Breaking News

နေသွင်နိုင်း - ပြန့်ကျဲနေသော တောင်ကုန်းများ

နေသွင်နိုင်း - ပြန့်ကျဲနေသော တောင်ကုန်းများ
(မိုးမခ) မေ ၁၀၊ ၂၀၂၂

မွန်မြတ်ခြင်းတောင်ကုန်းတခုပေါ်
အမည်နာမများကို လျှော်ဖွပ်ဖို့
လွတ်မြောက်ရာလမ်းအတိုင်း
တယောက်ပြီး တယောက်
ရောက်လာတယ်
ဒီမှာလေ လူငယ်တယောက်
စက်ချုပ်သမလေးဝတ်ဖို့ အင်္ကျီတထည်ဖြစ်ဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ရွှေငါးလေးတကောင်ဖြစ်ဖြစ်
စူပါမင်းဖြစ်ဖို့ 
မဟာသူဌေးကြီးဖြစ်ဖို့ ရူးသွပ်နေတဲ့လူငယ်
စစ်ကလွဲပြီး အရာအားလုံး အတု
အချစ်ကလွဲပြီး အရာအားလုံးအတု ဖြစ်ကြောင်း
စာလေးတကြောင်းမျှ 
သူမထံ မပို့သနိုင်ခဲ့ပါ
သူက ရွက်ကြမ်းရေကျိုမလေးရဲ့ ဆံသားပေါ်
အချိန်​ပြည့်ပြေးလွှားနေတတ်တဲ့ 
အပြေးမြန်ကောင်တကောင်
ပါဝါရိန်းဂျား အနီကောင်တကောင်
ဘယ်နည်းပညာအကူအညီမှ မယူထားတဲ့
လုပ်ခအနိမ့်ဆုံး စက်ချုပ်သမလေးရဲ့
ပါးပြင်ပေါ်က 
ထမင်းသိုးဟင်းသိုးညနေချိုင့်ကလေး ဖြစ်ချင်သူတယောက်ပါပဲ
သဘာဝကျောက်သွေးပါးပြင်
ချွေးစေးတက်တူးပြောက်ကျားဝတ်ရုံထဲ
မြို့ပြဆင်ခြေဖုံးတခုက 
လက်လုပ်လက်စားလူငယ်ဟာ
ထမီလာတဲ့ နေ့တွေအပါအဝင်
အိမ်လခအတွက် ခွင့်တစ်ရက်မှ မပျက်ခဲ့တဲ့
သနပ်ခါးမလေးနဲ့
အထည်ချုပ်စက်ရုံရှေ့ အတူတူလက်သီးလက်မောင်းတန်းခဲ့ကြဖူးရဲ့။
လုပ်ခလစာတိုးမြှင့်ရေးကနေ
အာဏာရှင်တွေ အာဏာသေရေးအထိ
မြို့ကြီးပြကြီးရဲ့ဆယ်ပေမရှိတရှိ
အခန်းကျဥ်းလေးကနေ နေ့စဥ်နဲ့အမျှ 
ရှေ့ထွက်ချီတက်ခဲ့ကြ
အမှန်တရားအတွက်
ထမင်းမစား ဟင်းမစား
ရရာဓားကို သွေးလို့
သွေးဆုံးနေတဲ့ ပြန်ကြားရေးသမား
တောရိုင်းတိရစ္ဆာန်တွေရဲ့ယုတ်သံမှာ
ရုပ်လုံးမပေါ်တော့တဲ့ 
ဒဏ်ရာဗရပွ နွေဦးမလေးတယောက်ရဲ့ ဖတ်စာ
​ပြည်ဖျက်ဖောက်ခွဲရေးသမားအဖြစ် ယိုးစွဲ
အမှန်တရားအတွက် ရဲရင့်နေတဲ့မျက်နှာပေးဟာ
လိပ်ပြာမသန့်သူတွေအတွက် 
ချောက်ချားဖွယ်တစ္ဆေတကောင် ဖြစ်လို့နေလေရဲ့
လူငယ်တောင်ကုန်းတခုပါ
 အကြမ်းထည်ဖျင်သားအင်္ကျီမလေးရဲ့
အမည်နာမကို အသားတံဆိပ်ခပ်နှိပ်ပြီး
ပင်လယ်မိစ္ဆာဆီ ခရီးနှင်ခဲ့သူ
မီးနဲ့ဖြစ်ဖြစ်
အသက်နဲ့ဖြစ်ဖြစ်
တိုင်းကားပြည်ရွာ တည်ဆောက်ဖို့
ပြန့်ကားနေတဲ့ အအိပ်ကြီးတဲ့တောင်ကုန်းတွေ
နိုးထလာကြလို့
နတ်ဘုရားတွေတောင်
မတားဆီးနိုင်တော့တဲ့ မှော်ဝင်တပ်သားများအဖြစ်
အသွေးနဲ့အသားမှာ နွေဦးအလံစိုက်
မြစ်လို အလျားအတိုင်းစီးနင်းခဲ့ကြ
ပီတာစဘတ်က အကာကီးရဲ့ကုတ်အင်္ကျီလို
ငါတို့ ကုတ်အင်္ကျီ ငါတို့ပြန်ပေးဖို့
နွေဦးသမိုင်းရေးကြ
ပြန့်ကျဲနေတဲ့တောင်ကုန်းတောင်တန်းများဟာ
ကြယ်သေတွေရဲ့ လှေကားထစ်များအတိုင်း 
သွေး၏ခြေရာအတိုင်း
လွတ်မြောက်ရာလမ်းမှာ
လိပ်ပြာတောင်ကုန်း ရှုမျှော်ခင်းတခု
တည်ဆောက်ခဲ့ကြပုံ။ ။

နေသွင်နိုင်း
၉-၅-၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar