Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၁ မြင်ကွင်း

(မိုးမခ) မေ ၁၂၊ ၂၀၂၂


သတ်ဖြတ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ထောင်ချမှု၊ ပိုင်ဆိုင်မှု သိမ်းယူမှုတွေက မထူးဆန်းတော့တဲ့ မြန်မာနိုင်ငံ 

စစ်အာဏာမသိမ်းမီ ကာလတွေတုန်းက ၂၀၁၁ က စလို့ ၂၀၁၉ လောက်ထိ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့မှာ စစ်ပွဲတွေေမှာ အရပ်သားသတ်ဖြတ်မှုတွေ၊ နေအိမ်မီးရှို့မှုတွေ၊ ကျေးရွာအလိုက် ဖျက်ဆီးခံရပြီး ရွှေ့ပြောင်းရတာတွေ၊ လက်နက်ကြီး ကျည်ကျလို့ အရပ်သားတွေ သေဆုံးရတာတွေ၊ လက်နက်ကိုင်တွေကို ကူညီလို့၊ ပါဝင်လို့၊ ဆက်သွယ်လို့ဆိုပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေ နဲ့ စွဲဆိုထောင်ချတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။  

အဲဒီဖြစ်ပွားမှုတွေက ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့မှာ အများစုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲလိုဖြစ်ပွားနေချိန်မှာ ကျန်ဒေသတွေမှာ တိုက်ပွဲမရှိဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတဲ့ကာလကို ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။ ထိုစဥ်က ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင် လက်နက်ကိုင်တွေကို အကြောင်းပြုပြီး  နှိမ်နှင်းတဲ့ ၂၀၁၆  ခုနှစ် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေ သိန်းနဲ့ချီတဲ့ အရပ်သားထွက်ပြေး တိမ်းရှောင်မှုတွေ၊ ထောင်သောင်းချီတဲ့ အရပ်သား သတ်ဖြတ်ခံရမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲခံထားရတဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အခြားသော ပြည်နယ်တွေ၊ တိုင်းတွေမှာတော့ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တိတိပပ မသိရှိခဲ့ကြသလို ရပ်တည်ချက်အားဖြင့်လည်း စစ်တပ်ဘက်က အများစုက ရပ်တည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။  

ထိုအချိန်က အရပ်သားအစိုးရ တာဝန်ယူထားတဲ့ အန်အယ်လ်ဒီအစိုးရသည်ပင်လျှင် အောက်ခြေက အဖြစ်အပျက်တွေကို သေသေချာချာ မသိကြောင်း စစ်တပ်က ပြောတာတွေကို အမှန်တကယ်လို့ ယုံကြည်မိခဲ့တယ်လို့ အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူနဲ့ အခုလက်ရှိ NUG  ဝန်ကြီးချုပ် တာဝန်ယူထားသူ မန်းဝင်းခိုင်သန်းက မီဒီယာ အင်တာဗျူးတခုတွင် ပြောဆိုခဲ့ပါတယ်။   

အဆိုပါ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ ဒေသတွေအတွက် မတရားမှုတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေ အတိုင်းအတာတခုထိ ရှိခဲ့ကြပေမယ့်လည်း လူများစုကတော့ ကိုယ်ချင်းမစာနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ စစ်တပ်နဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်တဲ့ NLD အစိုးရကိုယ်တိုင်ပင်လျှင် ၂၀၁၈-၁၉ ခုနှစ်တွေမှာ အပြင်းထန်ဆုံးဖြစ်ပွားတဲ့ AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ၊ ကျေးရွာမီးရှို့မှုတွေ၊ အရပ်သားတွေကို အေအေ တပ်ဖွဲ့ဝင်အဖြစ်၊ ကူညီသူအဖြစ် စွပ်စွဲသတ်ဖြတ်မှုတွေမှာ စစ်တပ်ဘက်က ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။  

အဲဒီအချိန်အခါက အထက်က ဖော်ပြတဲ့ဒေသတွေကလွဲရင် ကျန်တဲ့ ဒေသတွေမှာ သတ်ဖြတ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးထောင်ချတာ၊ ညှင်းပန်းနှိပ်စက်ရင်း သေဆုံးတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူတဲ့ ကိစ္စတွေက ဖြစ်ပွားတာ နည်းပါးတာကြောင့် ထူးခြားတဲ့ သတင်းတွေ ဖြစ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတွေမှာ သတ်ဖြတ်မှု၊ လက်နက်ကိုင် စစ်တပ်က ပစ္စည်းတွေ လုယူတာ၊ နေအိမ်တွေမီးရှို့တာ၊ ဥပဒေစိုးမိုးရေး ဆိုတဲ့အဖွဲ့အစည်းတွေ ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးသွားကြရတာတွေဟာ နေ့စဥ် လိုလို သတင်းတွေထဲပါရှိနေပြီး ကြာလာချိန်မှာ ဒါတွေဟာ ထူးခြားတဲ့ သတင်းတွေ မဟုတ်တော့သယောင် များပြားလာရာက နေ့စဥ် အဖြစ်အပျက်တွေလို ဖြစ်လာနေတာတွေ့ရပါတယ်။  

နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ လူသတ်မှု ၊ လုပ်ကြံသတ်ဖြတ်မှုတွေ နေ့စဥ်လိုလို ကျေးရွာတွေ နယ်မြို့တွေမှာ ဖြစ်ပျက်နေသလို ရန်ကုန်၊ မန္တလေး လိုမြို့တွေပေါ်မှာလည်း ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ သတင်းပေး၊ ဒလန်လို့ သံသယ ဖြစ်ခံရသူ တိုင်ကြားခံရသူ၊ စစ်ကောင်စီ ဒေါက်တိုင်လို့ သတ်မှတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး စတဲ့သူတွေ နေ့စဥ်နဲ့အမျှ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားနေပြီး ဒါတွေက ထူးဆန်းတဲ့ သတင်းတွေ မဟုတ်တော့သလို ဖြစ်လာပါတယ်။  

ပုဂ္ဂလိက သတင်းစာတွေမှာ အဲလိုသတင်းတွေဖော်ပြရာမှာ တရက်တာအတွင်း အသတ်ခံရတဲ့ အဖြစ်အပျက်တွေ စုစည်းပြီး အမည်နာမ၊ နေရာအတိအကျ ၊ ဖြစ်ပျက်ပုံတို့ကိုတောင် အသေးစိတ်ရေးသားဖော်ပြခြင်း မပြုနိုင်တော့ပဲ ဖြစ်ပျက်ရာမြို့၊ ရပ်ကွက် နဲ့ အသက်သေဆုံးမှု ရှိ၊ မရှိစသဖြင့် အကျဥ်းချုပ် ဖော်ပြကြတော့တာ တွေ့ရပါတယ်။  

စစ်ကောင်စီတပ်ကလည်း နေ့စဥ်နဲ့အမျှ ကျေးရွာတွေ၊ နယ်တွေမှာ PDF ရှိတယ်လို့ သံသယရှိတဲ့ရွာတွေကို မီးရှို့တာ၊ ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာ အသက်သေဆုံးသည်အထိ ရိုက်နှက်တာ သတ်ဖြတ်တာ၊ အလောင်းတွေ မီးရှို့ပြီး ဖျောက်ဖျက်တာတွေ လုပ်သလို လူနေအိမ်တွေက အဖိုးတန်တဲ့ပစ္စည်းတွေ ယူဆောင်တာ၊ ဆိုင်ကယ် ကားစတဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာတွေ လုပ်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေလည်း နေ့စဥ် ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေလို ဖြစ်လာပြီး လူဆယ်ယောက်နဲ့အထက် အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်မျိုးကလွဲရင် ကျန်တဲ့အဖြစ်အပျက်တွေက သတင်းထူးမဟုတ်တော့ပါဘူး။  

ဒီလို လူတဦးတယောက် အသက်ဆုံးရှုံးရတာ၊ သတ်ဖြတ်ခံရတာ၊ မြို့ပေါ်မှာတင် လုယက်မှု၊ ဓားပြတိုက်မှု၊ သတ်ဖြတ်မှု စတဲ့ရာဇဝတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိအောင် မလုပ်နိုင်တော့တာတွေကို ကြည့်ရင် တိုင်းပြည်ပျက်နေပြီဆိုတဲ့ အခြေအနေမျိုးလို့ နှိုင်းယှဥ်ပြောဆိုရမယ့် သဘော ဖြစ်လာပါတယ်။  

လုယက်မှု၊ သတ်ဖြတ်မှု၊ ဓားပြတိုက်မှု စတဲ့ ရာဇဝတ်မှုတွေက နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှု ပျက်ပြားမှုနဲ့ ယှဥ်တွဲပြီး ဖြစ်ပွားလာတာ၊ စီးပွားရေး ကျပ်တည်းမှုနဲ့လည်း ဆက်စပ်နေပေမယ့် လုယက်မှုတိုင်း၊ သတ်ဖြတ်မှုတိုင်းကတော့ စီးပွားရေးကျပ်တည်းမှုကြောင့်လို့ သတ္တုချလို့မရပါဘူး။ လျော့ရဲလာတဲ့ တရားဥပဒေ စိုးမိုးမှုအခြေအနေကို အခွင့်ကောင်းယူပြီး ကျူးလွန်ကြတာမျိုးလည်း ဖြစ်ပါတယ်။  

ဒီလိုအနေအထားမှာ လူထုရဲ့လုံခြုံမှု အကာအကွယ်ကို ဘယ်သူတွေ တာဝန်ယူကြမလဲ၊ လူမှုအသိုင်းအဝိုင်းက ဘယ်လို စုစည်းပြီး လုပ်ဆောင်ကြမလဲ ဆိုတာလည်း အဖြေရှာကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တိုင်းပြည်က ပျက်နေတဲ့ အခြေအနေအောက်မှာ အချင်းချင်း စုပေါင်းပြီး ကာကွယ်လို့ရနိုင်တဲ့ အခြေအနေ အခွင့်အလမ်းမျိုးကို စုပေါင်းအဖြေရှာကြရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar