Breaking News

ကိုကျော် (မြစ်ကြီးနား) - တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကျောင်းဆရာ စစ်မြေပြင်ထဲမှ စာသင်ကြားနေဆဲ

ကိုကျော် (မြစ်ကြီးနား) - တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကျောင်းဆရာ စစ်မြေပြင်ထဲမှ စာသင်ကြားနေဆဲ
(မိုးမခ) မေ ၈၊ ၂၀၂၂

ကတုတ်ကျင်းတစ်ခုမှာ စစ်ယူနီဖောင်း နဲ့ ရိုင်ဖယ်သေနတ်လွယ်ထားတဲ့ ယူကရိန်းကျောင်းဆရာတစ်ယောက်ရဲ့ဓာတ်ပုံက တွီတာ၊ ဖေ့ဘုတ် နဲ့ ရက်ဒစ် လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပြီး၊ အကြောင်းရင်းက သူဟာ ကျောင်းဆရာလည်းဖြစ် တိုင်းပြည်အတွက်လည်း ကာကွယ်ပေးနေတာကြောင့် မဟုတ်ဘဲ ကတုတ်ကျင်းထဲမှာ သူရဲ့ကျောင်းသားတွေကို အွန်လိုင်းမှ စာသင်ပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီကျောင်းဆရာက ယူကရိန်းတက္ကသိုလ် Uzhhorod National University မှ လူမှုရေးဗေဒဒေါက်တာဘွဲ့ရ ပါမောက္ခ Fedir Sandor ဖြစ်ပါတယ်။ ရုရှားတို့ စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ပထမရက် ကြာသပတေးနေ့မှာပဲ သူက ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့မှာ စာရင်းပေးသွင်းခဲ့ပြီး အခုချိန်မှာ နေရာအတိအကျ ဖော်ပြခြင်းမရှိတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ပါဝင်တိုက်ပွဲဝင်လျက် ရှိပါတယ်။

စစ်တိုက်ရင်း စာလည်းသင်ကြားနိုင်ဖို့ စာရင်းပေးသွင်းချိန်မှာပဲ သူ့တပ်ဖွဲ့ရဲ့တပ်ရင်းမှုး၊ တပ်ဖွဲ့ဝင်များတို့နဲ့ သဘောတူညီချက်ရယူခဲ့ပြီး အပတ်စဥ် တနင်္လာနဲ့အင်္ဂါနေ့ နံနက် ၈ နာရီမှာ ပုံမှန်စာသင်ကြားနိုင်ဖို့ ပါဝင်ခဲ့ပါတယ်။

"စစ်တပ်ထဲမှာ ရက်ပေါင်း ၇၀ ရှိပါပြီ၊ ဖေဖေါ်ဝါရီ ၂၄ ရက် နာရီပိုင်းနောက်မှာပဲ ကျနော်က စစ်တပ်ထဲမှာ စာရင်းပေးခဲ့တယ်။ ဒါပေမဲ့ ကျနော့်ကျောင်းသားတွေကို စာသင်ကြားပေးဖို့လည်း လက်မလျော့ခဲ့ပါဘူး။ ယနေ့ထိ တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး" လို့ ပြောပါတယ်။ 

သူရဲ့နေ့စဥ် အလုပ်တာဝန်များကို လိုအပ်သလို ပြောင်းလဲမှုလုပ်ရတယ်လို့ ပြောပါတယ်။ ခုခံတိုက်ခိုက်ရေးတာဝန်က ၂၄ နာရီဖြစ်ပေမဲ့ သူ့အတွက် တိုက်ခိုက်ရေးတာဝန် ၄ နာရီ၊ အနားယူချိန် ၄ နာရီနဲ့ ကျန်တဲ့အချိန်တွေမှာတော့ စာသင်ကြားမှု၊ နေထိုင်စာသောက်ရေးပြင်ဆင်မှု သို့မဟုတ် လုံခြုံရေးအတွက် ကတုတ်ကျင်းတူးတာဝန်ယူမှု စသဖြင့် ပါဝင်ပါတယ်။

အမြောက်ကျည်ဗုံးများ ပေါက်ကွဲသံတွေက လယ်ထွန်စက်တစ်စီးမောင်းသံလောက် သူ့အတွက် အနှောင့်အယှက်မဖြစ်ဘူးလို့ ဆိုပါတယ်။ "ပေါက်ကွဲသံတစ်ခုကြားရင် ကတုတ်ကျင်းမှာ ဝပ်လိုက်တယ်၊ ပြီးတော့ စာဆက်ပြီးသင်တယ်။ ကျနော်တို့က ပညာတတ်တိုင်းပြည်တစ်ခု အတွက် တိုက်ခိုက်နေတာဖြစ်ပါတယ်။ အကယ်၍ ကျနော်က စာမသင်ကြားဘူးဆိုရင် အပြစ်တစ်ခု ဖြစ်သွားလိမ့်မယ်" လို့ Sandor က ပြောခဲ့ပါတယ်။

ပါမောက္ခ Sandor ရဲ့ ရဲစွမ်းသတ္တိကို သူရဲ့မိတ်ဆွေများ၊ ယဉ်ကျေးမှုနဲ့သတင်းဌာနဝန်ကြီး Oleksandr Tkachenko စတဲ့ အနီးအဝေးမှ မိတ်ဆွေများက ချီးမွမ်းခဲ့ကြပါတယ်။

"အကယ်၍ ရုရှားတို့ကသာ ဒီလိုမျိုးကျောင်းဆရာများရှိခဲ့ရင် သူတို့က တိုးတက်ချမ်းသာတဲ့ ဒီမိုကရေစီတိုင်းပြည်တစ်ခုမှာ နေခဲ့ရလိမ့်မယ်။ပြီးတော့ အာဏာရှင်တစ်ယောက်က ဘယ်တော့မှ နျူကလီယားတိုင်းပြည်တစ်ခုကို ဦးဆောင်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ မဟုတ်ခဲ့ဘူး။ ယူကရိန်းက သေချာပေါက်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ပြည်သူပြည်သားတွေက 'အောင်မြင်မှု' ယုံကြည်ချက် အပြည့်အဝရှိကြလို့ ဖြစ်ပါတယ်" လို့ Oleksandr Tkachenko က ဖေ့ဘုတ်မှာ မှတ်ချက်ပေးခဲ့ကြောင်း။ 

(ကိုးကား။ ။ Newsweek - May 06, 2022 - Ukrainian Professor Turned Soldier Still Lectures Students From Battlefield)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar