Breaking News

မ လ ရ - ဘဝဇာတ်၊ သမိုင်းဇာတ်နှင့် ဇာတ်ညွှန်း မပါရှိသော …

ဘဝဇာတ်၊ သမိုင်းဇာတ်နှင့် ဇာတ်ညွှန်း မပါရှိသော …
မ လ ရ
(မိုးမခ) မေ ၁၃၊ ၂၀၂၂

ဇာတ်ညွှန်းကို ဘယ်ဘုရားမှ မရေးဘူးလို့ ဆိုတယ်
ရိုက်ညွှန်းကိုလည်း ဘယ်မယားကမှ ထည့်မပေးပါဘူး။ မဟန်မှသာ
နန်းဥကင်ထိပ်ဖျား ထဘီပတ်သွားတဲ့ မယ်နုကို ရေချ ထိုးနှစ်တော့တာ
သူ့ကြွေးရှိရင် ဆပ်ရမယ်ဆိုတာကတော့ သမိုင်းဝင် ဇာတ်ဒိုင်ယာလော့ ဖြစ်ခဲ့
ပလ္လင်က မဆင်းချင်ပေတဲ့ ဘုရင်ဖျင်းရင်တော့ ပြည်ညှင်းခံရတော့တာပါပဲ
ပဒေသရာဇ်တွေ ခေတ်သုဉ်းခဲ့ပေမဲ့ ကမ္ဘာတစ်ခွင်မှာ အာဏာရှင်တွေ သွေးမဆုံးနိုင်သေးဘူး
ဒီနွေဦးမှာ ငါတို့ဇာတ်ညွှန်းကို ငါတို့ ရေးမှ ရမယ်
ဘဝဇာတ်လို့လည်း ဆိုကြတော့ ဇာတ်ကနေတာလား ဘဝရနေတာလား
ဖြတ်မထားနိုင်ရင် မှတ်သားစရာတွေချည်း တပွေ့တပိုက်ပိုက် လုပ်နေကြရ
ခင်ဗျားတို့ ပိုက်ထားတာ သင်ခန်းစာတွေလား အမှိုက်တွေလားလို့ အမေးခံရတဲ့အခါ စိတ်မရှိကြပါနဲ့
ဘဝရဲ့ ပုစ္ဆာ နိုင်ငံရဲ့ ပုစ္ဆာ ဆိုတာ မသိကိန်းတွေက များလှချည့်။ အာစရိယောဝါဒ ပုံသေနည်း
အသေတွေ ကိုင်ထားရင် လူရိုသေ ရှင်ရိုသေမျှ၊ အလုပ်ဖြစ်လှတာတော့လည်း မဟုတ်
စေတနာဟာ ကံဆိုတာကတော့ အမှန်ပဲ ခင်ဗျားအသံဟာ ခင်ဗျားရဲ့မှန်ပါပဲ
မှန်ထဲက ခင်ဗျားရဲ့ ချိုတွေနဲ့ ခင်ဗျားရဲ့ နွားလပို့ကို လူထုက မြင်ချင် မြင်သွားမှာ
လူထုဟာ ဘယ်ခါမှ မမှားဘူး တဲ့
လူထုက မှန်ဖို့ဆိုတာကတော့ နွေဦးရဲ့အလံ အောင်ပွဲတိုင် မလဲစတမ်းလွင့်ပျံနေမှ
ဇာတ်ရုပ်တွေက မှန်နေရင် ဇာတ်ယုတ်လည်း မလှန်နိုင်ပါဘူး။

၂၀၂၂ မေ ၁၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar