Breaking News

နေသွင်ညိဏ်း - စိတ်ကူးကောင်းကောင်း ဖိနပ်တရံ

Image- Crd
စိတ်ကူးကောင်းကောင်း ဖိနပ်တရံ
နေသွင်ညိဏ်း
(မိုးမခ) မေ ၉၊ ၂၀၂၂

ဖိနပ်တရံရဲ့ အသုံးဝင်မှုကို ဘာနဲ့ တိုင်းတာလဲ။  ဖိနပ်ကိုစီးပြီးတက်ခဲ့တဲ့ ပွဲလမ်းတွေရဲ့ ထည်ဝါမှုလား။ ဒါမှမဟုတ် ဖိနပ်ကို စီးပြီး လျှောက်ခဲ့တဲ့ လမ်းခရီးရဲ့ အကွာအဝေးလား။ 

ဒီမောဆိုး ဈေးထဲက ၅ ထောင်နဲ့ ဝယ်ခဲ့တဲ့ဖိနပ်အကြောင်းပြောချင်တယ်။ ဖိနပ်နဲ့ ဖုန်းလိုင်းမမိသလို မိသလို အင်တာနက်လိုင်း မမိတဲ့နေရာမှာနေခဲ့တဲ့အချိန် တောင်ကုန်းပေါ် အတက်အဆင်းလုပ်တဲ့အခါ အလွန်အသုံး တည့်ခဲ့တယ်။ မိုးရွာတာနဲ့ ဗွက်ထတဲ့လမ်းကို ဖြတ်ပြီး ကယားခေါင်ရည်သွားသောက်တော့လည်း ဒီဖိနပ်က အဆင်ပြေတယ်။ မမျှော်လင့်ဘဲ မိုးထိအောင်လှေခါးထောင်တက်ရတဲ့ခရီးမှာ ဖိနပ်တရံရဲ့အသုံးဝင်မှုက အထွတ်အထိပ်ပါပဲ။ (ဒီအချိန် စူပါမားကက်တခုက ဈေးကြီးပေးဝယ်ထားတဲ့ဖိနပ်ကတော့ ကျောပိုးအိတ်ထဲအခန့်သား) 

ဒီလိုနဲ့ အချုပ်ခန်းတခုကနေ နောက်ခရီးတခုကိုဆက်ခါနီးမှာ အကြမ်းခံတဲ့ဖိနပ်က ရောက်လာသေးတယ်။ ရှေ့ခရီးက ဘာလဲမသိ။ ရှိသမျှဝန်တွေ လျော့ချပြီး အသက်နဲ့ အသိဉာဏ်ပဲ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆက်ရမယ်ခရီးမှာ သံယောဇဉ်ကြီးတဲ့ဖိနပ်ကို စိတ်မကောင်းစွာဘဲချန်ထားခဲ့တယ်။ 
တကယ်တော့ ဘဝမှာ ဒီလိုချန်ခဲ့တာတွေမနည်းတော့ပါဘူး။ ချန်ထားခဲ့တဲ့အကြောင်းတွေစဉ်းစားတော့ အရာဝထ္ထုတွေ လူတွေ အဖြစ်အပျက်တွေ သက္ကရာဇ်တွေ အချိန်ကာလ ခံစားမှုတွေ အများကြီးရှိတယ်ဆိုတာ သတိရမိလာတယ်။ တချို့ချန်ထားခဲ့ခြင်းတွေက ယာယီ၊ တချို့က အပြီးပိုင်။
၂၀၂၂ မှာ ကျနော် ချန်ထားခဲ့တဲ့အရာက နိုင်ငံတခုပါ။ တကယ်တော့ ဒီနိုင်ငံကို ကျနော်ဟာ အကြိမ်ပေါင်းများစွာချန်ထားခဲ့ဖူးတယ်။  ဒါပေမယ့် အပြီးတိုင်မဟုတ်ဘူး ပြန်လာမယ်ဆိုတဲ့ အသိဟာ ခိုင်မာတယ်။ အခု အသက် ၄၂ နှစ်မှာ ချန်ထားခဲ့ရတဲ့ နိုင်ငံဆီပြန်လာနိုင်မလား။

ညံ့တယ်ပဲပြောပြော ကျနော်သေချာမသိတဲ့အကြောင်းက ဒီလိုပဲရှိတယ်လေ။ ကျနော်ကိုယ်တိုင် စိုက်ထားတဲ့ ခြံထဲကငြုပ်ပင်မှာ အသီး မသီးတာ ဘာကြောင့်မှန်းကျနော် တကယ်မသိဘူး။ အမှောင်ထဲမှာ ကျနော်ရပ်နေတုန်းက ကျနော်နဲ့သိတဲ့ ခွေးကလေးနှစ်ကောင်က ကျနော့်ကို အဆောင်ဘက်အတင်းဆွဲတယ်။ သူတို့မှာ မမြင်အပ်တာတွေမြင်လို့လား ကျနော်မသိ။ နှင်းဆီပန်းထဲက ရနံ့အကြောင်း၊ လူငယ်တယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်း ကျနော် စဉ်းစားကြည့်တယ်။

လွန်ခဲ့တဲ့ ရက်က လူငယ်တွေ တယောက်ပြီးတယောက် ကျနော်နဲ့ အဆက်သွယ်ရကြတယ်။ သူတို့နဲ့ အဆက် ပြတ်နေတာကြာပြီလေ။ အရင်က ကျနော်တို့ စကားဝိုင်းဘေးမှာ အမြဲတိတ်တဆိတ်နေတတ်တဲ့ မျက်မှန်အဝိုင်း ဆံပင်ဘုတ်သိုက်နဲ့ လူငယ်က သူ့လက်ရှိတာဝန်တွေအကြောင်း ပြောပြတယ်။ ကျနော်တို့တော့ ငှက်ဖျားတောထဲမှာ၊ အကိုလည်း ကျန်းမာအောင်နေအုံး လို့ ဂရုတစိုက်မှာတယ်။  
ကျန်းမာရေးသိပ်မကောင်းပေမယ့် စိတ်ဓာတ်မာတဲ့ ညီမငယ်တယောက်ကလည်း အကိုရယ် အဖြစ်အပျက်က စွန့်စားခန်းဆန်တယ် နောက်မှ ပြောတော့မယ်တဲ့။ နိစ္စဓူဝအခက်အခဲတွေကို ထမင်းစားရေသောက်ပြောသွားတယ်။ ဒါသူတို့ရဲ့ ချစ်ခြင်းမေတ္တာပဲလေ။

လွန်ခဲ့တဲ့နှစ်နှစ်လောက်က 'လူတိုင်းမှာ ပြောစရာကိုယ်စီရှိတယ် ' ဆိုတဲ့ အင်္ဂလိပ်လိုစာတမ်းထိုးထားတဲ့ မြန်မာစာအုပ်တအုပ်ကို သဒ္ဒါမှားနေတယ်လို့ ကျနော်ဝေဖန်မိတယ်။ အဲ့စာအုပ်ရေးတဲ့ ကျနော့်မိတ်ဆွေ စာရေးဆရာလည်း မနှစ်ကဆုံးသွားတယ်။ သူ့မှာ ပြောစရာတွေ အများကြီး ကျန်သွားမယ်ထင်တယ်။ ဘာလို့ဆို သူက လူချင်းဆုံရင် စကားပြောလေ့မရှိဘဲ နားထောင်တာပဲ များတာကိုး။

တကယ်တော့ နားထောင်တာကလည်းအရည်အချင်းပဲလို့ကြားဖူးတယ်။ နယ်ဆင်မန်ဒဲလားရဲ့ အဖေဟာ အလွန်နားထောင်တဲ့ လူမျိုးစုခေါင်းဆောင်တဲ့။ အစည်းအဝေးတွေမှာ နောက်ဆုံးမှပြောတဲ့ခေါင်းဆောင်မျိုး။ မန်ဒဲလားဟာ နားထောင်တာကို သူ့အဖေဆီကရပြီး သူ့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို လေ့လာတာက ဘာသာရပ်တခုဖြစ်တယ်။ မန်ဒဲလားဟာ ဂန္ဒီပြီးရင် လေ့လာစရာအကောင်းဆုံးခေါင်းဆောင်ထင်ပါတယ်။ ဒါလည်း တနေရာက နားထောင်ရင်း သိခဲ့တာပါပဲ။ 

ဒီလိုပဲသိခဲ့တာတခုက ဂန္ဒီကြီးဟာလည်း သူ့ဖိနပ်တရံကို ရထားပေါ်ကနေ ပစ်ချခဲ့ဖူးတယ်။ အဲဒီဖိနပ်ဟာ ဘယ် လောက်တန်သလဲ။ သူ့ရဲ့ သမိုင်းဝင် ချီတက်ပွဲတွေမှာ စီးခဲ့တဲ့ဖိနပ်တရံဆို အလွန်နှမျောစရာပေါ့။ဒါပေမယ့် သူက ဒါတွေ စဉ်းစားမယ်မထင်။ စိတ်ကူးယဉ် ရုပ်ရှင်မှာဆို အဲ့ဒီဖိနပ်ကို အိမ်ခြေမဲ့တယောက်က ကောက်ရပြီး ဂန္ဒီဆီ တနေ့မှာ ပြန်သွားပို့မယ်။ ဘယ်လောက်လှလိမ့်မလဲ။ 

ခုတလော စိတ်ကူးယဉ် ရုပ်ရှင်တွေလည်း မကြည့်ဖြစ်တော့ဘူး။ လက်တွေ့ဘဝတွေက စိတ်ကူးယဉ်တွေထက် ပိုစိတ်ကူးကောင်းခဲ့ပြီးပြီပဲလေ။

နေသွင်ညိဏ်း
မေ ၇ / ၂၀၂၂
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar