Breaking News

မိုးမြင့်ယံ - အချစ်ရဆုံးသော တူ တူမ များထံသို့ ပေးစာ

အချစ်ရဆုံးသော တူ တူမ များထံသို့ ပေးစာ 
မိုးမြင့်ယံ
(မိုးမခ) မေ ၂၇၊ ၂၀၂၂

ပါပါးချစ်ရတဲ့ တူ တူမလေးတွေရေ ... မကြာမီဆို ကျောင်းတွေ ပြန်ဖွင့်တော့မယ်တဲ့။ တကယ်ဆို ဒီအချိန်ဟာ ပါပါးရဲ့ တူ တူမလေးတွေဟာ အဖြူအစိမ်းလေးနဲ့ မိုးစက်မိုးမှုန်လေးတွေတဖွဲဖွဲအောက်မှာ စာသင်ခန်းထဲကို ပျော်ရွှင်စွာ ရောက်နေရမဲ့ အချိန်ကာလတခုပေါ့။
ခုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ပါပါးတို့ ပြည်သူလူထုတရပ်လုံး ကြိမ်မီးအုံးသလို လူမဆန်တဲ့ အန္ဓမိစ္ဆာတစုရဲ့ တကိုယ်စာကောင်းစားရေးဆိုတဲ့ အတ္တထူထူကြီးတွေ လွှမ်းခြုံပြီး ပြည်သူလူထုရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာကို ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့တာ ဒီနေ့ 24 . MAY . 2021 ဆိုရင် ရက်ပေါင်း 113 တစ်ရာတစ်ဆယ့်သုံးရက်တိတိရှိခဲ့ပြီ ။

ဒီရက်တွေအတွင်းမှာ မတရားသတ်ဖြတ်ခံရသူတွေ ဖမ်းဆီးချုပ်နှောင်ခံရသူတွေနဲ့ ပြည်သူတွေရဲ့ နေ့တွေညတွေဟာ လူမဆန်လွန်းတဲ့အမိန့်အာဏာတွေအောက်မှာ ကျီးလန့်စာစား နာကျင်ကြေကွဲရမှု့တွေနဲ့သာ ဖြတ်သန်းလာခဲ့ရတာဟာ ဘယ်လောက်များယူကြုံးမရဖြစ်ရမလဲကွယ် ။
စစ်အာဏာရှင်ဆိုတဲ့ ဆင်းရဲတွင်းကမလွတ်မြောက်နိုင်တဲ့ ထိန်းချုပ်မှုတွေအောက်မှာ ပါပါးတို့နေ့ရက်တွေဟာ မှောင်နဲ့မည်းမည်း ကုန်ဆုံးခဲ့ရဖူးတယ်လေ။
အဲ့ဒီလိုအဖြစ်မျိုးနဲ့ စနစ်ဆိုးတွေအောက်မှာ ပါပါးချစ်တဲ့ တူ တူမလေးတွေရဲ့ နေ့သစ်လေးတွေကို မဖြတ်သန်းစေချင်တာ ပါပါးရဲ့ တူ တူမလေးတွေအပေါ် ချစ်တဲ့စိတ်တခုပေါ့ ။
ခရမ်းချဥ်သီးလို မီးလုံးမှိန်မှိန်လေးတွေအောက်မှာ လူကြီးတွေရဲ့ ရေဒီယိုအသံလှိုင်းကို တိုးဖွဖွဖမ်းယူရင်း ခိုးနားထောင်ခဲ့ရတဲ့ဘဝတွေကို ပါပါး ငယ်ငယ် တူ တူမလေးတို့အရွယ်တုန်းက ကြုံခဲ့ရဖူးပြီးပြီလေ။
ကိုယ့်အိမ်ထဲမှာ ကိုယ်အိပ်နေတာတောင်မှာ ဘုရားခန်းထိ ဖိနပ်ကြီးတွေနဲ့တက်လာပြီး အပျိုမရှောင် အအိုမရှောင် ခြင်ထောင်လှမ်းပြီး ဧည့်စာရင်းစစ်တာပါဆိုတဲ့ဘဝ ။

တူ တူမလေးတွေရဲ့ ခေတ်မှာတော့ လုံလုံခြုံခြုံ အိပ်စက်ခွင့်ရစေချင်ပါရဲ့ကွယ် ။
ကလေးအတွေးနဲ့ပဲစဥ်းစားကြည့်ပါ တူ တူမလေးတို့ရယ် တူ တူမလေးတို့ကို အိမ်ကပေးလိုက်တဲ့မုန့်ဖိုးပိုက်ဆံလေးတွေကို တပါးသူက လုယက်ယူငင်သွားရင် ဘယ်လိုခံစားရမလဲဟင် ? ။
ကိုယ့်မှာရှိတဲ့အရာတွေတောင်မှ လွတ်လွတ်လပ်လပ် ပိုင်ဆိုင်ခွင့်မရှိရင် ခုရောက်ရှိနေတဲ့နေရာဆိုတာကရော နေပျော်ပါ့မလား တူ တူမလေးတို့ရယ် ။

မကြာမီဆို ကျောင်းသားတိုင် ကျောင်းအပ်နှံပြီး ကျောင်းတွေတက်ရတော့မယ်ဆိုပဲ တူ တူမလေးတို့ရေ ။
အတန်းပိုင်ဆရာမနဲ့အဆင်ပြေရင် အတန်းမတက်လည်း စာမေးပွဲဆိုတာ အောင်တဲ့ခေတ်ကို ပြန်ရောက်တော့မယ်လေ။ စာမေးပွဲဆိုတာကလည်း မဖြေတဲ့သူနဲ့ သေတဲ့သူသာ ကျရှုံးကျန်ခဲ့တဲ့စနစ်မျိုးပေါ့ကွယ် ။
ပါပါးတခုပြောပြမယ် တူ တူမလေးတို့ရေ  ပါပါးရဲ့ ဖေဖေက SEA MAN မေမေက ဆန်လုပ်ငန်းလုပ်တယ် ပါပါးတို့ မောင်နှစ်မတွေဟာ မပူမပင်မကြောင့်မကျနဲ့ ဘဝကိုဖြတ်သန်းလာခဲ့ရတယ်လိုဆိုမှာပေါ့ကွယ်။ ပါပါး ၈ တန်းနှစ်မှာ ပညာရေးကိုစိတ်မဝင်စားတော့လို့ ကျောင်းထွက်ပြီးလေလွင့်နေခဲ့တာ သုံးနှစ်ကွဲ့၊ နောက်တော့ တူ တူမလေးတို့အဖွားက စာမေးပွဲပြန်ဖြေခိုင်းလို့ အပြင်ကနေဝင်ဖြေခဲ့တယ် ပါပါးအောင်လာတယ် ။
ဒီလိုနဲ့ ပါပါးကိုးတန်းတက်တော့ အသက်က ၁၈ နှစ်ပိုက်ဆံပဲရှာမယ်ဆိုတဲ့အတွေးနဲ့ ပါးပါး ကျောင်းကိုတစ်လနှစ်လတက်ပြီး CDC - PASSPORT လုပ်ခဲ့တယ်။

ရည်ရွယ်ချက်က တူ တူမလေးတို့ရဲ့ ဖိုးဖိုးလို SEA MAN လုပ်မယ်ဆိုတဲ့စိတ်ကူးပေါ့ ဒါပေမဲ့ အသက်ကလည်း ငယ်လွန်းသေးတဲ့ ပါပါးအတွက် ကုသိုလ်ကံက ဒီနိုင်ငံရဲ့အပြင်ကို ပေးမထွက်ခဲ့ဘူးလေ၊ အဲ့ဒီနှစ်မှာပဲ သင်္ကြန်အပြီးမှာ ပါပါးကိုးတန်းကို အပြင်က ဝင်ဖြေဖြစ်တယ် တူ တူမလေးတို့ စဥ်းစားကြည့်လေ တစ်လနှစ်လပဲကျောင်းတက်ခဲ့တဲ့ ပါပါးအဖြစ်ကို ဒါပေမဲ့ အောင်စာရင်းထွက်တော့ ပါပါးနာမည်ပါလာခဲ့တယ်ကွဲ့ ။
ပါပါးဆိုလိုချင်တဲ့အဓိပ္ပါယ်ကို တူ တူမလေးတို့ သဘောပေါက်မယ်ထင်ပါရဲ့ ။
ဒီလိုမိစ္ဆာတွေရဲ့လက်အောက်က ပညာရေးစနစ်ဆိုတာ တူ တူမလေးတို့ရဲ့အဖေက ဦးဘဖြစ်ပြီး အမေက ဒေါ်မြဖြစ်နေဦးမှာပဲလေ My teacher name is Daw Hla . ကနေ ပိုပြီးတက်လာမှာမှ မဟုတ်တာလေ ။
အဲ့တော့ နည်းပညာတွေထွန်းကားနေပြီးဖြစ်တဲ့ IT ခေတ်ကြီးမှာ တူ တူမလေးတို့သိချင်တာမှန်သမျှကို Secrth တချက်နှိပ်ရုံနဲ့ရနေတာကို ဒီ ကျွန် ပညာရေ စနစ်အောက်ကို ပါပါးချစ်တဲ့ တူ တူမလေးတွေ တိုးဝင်မှာမဟုတ်ဖူးဆိုတာ ပါပါးယုံကြည်ပါရစေကလေးတို့ရေ ။
စာလည်းရှည်သွားပြီ တူ တူမလေးတို့ရေ အမှောင်ကမ္ဘာရဲ့တဖက်မှာ လင်းလက်တောက်ပတဲ့အနာဂတ်တွေဟာ တူ တူမလေးတို့ကိုစောင့်ကြိုနေတယ်ဆိုတာကိုတော့ တူ တူမလေးတို့ရဲ့နှလုံးသားထဲမှာ ရဲဝံ့စွာယုံကြည်ထားလိုက်ပါလို့ပြောရင်း ပါပါးရဲ့စာကို အဆုံးသတ်လိုက်ပါတယ်။
ပါပါးချစ်တဲ့ တူ တူမလေးတွေနဲ့တကွ တတိုင်းပြည်လုံးမှာရှိတဲ့ ကလေးလေးတွေအားလုံး ကျွန်ပညာရေးစနစ်ကနေ လွတ်မြောက်နိုင်ကြပါစေလို့ ပါပါးက ဆန္ဒပြုလိုက်ပါတယ်ကလေးတို့ရယ် ။

                          ချစ်ခြင်းမေတ္တာများဖြင့်
                          တူ တူမလေးတို့ရဲ့ ပါပါး
                          မိုးမြင့်ယံ
                        2452021 ( 01 : 08 ) pm .
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar