Breaking News

ကိုကျော် (မြစ်ကြီးနား) - ယူကရိန်းထောက်ပံ့ငွေ (၄၀) ဘီလီယံနီးပါး အမေရိကန်အောက်လွှတ်တော်သဘောတူ

ကိုကျော် (မြစ်ကြီးနား) - ယူကရိန်းထောက်ပံ့ငွေ (၄၀) ဘီလီယံနီးပါး အမေရိကန်အောက်လွှတ်တော်သဘောတူ
(မိုးမခ) မေ ၁၃၊ ၂၀၂၂

မေလ ၁၀ ရက် အင်္ဂါနေ့မှာ အမေရိကန် အောက်လွှတ်တော်မှ (၃၆၈ မဲ - ၅၇ မဲ) ဖြင့် ယူကရိန်းအတွက် စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့မှုများ နောက်ထပ် ဒေါ်လာ ၄၀ ဘီလီယံ နီးပါးကို သဘောတူခဲ့ကြပါတယ်။

နောက်တဆင့်အဖြစ် ထောက်ပံ့မှုအစီစဥ်အား အထက်လွတ်တော် (ဆီးနိတ်) မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး သဘောတူညီမှုရခဲ့ပါက သမ္မတ ဘိုင်ဒန်မှ လက်မှတ်ရေးထိုးပြီး အတည်ပြုသွားမှာဖြစ်ပါတယ်။

အောက်လွှတ်တော် မဲခွဲဆုံးဖြတ်ချက်မတိုင်မီ လွှတ်တော်နာယက နန်စီပလိုစီမှ လွတ်တော်အမတ်များအား စာတစ်စောင်ရေးပို့ခဲ့ပြီး "အချိန်ကအရေးကြီးပြီး ကျမတို့အနေနဲ့ စောင့်နေလို့မဖြစ်ပါဘူး။ ယခု ထောက်ပံ့မှုအစီစဥ်က ကျမတို့ရဲ့ ယိမ်းယိုင်သွားမှာမဟုတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ရဲစွမ်းသတ္တိရှိကြတဲ့ ယူကရိန်းပြည်သူများနဲ့အတူ အောင်ပွဲရရှိတဲ့အထိ ရပ်တည်သွားမယ်ဆိုတာကို ကမ္ဘာသို့အသိပေးလိုက်တာ ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

နဂိုက ယူကရိန်းအတွက် ယခုထောက်ပံ့မှုများအပြင် ကပ်ရောဂါနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကုသမှုများ၊ ကိုဗစ်ကာကွယ်ဆေးများ နဲ့ စမ်းသပ်မှုကိရိယာပစ္စည်းများ စတဲ့ ထောက်ပံ့ငွေကိုပါ ထည့်သွင်းခဲ့ပြီး သမ္မတဘိုင်ဒန်မှ လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ လွတ်တော်မှ စီစဉ်ဆောင်ရွက်ဖို့ နှောင့်နှေးကြန့်ကြာ သွားနိုင်သည့်အတွက် ဘိုင်ဒန်က ကိုဗစ်ထောက်ပံ့ရေးအစီစဥ်ကို ခဏဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ 

"ဒီထောက်ပံ့ရေးအစီစဥ်က စစ်မြေပြင်မှာ ယူကရိန်းတို့ အနိုင်ရရှိရေးအတွက် အလွန်အရေးကြီးပါတယ်။ လွတ်တော်ရဲ့ နောက်ထပ် စီမံဆောင်ရွက်မှုတွေကို စောင့်ဆိုင်းနေရင်း ကျနော်တို့ရဲ့ စစ်လက်နက် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်မှု ရပ်တန့်နေလို့ မဖြစ်ပါဘူး" လို့ ဘိုင်ဒန်မှ ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်းနဲ့ ကာကွယ်ရေးဝန်ကြီး လွိုတ်အောစတင်းတို့ကလည်း လွှတ်တော်သို့ စာရေးပေးပို့ခဲ့ပြီး ယူကရိန်းအတွက် ထောက်ပံ့မှုအစီစဉ်အား သဘောတူဆုံးဖြတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

(NPR - May 10, 2022 - House passes nearly $40 billion in aid for Ukraine and sends package to the Senate Updated May 10, 202210:30 PM ET)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar