Breaking News

ငြိမ်း (ပဲခူး) - ဝဲကျော်

ငြိမ်း (ပဲခူး) - ဝဲကျော်
(မိုးမခ) မေ ၁၂၊ ၂၀၂၂

နံနက်ခင်း ကျွန်တော်ဆိုင်ဖွင့်ဖို့ ကွမ်းယာလှည်းလေးတွန်းလာရင်း လမ်းထိပ်ရောက်ပြီဆို ဝဲကျော်နဲ့ တန်းတိုးတာပဲ။ အဲ့ဒီအခါ ဝဲကျော်က အမြီးလေးရမ်းပြီး ကွမ်းယာလှည်းလေး ဘေးနားကနေ ကျွန်တော်ဆိုင်ဖွင့်မယ့်နေရာထိ လိုက်လာတယ်။ ရောက်တဲ့အခါ ကျွန်တော်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့အချိန် ဝဲကျော်က ကျွန်တော့်ကို လျှာလေးတစ်လစ်နဲ့ ကြည့်နေတယ်။ အဓိပ္ပါယ်ကတော့ သူဆာနေပြီပေါ့။ တခါတလေကျရင် ဝဲကျော်က ကျွန်တော်ဆိုင်ဖွင့်မယ့်နေရာမှာ အိပ်ပြီးစောင့်နေတဲ့အခါလည်း ရှိသေးတယ်။ အဲ့ဒီအခါ ဆိုင်ဖွင့်မယ့်နေရာ ကျွန်တော်ရောက်လို့ ကွမ်းယာလှည်းလေးကို နေရာချရတော့မယ်ဆို ဝဲကျော်ကို မောင်းရတာကတလုပ်။ ကျွန်တော့်မှာ ဝဲကျော်ကို တော်တော်မောင်းယူရတယ်။ ဝဲကျော်က ပေကပ်ကပ်လုပ်နေတာတော့ မဟုတ်ဘူး။ ဝဲကျော်က နားလေးနေတာ။

ဘယ်အချိန်ပဲကြည့်ကြည့် ဝဲ​ကျော်ဟာ တဗျင်းဗျင်းနဲ့ သူ့ကိုယ်ပေါ်က ဝဲတွေကို ကုပ်နေတာပဲ။ ဝဲ​ကျော်ကို ဝဲထူနေလို့ ပတ်ဝန်းကျင်က လူတွေဟာ ဝဲ​ကျော်လို့ နာမည်ပေးလိုက်တာဖြစ်မယ်။ ဝဲကျော်က လမ်းဘေးခွေးတစ်ကောင်ပါ။ ဘယ်မိသားစုကနေ ဘယ်လို ဝဲ​ကျော် ပေါက်ဖွားလာတယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဝဲ​ကျော်က လမ်းလျှောက်ရင် ခရော်နီ ခရော်နဲ့ နဲ့။ ကျန်းမာရေးလည်း သိပ်မကောင်းရှာဘူး။  ဒီကြားထဲ ကလေးတွေက မွေးလိုက်တာ တသားပြီးတသား။ ကျန်းမာရေး မကောင်းပေလို့ပဲ။ ကောင်းများကောင်းရင် ဘယ်လောက်တောင် မွေးအုံးမလဲ မသိဘူး။

နံနက်ခင်းတခုမှာ ကျွန်တော် ကွမ်းယာလှည်းလေးတွန်းရင်း လမ်းထိပ်ရောက်တော့ ဝဲ​ကျော် လှုပ်တုတ် လှုပ်တုတ်နဲ့ ကျွန်တော့နောက်ပြေးလိုက်လာတယ်။ ပြေးလိုက်လာတာက ကိစ္စမရှိဘူး။ ဝဲ​ကျော်နောက်မှာ တို့လို့တွဲလောင်းနဲ့ သူ့ကလေးတွေပါလာတာပဲ။ အဲ့ဒီအခါ ကျွန်တော့်မှာ ကွမ်းယာလှည်းကို ကားလမ်းမဘေး ခဏရပ်ပြီး ဝဲ​ကျော်ရဲ့ကလေးတွေကို ကားလမ်း မတဖက်ခြမ်းဆီ ပြန်မောင်းထုတ်ရတယ်။ အဲ့ဒီအချိန် ဝဲ​ကျော်က သူ့ကလေးတွေကို လှည့်မကြည့်ဘဲ ကျွန်တော် ဆိုင်ဖွင့်မယ့်နေရာကို လှုပ်တုတ်လှုပ်တုတ်နဲ့ လစ်တော့တာပဲ။

တခါတခါဆို ဝဲ​ကျော်က သူ့ကလေးတွေကို ကားလမ်းမ အလယ်ခေါင်မှာ နို့တိုက်နေတဲ့အခါလည်း ရှိသေးတယ်။ နံနက်ခင်းဆိုတော့ ယာဥ်အသွားအလာနည်းပေမယ့်လည်း ဝဲ​ကျော်တို့သားအမိတွေကို တိုက်မိမှာစိုးလို့ ကျွန်တော့်မှာ ကွမ်းယာလှည်းလေးကိုရပ်ပြီး မောင်းရတာ အမော။ တကယ့်ကိုမလွယ်တဲ့ ဝဲကျော်။ ဝဲကျော်က တသားပြီး တသားကျနေတော့ ဝဲကျော်ယောကျ်ားက ဘယ်သူမှန်း ကျွန်တော်မသိဘူး။ ပတ်ဝန်းကျင်ကလူတွေကို မေးကြည့်တော့ ကျွန်တော့်ကို ဝိုင်းရယ်နေကြတယ်။ ကျွန်တော်က ဘာရယ်တော့မဟုတ်ဘူး။ ခွေးချစ်တတ်သူတစ်ယောက်ဆိုတော့ စိတ်ဝင်စားလို့မေးကြည့်တာ။

ဝဲ​ကျော်ပုံစံက ပိန်ပိန် ခါးခုံးခုံးနဲ့ အမွှေးတွေကလည်း ပြောင်လုနီးပါး ဖြစ်နေပြီ။ အများအမြင်မှာ ဝဲကျော်ပုံစံကိုကြည့်ပြီး ရူးနေတဲ့ ခွေးတစ်ကောင်လို့ ထင်ကောင်ထင်နိုင်ပေမယ့် ဝဲကျော်က လိမ်မာတဲ့ ခွေးတစ်ကောင်ပါ။ ကျွန်တော်က ဝဲကျော်လို့ (နားလေးနေလို့) နှစ်ခါသုံးခါလောက်ခေါ်လိုက်ရင် ကျွန်တော်ရှိတဲ့နေရာဆီ လှုပ်တုတ်လှုပ်တုတ်နဲ့ ပြေးလာတာပဲ။ ဝဲကျော်က သူ့နာမည်ကို သူသိတယ်။ နံနက်ခင်း ကျွန်တော်နဲ့ မကြီးဂျူတီချိန်းလို့ အိမ်ပြန်ပြီး ရေချိုး နံနက်စာ စားပြီးပြန်လာလို့ ဝဲကျော်ကို မတွေ့ရင် "ဝဲကျော်ရေ ဝဲကျော်ရေ" လို့ ခေါ်လိုက်ရင် ကျွန်တော့်ဆီ တန်း ပြေးလာတာ။ "ဘာမှမဟုတ်ဘူး။ နင့်ကိုမတွေလို့" လို့ ​ပြောပြီး ပြန်မောင်းထုတ်ရတယ်။

ပြီးတော့ ကျွန်တော်တို့ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်တဲ့လူ လာပြီဆိုရင် ဝဲကျော်က အဲ့ဒီလူနား လှုပ်တုတ် လှုပ်တုတ်နဲ့ ပြေးကပ်တာပဲ။ အမှန်တော့ ဝဲကျော်က ဆာနေတော့ သူ့ကို မုန့်ကျွေးမလားဆိုပြီး ပြေးကပ်တာ။ အဲ့ဒါကြောင့် ဝဲကျော်ကို မသိတဲ့လူဆိုရင် ရိုက်မိမှာတို့၊ ကြောက်သွားမှာတို့ဖြစ်သွားမှာစိုးလို့ "ဝဲကျော်က ခွေးကောင်းပါ။ သားကျထားလို့ နို့အမြဲတမ်းတိုက်နေရတော့ သူ့ခမျာ ဆာနေလို့ပါ" ဆိုပြီး ကျွန်တော့်မှာ ဝဲကျော်ဘက်ကနေ ပြောပြောပေးနေရတယ်။ အဲ့ဒီအခါကျမှ ဝဲကျော်ကို ကွမ်းယာလာဝယ်တဲ့ လူတိုင်းလိုလိုက ပေါင်မုန့် ဝယ်ကျွေးသွားကြတယ်။ ပေါင်မုန့်က ယိုမပါဘူး။ လက်ဖက်ရည်တို့ ကော် ဖီတို့နဲ့ တို့စားမယ့် လူတွေအတွက် ဝယ်ထားတာ။ အခုကျတော့ ဝဲကျော်အတွက် ချည်း ဖြစ်နေတယ်။

ပြီးတဲ့အခါ ဝဲကျော်ကို ချစ်တဲ့ အမျိုးသမီးတစ်ယောက် ရှိသေးတယ်။ အဲ့ဒီအမျိုးသမီးက နံနက်ခင်းတိုင်းစျေးသွားတဲ့အခါ ကျွန်တော်တို့ ကွမ်းယာဆိုင်မှာ ကွမ်းယာ အမြဲဝယ်စားတယ်။ ကွမ်းယာဝယ်စားတဲ့ အခါတိုင်း ဝဲကျော်ကို ပေါင်မုန့်နှစ်ထုပ် ဝယ်ကျွေးတယ်။ အဲ့ဒါကြောင့် အဲ့ဒီအမျိုး သမီးလာပြီဆို ဝဲကျော်က လှုပ်တုတ် လှုပ်တုတ်နဲ့ ပြေးလာတော့တာပဲ။ မုန့်ကျွေးပါ များတော့ အဲ့ဒီအမျိုးသမီးဟာ ဝဲကျော်ရဲ့ အမေလိုတောင် ဖြစ်နေတယ်။ အဲ့ဒီအမျိုး သမီးက ဝဲကျော်ရဲ့ ကလေးတွေကို မတွေ့တဲ့အခါများဆို ဝဲကျော်ကို "ဝဲကျော် နင် အပျိုလုပ်နေတာပေါ့"လို့ ပြောတယ်။ အဲ့ဒီအခါ ဝဲကျော်ဟာ အမြီးလေးရမ်းလို့။ ကြားလိုက်ရတဲ့ ကျွန်တော်လည်း ဝဲကျော် ကို တကယ်ချစ်ခင်တဲ့လူ ရှိသေးပါလားဆို ပြီး ပီတိတွေဖြစ်လို့။

ဝဲကျော်က ရံဖန်ရံခါ ကျွန်တော်တို့ ကွမ်း ယာဆိုင်ဘက်ကို မလာဘူး။ ပျောက်နေတဲ့ ရက်တွေလည်း ရှိသေးတယ်။ ဝဲကျော် ဘယ်ကိုသဝေထိုးနေသလဲ မသိဘူး။ ကျွန်တော့်မှာ ဝဲကျော်နေမကောင်းလို့များလား။ ဒဏ်ရာတစ်ခုခု ရနေလို့များလား။ သူနေ တဲ့နေရာထိ ကျွန်တော့်မှာ လိုက်လိုက်ကြည့်ရတယ်။ ဝဲကျော်နေတဲ့နေရာက ကျွန် တော်တို့လမ်းထိပ်က အိမ်တစ်အိမ်ရဲ့ အိမ် ရှေ့ရေမြောင်းနားမှာနေတာ။ ကျွန်တော်သွားကြည့်ရင် ဝဲကျော်က သူ့ကလေးတွကို နို့တိုက်နေတာ။ အဲ့ဒီအခါ ကျွန်တော့်မှာ ဝဲကျော်လို့ အော်မခေါ်ရဲဘူး။ တော်ကြာ ကျွန်တော့်နောက် လိုက်လာလို့ ကလေးတွေ နို့ငတ်နေမှာ စိုးလို့။        
                
ပြီးတော့ ဝဲကျော်ကို နံနက်ခင်းတိုင်း အမြဲမုန့်ကျွေးနေကျ ဝဲကျော်အမေလာလို့ ဝဲကျော်ကို မတွေ့ရင် ဝဲကျော်အတွက် ပေါင်မုန့်နှစ်ထုပ်ဖိုး ကျွန်တော့်ကို ပိုက်ဆံပေးထားခဲ့ပြီး စျေးဘက်ကို ထွက်သွားတယ်။ ကျွန်တော် အံ့သြတာက ဝဲကျော်က သူ့ကို သူ့အမေ မုန့်ဖိုးပေးထားခဲ့တာကို သိနေတယ်။  ဘယ် လိုသိနေတာလဲဆိုတော့ ဝဲကျော်အမေ စျေးဘက်ထွက်သွားလို့ မိနစ်နှစ်ဆယ်လောက်နေရင် ဝဲကျော်က တနေရာရာကနေပြီး ကျွန်တော်တို့ ကွမ်းယာဆိုင်ဘက် လှုပ်တုတ်လှုပ်တုတ်နဲ့ ပြေးလာတယ်။ ရောက်တာနဲ့ ကျွန်တော် ကွမ်းယာထိုင်ယာတဲ့ထိုင်ခုံနားကပ်ပြီး အမြီးလေးရမ်းလိုက် ပြီး လျှာလေးတစ်လစ်နဲ့ ကြည့်နေတာ။ အဲ့ဒါကလည်း ဝဲကျော်အမေ ဝဲကျော်ကို မတွေ့လို့ ကျွန်တော့်ဆီ မုန့်ဖိုးပေးထားခဲ့တဲ့အခါတိုင်း ဖြစ်နေတာဆိုတော့ ကျွန်တော့်မှာ ဝဲကျော်ကို "ခွေးလည်" ပဲဆိုပြီးမှတ် ချက်ချမိတယ်။

ဝဲကျော်ဟာ ကျွန်တော် ဆိုင်ဖွင့်လို့ စျေးဦးတောင်မပေါက်သေးဘူး။ သူ့ကို မုန့်ကျွေးဖို့လည်း တောင်းတတ်သေးတယ်။ အဲ့ဒီအခါကျရင် ကျွန်တော်က "ဝဲကျော် စျေးဦးတောင် မပေါက်သေးဘူး။ ဘယ်လိုဒလက်ခတ်နေတာလဲ" လို့ ပြောလိုက်ရင် ကွမ်းယာလှည်းလေးဘေးနားမှာ ဝဲကျော်ဟာ ခွေခွေလေး အိပ်နေတတ်တယ်။ ဝဲကျော်အမေ မလာတဲ့ရက်တွေဆို ကျွန်တော့်မှာ သနားလို့ ဝဲကျော်ကို ပေါင်မုန့်တစ်ထုပ် ကျွေးရတယ်။ ရတဲ့အမြတ်လေး ပြောင်ပေါ့။ ပေါင်မုန့်က တစ်တွဲမှ တစ်ထုပ်ပဲ မြတ်တာ။

ဒီလိုနဲ့ ဝဲကျော်နဲ့ ကျွန်တော်နဲ့ ပတ်ဝန်းကျင် ကလူတွေနဲ့ ကစဥ့်ကလျားနေ့ရက်တွေထဲ ကြပ်တည်းစွာဖြတ်သန်းရင်း နံနက်ခင်း တစ်ခုအရောက်မှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ သဘောတရားကို လက်ခံရမယ့် အချိန်အခါ ဆိုက်ရောက်လာပါတယ်။ ကျွန်တော်ဟာ နံနက်ခင်းတိုင်း ကျွန်တော်တွန်းနေကျ ကွမ်းယာလှည်းလေးကို တွန်းရင်း လမ်းထိပ်ရောက်တော့ ကားလမ်းမတဖက်ခြမ်းကိုကူးဖို့ ဘယ်ညာကြည့်ပြီး လမ်းရှင်းတဲ့အခါ ကွမ်းယာလှည်းလေးကို တွန်းဖို့ အမှတ်တမဲ့ ကွမ်းယာလှည်းခေါင်း တည်ထားတဲ့ဘက်ကို ကြည့်လိုက်တော့ ဝဲကျော်က တုံးလုံးလေးလဲနေတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဝဲကျော်လို့ အော်ခေါ်လိုက်တယ်။ နားလေးတော့ တစ်ခါခေါ်တာ လောက်နဲ့ ကြားမှာ မဟုတ်လို့ နှစ်ခါ သုံးခါ ထပ်ခေါ်လိုက်တယ်။ ဝဲကျော် တုတ်တုတ်တောင် မလှုပ်တော့ဘူး။ အဲ့ဒါနဲ့ အနားသွားကြည့်တော့ ဝဲကျော်ခေါင်းအောက်နဲ့ ခေါင်းနားမှာ သွေးတွေ။ ပြီးတော့ ဝဲကျော်ကိုယ်ကထွက်နေတဲ့ ဘာမှန်းမသိတဲ့အရည်တွေ။ ဝဲကျော်က အသက်မဲ့နေပြီ။ ဝဲ ကျော်လမ်းကူးတဲ့အချိန် ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် တိုက်သွားတာ ဖြစ်မယ်။ နံနက်ခင်းဆိုတော့ ကားတွေ ဆိုင်ကယ်တွေက လမ်းရှင်းတယ်ဆိုပြီး အသကုန်မောင်းလာရင်းနဲ့ ဝဲကျော်ကို တိုက်မိသွားတာ ဖြစ်မယ်။ ဝဲကျော်ကို တိုက်သွားတဲ့ ကား၊ ဆိုင်ကယ် မောင်းတဲ့လူဟာ ဝဲကျော်မှာ ကလေးတွေရှိနေတာကို သိမှာမဟုတ်ဘူး။ ကျွန်တော့်စိတ်တွေ နောက်ကျိကျိဖြစ်သွားတယ်။ ဝဲကျော်အတွက်လည်း ကြေကွဲမိတယ်။ ကျွန်တော်ဟာ ဝဲကျော်ကို ရှောင်တွန်းပြီး ကွမ်းယာဆိုင်ဖွင့်မယ့်နေရာကို ဆက်တွန်းလာခဲ့တယ်။ ဆိုင်ဖွင့်ပြီး မကြီးနဲ့ ဂျူတီချိန်းတော့မှ ဝဲကျော်ကို သယ်ပြီး မြုပ်မယ်ပေါ့။ ဒါပေမယ့် အဲ့ဒီနားက ဝဲကျော်ကိုချစ်တဲ့ ဆိုင်ကယ်ကယ်ရီမောင်းသမား အကိုတစ်ယောက်က ဝဲကျော်ကို မြုပ်လိုက်တယ်။

ကျွန်တော် ဆိုင်ခင်းပြီး ကွမ်းယာ ယာနေတဲ့အချိန် ဝဲကျော်အမေရောက်လာတယ်။ သူမမေးခင် ကျွန်တော်ဆီးပြီးပြောလိုက်တယ်။ "ဝဲကျော် သေသွားပြီ" လို့။ ဝဲကျော်အမေ မျက်စိမျက်နှာပျက်သွားတယ်။ သူလည်း စိတ်မကောင်းဖြစ်သွားမှာဘဲ။ နောက်ပြီး ဝဲကျော်ကို မုန့်ကျွေးနေ ကျ ကွမ်းယာလာဝယ်စားတဲ့လူတွေကိုလည်း "ဝဲကျော်သေသွားပြီ" လို့ ကျွန်တော်ပြောလိုက်တယ်။ အဲ့ဒီလူတွေကတော့ အချိန်ကြာသွားရင် ဝဲကျော်ကို မေ့သွားကြမှာပါ။ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဝဲကျော်ကို ဘယ်လိုမှမမေ့နိုင်ဘူး။ အမြဲသတိရနေအုံးမှာ။ လျှာလေးတစ်လစ်နဲ့ အမြီးလေးရမ်းပြီး ကျွန်တော့်ကို ကြည့်နေတတ်တဲ့ ဝဲကျော်ရဲ့ ပုံရိပ်ကလေးကို။

ငြိမ်း (ပဲခူး)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar