Breaking News

အန်နိုလာ - သတင်းဓာတ်ပုံ

သတင်းဓာတ်ပုံ
အန်နိုလာ
(မိုးမခ) မေ ၂၇၊ ၂၀၂၂

ကြည့်လိုက်တာနဲ့
အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့
ပျော်ရွှင်စရာတွေကို 
ဝမ်းနည်းဖွယ် သင်မြင်တွေ့နိုင်မှာပါ။

ညမီးရောင်အောက်က လှုပ်လှုပ်ရွရွ
လူ့ကပွဲကြီးတွေကလည်း 
လွမ်းစရာ ဇာတ်ဝင်ခန်းတခု ရပ်တန့်သွားသလို
ငြိမ်သက် သက်ဝင်လို့။

တစပြင်လို ခြောက်ကပ်နေတဲ့
ကျောင်းတော်ကြီးတွေရဲ့ အက်အက်ကွဲကွဲ
ငိုညည်းသံတွေဟာ 
တိုးတိတ် တိတ်ဆိတ်လွန်းပေမယ့်
ကြားတတ်သူတွေရဲ့ ရင်မှာ
တလှိုင်းပြီးတလှိုင်း လာလာရိုက်ခက်လို့။

တိမ်တွေလည်း
ယမ်းခိုးမွှန်လို့ မျက်ရည်တွေဝဲရတယ်
အိမ်တွေလည်း
အလွမ်းခိုးမွှန်လို့ မျက်ရည်တွေဝဲရတယ်။

သေခြင်းကိုခိုစီးပြီး သက်တံ့တွေဆီ
ထွက်သွားတဲ့ သူငယ်ချင်းရေ...
ပြုံးနေတဲ့ပုံတွေကိုကြည့်ပြီး
မျက်ရည်ကျရတဲ့ မဟာလူသားတွေ
ကမ္ဘာကြီးမှာ တကယ်ရှိခဲ့ပါတယ်ကွာ။

နံရံတွေမှာ...
သေပြီးသားလူတွေရဲ့ မျှော်လင့်ချက်တွေ
ပြီးတော့...
သေတော့မယ့်လူတွေရဲ့ အနာဂတ်တွေ။

March 25 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar