Breaking News

လင်းလက်နွေဉီး - မိုးဦးဓာတ်ပုံ

လင်းလက်နွေဉီး - မိုးဦးဓာတ်ပုံ
(မိုးမခ) မေ ၁၀၊ ၂၀၂၂

မနက်စောစော ဆိုင်ဖွင့်ဖို့ ပြင်ရင်းဆင်ရင်း စက်ဘီးကို ဒေါက်ထောက်၊ ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်လိုက်ပါတယ်။ ထမင်းချိုင့်ပြင်နေတဲ့ အမျိုးသမီးက ဘာလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြတယ်။ ဖုန်းကင်မရာလေးနဲ့ တစ်ချက်ပြီး တစ်ချက် စိတ်တိုင်းကျ ရိုက်ပစ်လိုက်တယ်။ ဒီဖုန်းလေးရဲ့ ဂလာရီထဲမှာ မှတ်တမ်းဓာတ်ပုံတွေ အများကြီး။ တချို့က လုပ်ငန်းဝတ္တရားနဲ့ ပက်သက်တာတွေ၊ ဖော်ရှိုးတွေပေါ့ဗျာ။ အဲ… ဖော်ရှိုးက သက်သက်၊ ရီရယ် ဒေါ့ကူးမန့်က သက်သက်ပေါ့။ တစ်ခါတလေ လိမ်ရင်း လိမ်ရင်းနဲ့ ကိုယ့်ကိုကိုယ် ပါ ပြန်လိမ်မိတာမျိုးလည်း ရှိတတ်ပါတယ်။ တချို့က ကြည်နှူးစရာ ရှုခင်းလေးတွေ၊ မနက် မနက် ကလေးတွေနဲ့ လမ်းလျှောက်ထွက်တိုင်း ဒီဖုန်းလေးနဲ့ပဲ ရိုက်ထားတာပါ။ Sun rise တွေက ပိုများမှာပေါ့။ နေထွက် ဆည်းဆာနဲ့ နေဝင်ဆည်းဆာဟာ သိပ်မကွာလှဘူး ထင်တာပါပဲ။

တချို့တွေကတော့ ခရီးသွားမှတ်တမ်းဓာတ်ပုံလေးတွေပါ၊ ဘယ်နေ့က ဘယ်နေရာမှာ ဘာသွားလုပ် တယ် ဘယ်သူတွေနဲ့…။ ဓာတ်ပုံတစ်ပုံရိုက်လိုက်ရင် အားလုံးဖြေပြီးသားပဲ မဟုတ်လား။ ခေါက်ရိုးကျိုးနေတဲ့ ရုံးစာရွက် ဝါကျင့်ကျင့်ကြီးတွေနောက်မှာ စက္ကူနံ့သင်းသင်းလေးတွေ ရှူရှိုက်ခွင့်ရတယ်နော်။ Push System ကနေ Pull System ပြောင်းရမယ်ဆိုတဲ့ စကားသံတွေ လှိုင်လှိုင်ကြားခဲ့ရတယ်။ ကျွန်တော့်ဖေ့စ်ဘုတ်ဝေါပေါ် မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ၊ အထက်လူကြီးကလည်း Good/Good Job/ Very Nice/ Smart/ Fighting စတဲ့ ကွန့်မန့်တွေ ချက်ချင်း ချက်ချင်း ရေးလာ၊ ငရဲပြည်နဲ့ နတ်ပြည် တိုးလျှိုပေါက်ကြီး ဖြစ်ခဲ့ဖူးတယ်။ အရင်တုန်းက၊ အောက်ခြေဝန်ထမ်းတစ်ယောက်က တိုင်းဦးစီးမှူးအဆင့် ဒါရိုက်တာကြီးကို ဖုန်းဆက် ပိုင်ခွင့် ရှိလို့လား။ နေ့ညအချိန်မရွေး ဆက်ခွင့်ရှိတဲ့ ကာလ၊ ရွှေရောင်ကာလ ရှိခဲ့ဖူးတယ်နော်။

နောက်တော့ ဂလာရီထဲမှာ သတင်းဓာတ်ပုံလေးတွေ ရောက်လာတယ်။ တာဝန်ကျတဲ့မြို့နယ်မှာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ စီဒီအမ် ဝန်ထမ်းပေါင်းစုံရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွေ၊ ပြည်သူ လူထုရဲ့ အားပေးမှုတွေ။ တာဝန်ကျမြို့နယ်ကို ခွဲခွာခဲ့ရတော့၊ အဆင်ပြေရာ မြို့နယ်က လူထုနဲ့အတူ အာဏာ ရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ (အခုချိန်မှာတော့ ကိုယ့်လူတွေက ဗြောက်တွေနဲ့ ဖြစ်ကုန်ပြီ၊ ဂရုစိုက်ကြ နော်)။ ကပ်စားရတာ ကြာလာတော့ မျက်နှာပူလာတာပေါ့ဗျာ။ ဒီတော့ ရေကြည်မယ့်နေရာ လိုက်ရှာရပြန် တယ်။ ဒီနေရာလေးမှာ Low Profile လေးနဲ့ ဈေးရောင်းနေပါတယ်။ ဒီနယ်ရောက်စကတော့ ကီးဘုတ် ဖိုက်တာလိုလို လုပ်နေသေးတယ်။ သတင်းဓာတ်ပုံတွေ ရိုက်၊ လိုင်းပေါ်တင်၊ ဒေသခံတွေက သွေးမအေးဘူး ပေါ့။ ရိက္ခာထုပ်လေးတောင် တစ်ခါ ရလိုက်သေးတယ်။ နောက်တော့ ဆရာတစ်ယောက် ပြောခဲ့ဖူးသလို ‘ဒို့တော့ ကြောက်ပေါင်’ ဖြစ်လာတာပေါ့။

ရွာတစ်ရွာက အိမ်တစ်အိမ်မှာ အသုဘကိစ္စကြုံတော့ ဘုန်းကြီးတွေပင့် သပိတ်သွပ်တာပေါ့။ သေသူ က သရဲဖြစ်ပြီး၊ ခြောက်လွှတ်တော့ ဘုန်းကြီးတွေပါ ထွက်ပြေးရတယ်။ ဘုန်းကြီးတစ်ပါးကတော့ အထိုင် မပျက် ‘ဒို့တော့ ကြောက်ပေါင်’ဆိုပြီး ရသမျှ တရားစာတွေ ကြုံးရွတ်နေတာတဲ့။ သရဲက တဖြေးဖြေး အနား ကပ်လာ၊ ဘုန်းကြီးက ‘ဒို့တော့ ကြောက်ပေါင်’ ဆိုပြီး တရားတွေ ရွတ်။ ကြာတော့ သရဲလည်း အားနည်း လာတာလား၊ ပျင်းသွားတာလား မသိပါဘူး၊ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားရှာတယ်။ အစအဆုံး မြင်လိုက်ရတဲ့ ရွာသူရွာသားတွေက လက်ခုပ်တွေတီးက လက်ခေါက်တွေ မှုတ်ကြပေါ့။ တရားနာမယ့်လူတွေ နေရာ တကျဖြစ်တော့မှ ဆရာတော်က မျက်လုံးစုံဖွင့်လာပြီး၊ ‘အိမ်ရှင်ဒကာရယ် ဘယ်လိုများ လုပ်လိုက်တာလဲ၊ အိမ်ဦးခန်းမှာတောင် ကြမ်းက ပေါက်နေရလား’လို့ ငေါက်သတဲ့။ ဖြစ်ပုံက ဒီလို၊ ဘုန်းကြီးရဲ့ ဟိုဒင်း…ရွှေဥက ကြမ်းကြားညှပ်နေတော့ သရဲခြောက်လည်း ထမပြေးနိုင်ဘူးလေ။ ဒါကြောင့် ကိုယ့်ကိုကိုယ် အားပေးရင်း မျက်လုံးစုံမှိတ် ရသမျှတွေ ပေရွတ်နေရတာပေါ့။ ပတ်ဝန်းကျင်အမြင်မှာတော့ သတ္တိရှင်ကြီးပေါ့လေ။

‘ဒို့တော့ ကြောက်ပေါင်’ကနေ ‘တကယ်လုပ်တယ်ဟ’လည်းရောက်ရော အဖွဲ့ကွဲသွားပါတယ်။ လပ်တီးအဖွဲ့ဝင်တွေကလည်း စစ်သာပီပီပြင်ပြင် မတိုက်တတ်တာ၊ လူရမ်းကားအလုပ်တွေ အစုံလုပ်တတ်တယ် မဟုတ်လား။ လေးငါးယောက် ဝရမ်းထုတ်၊ သုံးလေးယောက် အဆွဲခံရ၊ ကံဆိုးသူ မောင်ရှင်တွေက ဆိုင်ကယ်စီးရင်း ကားမောင်းရင်း သေနတ်အပစ်ခံရ သေရတော့ ဒီနယ်လေးလည်း ငြိမ်ကုတ်သွားပြီပေါ့။ ကျွန်တော့်ဖုန်းလေးလည်း အတော်ငြိမ်သွားတယ်ဗျ။ အရင်ကလို ဘယ်ကနေ ဘယ်သွားတယ်၊ ဓာတ်ပုံလေးနဲ့ တင်တတ်တဲ့ ပို့စ်တွေ နည်းလာတာ။ Like ပေးတာလည်း နည်းလာ၊ ကွန့်မန့်လည်း မရေးရဲကြတော့ဘူးပေါ့။ ဂလာရီထဲမှာတော့ သတင်းဓာတ်ပုံလေးတွေ ရှိသေးတယ်။ ကိုယ့်အချင်းချင်း ဂရုဖွဲ့ပြီး Share ကြတယ်။ ဂရု ထဲက သုံးလေးယောက်လောက် ပြေးရပြန်တော့၊ အဲဂရုလေးလည်း မီးမစိမ်းနိုင်တော့ဘူးပေါ့။ ကျွန်တော့် အကောင့်နိမ်း၊ ပရိုဖိုင်းပုံလည်း သစ်စိမ်းချိုး ချိုးပစ်လိုက်တယ်။ ဒါကြောင့် ဖေ့စ်ဘုတ်ပေါ်က ကိုယ့်ဆရာတွေ လည်း မျက်စိတွေ မှောက်ကုန်တာပေါ့။ စာရေးသူ ကလောင်အသစ်လေး မှတ်ပြီး၊ ဘာကလောင်နဲ့လည်း ခေါင်းစဉ်က ဘာလဲတွေ ဖြစ်ကုန်တာပေါ့။ သူငယ်ချင်း အရင်းကြီးတွေတောင် အငိုက်မိကုန်ပါတယ်။ အဲဒါ ကြင်စိုး ယုတ်မာလို့ဗျ။

ငါးနှစ်လောက် မြည်းစမ်းခဲ့ရတဲ့ လွတ်လပ်မှု၊ လူသားဆန်မှုတွေကြောင့် ဓမ္မနဲ့ အဓမ္မကို ပိုင်းခြား ဝေဖန်နိုင်လာပါတယ်။ ‘သတ္တိရှိတယ်ဆိုတာ ကြောက်စိတ်ကြီးနဲ့ပဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရဲတာ’ ကို ခေါ်တာ မဟုတ်လား။ မကြောက်တတ်တဲ့သူဆိုတာ မရှိပါဘူး။ ဒီလိုစိတ်နဲ့ပဲ၊ ကလစ်တယ်၊ ရှဲလ်သင့်တာ ရှဲလ်တယ်၊ ထောက်ပို့အက်ပ်တွေ ဒေါင်းထားတယ်၊ ဈေးရောင်းရင် ကလစ်နေတာပဲ။ မသင်္ကာသူတွေ ရောက် လာရင် ယပ်တောင်လေးနဲ့ အုပ်ထားရုံပေါ့။ ဖုန်းထဲကနေ ကျည်ဆံထွက်တယ်နော်။

ဒီမနက်တော့ တတိယကြိမ်မြောက် စံပယ်ပန်းလေး ပွင့်နေတယ်ဗျ။ အရင်အပွင့်တွေလို ပေမမီ ဒေါက်မမီ မဟုတ်ဘူး၊ ပွင့်ချပ်အထပ်ထပ်နဲ့ စံတော်မီ စံပယ်ပန်း။ ပန်းပင်နား ကျကျနနထိုင်ပြီး၊ စိတ်တိုင်းကျ ရိုက်ထားလိုက်တယ်။ နောက်ဆို ကျွန်တော့်ဂလာရီထဲမှာ ကြည်နှူးစရာတွေ လှိုင်လာပါတော့မယ်။ မိုးဦး လည်း ကျပြီမဟုတ်လား။

လင်းလက်နွေဦး
၉.၅.၂၀၂၂ ညနေ ၆နာရီ ၄၄မိနစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar