့ အယူအဆတွေ၊ အဖွဲ့တခု အမျိုးအနွယ်တခုရဲ့ အစဥ်အလာတွေကိုပဲ တန်ဖိုးထားပြီး ကျန်တဲ့အဖွဲ့တွေ မျိုးနွယ်တွေကို ခွဲခြားဆက်ဆံသူ၊ အုပ်ချုပ်သူနဲ့ လက်ဝေခံ အုပ်ချုပ်သူ စတဲ့ အယူအဆတွေ အတွေးအခေါ်တွေကို ဖယ်ရှားပြီး တန်းတူညီမျှမှု၊ လူသားဖြစ်တည်မှုကို လေးစားတန်ဖိုးထားသော၊ လူ့အခွင့်အရေးပေါ် အခြေခံတဲ့ အသစ်သော အယူအဆ အတွေးအခေါ်တွေနဲ့ ရှေ့သို့လျှောက်လှမ်းတဲ့ လှုပ်ရှားမှု ဖြစ်ပါလိမ့်မယ်။
အဲဒီလိုမဟုတ်ဘဲ အယူအဆဟောင်းတွေ၊ ဆက်ဆံရေး အဆင့်ခွဲခြားမှု အာဏာ၊ ရပိုင်ခွင့်တွေ တန်းတူမဟုတ်သော ရှိပြီးသားအဆင့်အတန်းကို မဆုံးရှုံးအောင် ဆုပ်ကိုင်ထားတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ တိုက်ပွဲတခုသာဆိုရင်တော့ တော်လှန်ရေးလို့ အမည်နဲ့ မဆီလျော်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
တော်လှန်ရေးထဲ ဘုံအကျိုးစီးပွားနဲ့ ပူးပေါင်းပါဝင်လာဖို့ စည်းရုံးတဲ့အခါ အထက်က တော်လှန်ရေးအတွေးအခေါ်မျိုးရှိဖို့ အရေးတကြီး လိုအပ်သလို တော်လှန်ရေး မအောင်မြင်စဥ်မှာရော အောင်မြင်မှုရလာတဲ့အခါမှာပါ ရပ်တည်ချက် ကိုင်စွဲတဲ့ စံနှုန်းတွေ ပြောင်းလဲလို့ မရဘူးလို့ ဆိုချင်ပါတယ်။
ရိုဟင်ဂျာ လူနည်းစုရဲ့ ဂျီနိုဆိုက်ကိစ္စ၊ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များနဲ့ ဆွေးနွေးအဖြေရှာမှုများ၊ တိုက်ပွဲများ၊ တိုင်းရင်းသား လူမျိုးစုပါတီများနဲ့ ပဋိပက္ခ စတဲ့ အတိတ်က သင်ခန်းစာယူစရာ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ပြီး အခုတော်လှန်ရေးမှာ စံနှုန်းမှန်ကန်စွာ ကိုင်စွဲနိုင်ဖို့လိုအပ်ပါတယ်။
အဲလိုမဟုတ်ခဲ့ရင် လူထုရဲ့ မကျေနပ်မှု စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် လူထုရဲ့ ဆန့်ကျင်မှုအင်အားကို အသုံးချပြီး မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်မှုတခုသာ ဖြစ်ပါလိမ့်မယ်။ ဒါကို တော်လှန်ရေးလို့ မခေါ်ဆိုထိုက်ဘူးလို့ ထင်ပါတယ်။
လတ်တလော အန်အယ်လ်ဒီ၊ NUG ထောက်ခံသူ ဆိုရှယ်မီဒီယာမှာ လူသိများ နောက်လိုက်များသူတွေက အမျိုးသမီးအခွင့်အရေး၊ ကျား မ ရေးရာ လစ်ဘရယ်စံနှုန်းတွေကို ပစ်ပယ်ပြီး လူ့အခွင့်အရေးနဲ့ ကျား၊ မ ရေးရာ တက်ကြွလှုပ်ရှားသူတွေကို တိုက်ခိုက်ဆဲဆိုနေကြတာတွေ ကြားသိနေရပါတယ်။
NGO တွေကို အမြင်မကြည်လင်တာ၊ CSO တွေကိုအမြင်မကြည်လင်တာတွေက ပြဿနာအကြီးကြီးမဟုတ်ပေမယ့် ဒီလိုလစ်ဘရယ်စံနှုန်းတွေကို တန်ဖိုးမထားဘဲ NGO/CSO တွေရဲ့ ဂရန့်နဲ့ လုပ်တဲ့ လုပ်ရပ်လို့ စွပ်စွဲပြောဆိုတာတွေက စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုမှုတွေနဲ့ အလားသဏ္ဌာန်တူနေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးတွေ လုပ်တာ လွတ်လပ်စွာလုပ်နိုင်တာ အမှန်ပင်ဖြစ်ပေမယ့်လည်း အမျိုးသမီးတန်းတူမှု အခွင့်အရေးတွေ၊ လူနည်းစုတွေကို စော်ကားသလို ဖြစ်စေမယ့် ကိစ္စရပ်တွေမှာ ရပ်တည်ချက်က ခေတ်ဟောင်း၊ အယူအဆဟောင်းတွေနဲ့ အမျိုးသမီးတွေ လူနည်းစုတွေကို စော်ကားသလို ဖြစ်စေနိုင်တဲ့ ကိစ္စတွေကို တော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုမှာ ဖြစ်စေ၊ လူသိများတဲ့သူတွေရဲ့ ပြောဆိုမှုတွေမှာ ဖြစ်စေသတိကြီးစွာထားဖို့ လိုအပ်ပါတယ်။ မရည်ရွယ်ဘဲ ပြောဆိုမိတာဖြစ်စေ ရပ်တည်ချက် မှားယွင်းနေတာကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာဖြစ်စေ ဒီလို မှားယွင်းမှုတွေကို ပွင့်ပွင်းလင်းလင်း တောင်းပန်ဖို့ လိုအပ်ပါလိမ့်မယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ လူမျိုးတမျိုးရဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတပါတီရဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ ဖက်ဒရယ်စနစ်ကို ရိုးသားစွာ လက်ခံယုံကြည်သော၊ လစ်ဘရယ်စံချိန်စံနှုန်းတွေကို ရိုးသားစွာ လက်ခံတန်ဖိုးထားသော၊ လူ့အခွင့်အရေးကို လေးစားသော၊ လူနည်းစု အခွင့်အရေးကို လေးစားတန်ဖိုးထားသောသူတွေ စုစည်းတော်လှန်တဲ့ တော်လှန်ရေးဖြစ်ဖို့ အရေးကြီးပါတယ်။ နို့မဟုတ်ခဲ့ရင်တော့ တော်လှန်ရေးစကားလုံးဟာ ဝါဒဖြန့်ချိရေးအရ အသုံးခံစကားလုံးဖြစ်ပြီး အင်အားစုတခုက ကျန်လူနည်းစုတွေ လူ့အခွင့်အရေး တန်းတူညီမျှမှု လိုလားသူတွေကို အသုံးချသွားတဲ့ လှုပ်ရှားမှုတခုအဆင့်ကို လျော့ကျသွားပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar