ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်ထဲက ပြန်သိမ်းခံရတဲ့ ကောလင်းမြို့ နဲ့ သင်ခန်းစာ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်ထဲက ပြန်သိမ်းခံရတဲ့ ကောလင်းမြို့ နဲ့ သင်ခန်းစာ
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် သီတင်းတပတ်ကျော်အကြာ နိုဝင်ဘာ ၆ ရက်နေ့မှာ KIA ရဲ့ စစ်ရေး ဦးဆောင်မှုနဲ့အတူ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူခဲ့ပြီးနောက် ၃ လ ကျော်အကြာမှာ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ သီတင်း ၂ ပတ်ကျော်ကြာ ထိုးစစ်ဆင်ပြီး မကြာသေးခင် ရက်တွေအတွင်းက သိမ်းယူခဲ့ပါတယ်။ သိမ်းယူပြီးနောက် ရက်အနည်းငယ်အတွင်းမှာ ကောလင်းမြို့ ရဲ့ ရပ်ကွက်တွေ နေအိမ်တွေ မီးလောင်နေတာကို မြင်တွေ့ခဲ့ကြရပြီး ကေအိုင်အေရဲ့ အကူအညီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်တွေ ၃ လကြာ ထိန်းချုပ်ထားခဲ့တဲ့ ကောလင်းမြို့ဟာ ပြန်လက်လွှတ်လိုက်ရပြီး မြို့အနေနဲ့လည်း တမြို့လုံး ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က ပကဖတွေ ပထမဆုံး သိမ်းယူထိန်းချုပ်နိုင်ခဲ့တဲ့ မြို့၊ သိမ်းယူပြီးနောက် ၂ လ ဝန်းကျင်အကြာမှာ ပထမဆုံးသော နွေဦးဖွံ့ဖြိုးရေး ဘဏ်ခွဲကို ကောလင်းမြို့ မှာ ဖွင့်လှစ်မယ်လို့ ဒီဇင်ဘာလ အကုန်မှာ ကြေညာခဲ့တဲ့ အဖြစ်အပျက်၊ အမျိုးသားညီညွတ်ရေး အစိုးရက စာထုတ်ပြန်ပြီး အုပ်ချုပ်ရေးလည်ပတ်တဲ့ ပထမဆုံး သိမ်းယူနိုင်ခဲ့တဲ့မြို့ ဖြစ်တဲ့ ကောလင်းကို ၃ လ ဝန်းကျင်အကြာမှာ စစ်ကောင်စီက ခန့်မှန်းခြေ အင်အား ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်ပြီး သီတင်း ၂ ပတ်နီးပါးအကြာမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က ပကဖတပ်တွေ လက်လွှတ်လိုက်ရတဲ့ အဖြစ်အပျက်က ဘာတွေ သင်ခန်းစာ ယူစရာရှိမလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ပထမဦးဆုံးသော ခရိုင်အဆင့် မြို့တမြို့ ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ကောလင်းမြို့နဲ့ ထိစပ်နေတဲ့ ပတ်ဝန်းကျင်နယ်မြေတွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိမနေတာ တွေ့ရမှာပါ။ အနောက်မြောက်ဘက်မှာ ဝန်းသိုမြို့၊ တောင်ဘက်မှာ ကန့်ဘလူမြို့ စတဲ့မြို့တွေက စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်ပြီး ကန့်ဘလူမြို့တဝိုက်မှာလည်း စစ်ကောင်စီကို ထောက်ခံတဲ့ ပြည်သူ့စစ်တွေဖွဲ့စည်းထားတဲ့ ကျေးရွာတွေ ရှိနေကြတာဖြစ်ပြီး ကောလင်းက ထီးထီးသဖွယ် ဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။ နိုဝင်ဘာလ၊ ဒီဇင်ဘာလတွေတွေမှာတော့ စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်တခွင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးတွေ အရှိန်ပြင်းထန်နေခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က အသိမ်းခံရတဲ့ ကောလင်းကို ပြန်မလှည့်နိုင်သေးတဲ့ အနေအထားဖြစ်ပြီး ဇန်နဝါရီလဆန်း မြောက်ပိုင်း ညီနောင် ၃ ဖွဲ့နဲ့ ယာယီအပစ်ရပ်စာချုပ် ချုပ်ပြီးနောက်မှာတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသက လက်လွှတ်ဆုံးရှုံးထားတဲ့ ကောလင်းကို ပြန်လည်သိမ်းယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်က ရှမ်းမြောက် တခွင်မှာ ဆုံးရှုံးထားတဲ့ နယ်မြေ၊ ထောင်နဲ့ချီ လက်နက်ချခဲ့ရလို့ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စိတ်ဓါတ်ကို ကောလင်းလိုမြို့ကို ပြန်လည်သိမ်းယူခြင်းအားဖြင့် အဖတ်ဆယ်ဖို့ ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပြီး ရှမ်းမြောက်တခွင်မှာ ဆုံးရှုံးထားမှုတွေ ကို ကောလင်းမြို့ ပြန်လည်သိမ်းယူပြခြင်းအားဖြင့် အတိုင်းအတာတခုထိ စွမ်းဆောင်နိုင်သေးကြောင်း ပြသလိုတာ ဖြစ်ပါတယ်။ ဒီလိုရလဒ် ရဖို့အတွက် စစ်ကောင်စီအနေနဲ့ ၄င်းရဲ့တပ်တွေကို အင်အား ရာဂဏန်းအထိ အဆုံးရှုံးခံပြီး တိုက်ခိုက်သိမ်းယူဖို့ ဖိအားပေး စေခိုင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မြို့ကိုသိမ်းယူပြီးချိန်မှာတော့ မြို့နေလူထုရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စိတ်မဝင်စားတဲ့ စစ်ကောင်စီတပ်တွေက မြို့သိမ်းတိုက်ပွဲတွေဖြစ်လာရင် အကျိုးဆက်အနေနဲ့ မြို့တမြို့လုံး မီးလောင်ပျက်စီးရတယ်ဆိုတဲ့ သတင်းစကားကို ရစေချင်တာကြောင့် မြို့ရဲ့ ရပ်ကွက်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်မျိုးကို စစ်ကောင်စီတပ်တွေက လွန်ခဲ့တဲ့ ၃ နှစ်နီးပါး ကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၃ လတာ စစ်ကောင်စီ ထိန်းချုပ်မှုလက်အောက်က လွတ်မြောက်အပြီး စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူအပြီးမှာတော့ မြို့အနေနဲ့ နေထိုင် အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ခက်ခဲတဲ့အခြေအနေ နေထိုင်စရာ လူနေအိမ်တွေ ရပ်ကွက်တွေ၊ အများနဲ့ သက်ဆိုင်တဲ့ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အဆောက်အဦတွေ အားလုံးနီးပါး ပျက်စီးဆုံးရှုံးကုန်ပြီး မြို့ခံအများအပြားလည်း အခြားဒေသတွေမှာ ခိုလှုံနေထိုင်နေကြရတဲ့ အနေအထားရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေ အဖြစ်တိုက်ခိုက်သိမ်းယူနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နဲ့ ပဲခူးတိုင်းရဲ့ ဒေသအချို့တို့လို နေရာမျိုးမှာ စစ်ရေးလှုပ်ရှားမှု အခြေတည် ရမယ့် အနေအထားဖြစ်ပါတယ်။ ယမန်နှစ်ကုန်ပိုင်းက သိမ်းယူနိုင်ခဲ့ပြီး ၃ လခန့်အကြာမှာ လက်လွှတ်လိုက်ရတဲ့ ကောလင်းမြို့ဟာ အဲလိုနယ်မြေတွေက နေရာတနေရာဖြစ်ပြီး ခရိုင်အဆင့် ရုံးစိုက်တဲ့မြို့တမြို့ကို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရက်အနည်းငယ်အတွင်း သိမ်းယူနိုင်ခဲ့တာဟာ စစ်ရေးအရနဲ့ စည်းရုံးရေးအရ ပြသဖို့ ကောင်းတဲ့ သာဓက တခုဖြစ်ခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ တဖက်မှာတော့ နယ်မြေအနေအထားအရ စစ်ရေးအရပြန်လည် ထိုးစစ်ဆင်လာရင် ဝိုင်းပတ်ထိုးစစ် ဆင်တာခံရမယ့် နယ်မြေအနေအထားဖြစ်နေတာ၊ ကောလင်းကို သိမ်းယူပြီးနောက် ပတ်ဝန်းကျင်က မြို့တွေဒေသတွေကို ဆက်လက်ထိန်းချုပ်နိုင်ခြင်းမရှိတာတွေက စစ်ရေးရှုထောင့်က သုံးသပ်ကြည့်ရင် အားနည်းချက်တွေ ဖြစ်နေတာ အမှန်ပဲဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်နယ်မြေတွေမှာ နောင်ချို၊ မန္တလေးတိုင်းအစပ်စတဲ့ ဒေသတွေမှာ ခုခံတိုက်ခိုက်နေရတဲ့ အနေအထားက အနားရချိန်မှာ ဆုံးရှုံးထားတဲ့ ကောလင်းကို ပြန်လည်ရယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တို့မှာ မြို့တွေ နယ်မြေတွေ၊ ဗျူဟာကုန်းတွေ တပ်ရင်းတွေ အများအပြား လက်လွှတ်ဆုံးရှုံးနေတာကို ပြန်လည်အဖတ်ဆယ်ဖို့အတွက် အခုလို စစ်ကိုင်းတိုင်းလို မြေပြန့်ဒေသက မြို့ကို ပြန်လည်သိမ်းယူတဲ့ သဘောလို့လည်း ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ မြို့တွေကို မီးရှို့ဖျက်ဆီးတာက မြို့သိမ်းတိုက်ပွဲတွေကို မြို့ခံလူထုအနေနဲ့ ထောက်ခံအားပေးခြင်း မပြုအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေအနေနဲ့ မြို့တွေကို သိမ်းယူဖို့ တိုက်ခိုက်လာတဲ့အခါ မြို့ခံတွေအနေနဲ့ ထောက်ခံအားပေးခြင်း မပြုအောင် ဒီလို သတင်းစကားကို တဖက်လှည့်နဲ့ စစ်ကောင်စီက ပေးချင်တာလို့ ကောက်ချက်ချရမှာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေဘက်က ဒီအချက်ကို ဘယ်လို ရှင်းလင်းပြောဆိုမလဲ၊ သို့မဟုတ် မြို့သိမ်းခြင်းနဲ့ မြို့အပါအဝင် ဆက်စပ် နယ်မြေထိန်းချုပ် ထားနိုင်ခြင်းတွေအထိ ထည့်သွင်းစဥ်းစားပြီး ဗျူဟာချမှတ်ကြဖို့ လို မလို ဆိုတာတွေက အရေးကြီးတဲ့ ဆုံးဖြတ်စရာ အချက်တွေ ဖြစ်လာနေတာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar