Breaking News

ညိုထွန်းလူ - မြွေပါပဲ

ညိုထွန်းလူ - မြွေပါပဲ
(မိုးမခ) မေ ၁၄၊ ၂၀၂၂

​တင်းမာနေတဲ့ဝမ်းဗိုက်ဆီက တစစ်စစ်နာကျင်ကိုက်ခဲမှုကို စတင်ခံစားလာရတယ်။ ခန္ဓာကိုယ်ရဲ့အတွင်းသားတွေကို အဆက်မပြတ် ကိုက်ဖြတ်ခံနေရမှန်းသိလိုက်တယ်။ အသဲခိုက်အောင်နာကျင်လွန်းလို့ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်မှာလူးလိမ့်သွားတယ်။ ရှေ့ကိုတိုးရွေ့ဖို့ကြိုးစားပေမယ့် အင်အားတွေတဖြေးဖြေးဆုတ်ယုတ်လာခဲ့လို့ ခြုံနွယ်တစ်ခုကို အမြှီးနဲ့ပတ်ခွေပြီးခံစားနေရတဲ့ဝေဒနာကို တောင့်ခံဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် နာကျင်ခံစားမှုဟာပိုပြီးပြင်းထန်လာခဲ့ပြီး သူ့အနားကို ယင်ကောင်တွေပျံဝဲလာချိန်မှာပဲ နောက်ဆုံးအချိန်ရောက်လာတော့မှာကိုသိလိုက်ပါပြီ။

သူ့မျက်လုံးတွေဟာ အလင်းရောင်ကို ခပ်ဝါးဝါးလောက်ပဲတွေ့မြင်နေရတယ်။ အဲဒီနောက် သည်းထန်တဲ့နာကျင်မှုတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပျံနှံ့သွားခဲ့ပြီး ခဏအကြာမှာတော့ ကိုက်ဖြတ်ခံထားရလို့ ဟောင်းလောင်းပွင့်သွားတဲ့ သူ့ဝမ်းဗိုက်ဆီက မြွေပေါက်ကလေးတွေတစ်ကောင်ပြီးတစ်ကောင်ထွက်လာကြတယ်။ မြွေကလေးတွေဟာ မိခင်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုစွန့်ပစ်ပြီး ဦးတည်ရာမဲ့ထွက်ခွာသွားကြတယ်။မြေပြင်မှာတွားသွားအစာရှာကြရင်း သူတို့ခန္ဓာကိုယ်ဟာ တစတစကြီးထွားလာခဲ့တယ်။ တစ်ချို့အကောင်ပေါက်ကလေးတွေကတော့ ကြီးထွားခွင့်မရလိုက်တော့ပဲ တစ်ခြားသတ္တဝါတွေရဲ့စားတာကိုခံလိုက်ကြရတယ်။

အသက်ဘေးကလွတ်ကင်းပြီး အရွယ်ရောက်လာကြတဲ့အကောင်တွေကတော့ အစာရှာဖွေရင်း သူတို့အချင်းချင်းလည်း တိုက်ခိုက်ကြတယ်။ဒါပေမယ့် ကိုယ့်ထက်အင်အားကြီးတဲ့ တစ်ခြားမျိုးကွဲတဲ့မြွေတွေနဲ့တွေ့ရင်တော့ ပြန်လည်တိုက်ခိုက်ဖို့မဝံ့တော့ပဲ ဟထားတဲ့ရန်သူရဲ့ပါးစပ်ထဲဝင်ပြီး အသက်အဆုံးရှုံးခံလိုက်ကြရတယ်။ ကံအားလျော်စွာပဲအရွယ်ရောက်လာတဲ့မြွေမတွေဟာ မိတ်လိုက်ကြပြီး သူတို့သားသမီးတွေလောကမြေပြင်ဆီကိုရောက်လာဖို့ ရှင်သန်ကျန်ရစ်ခဲ့ကြတယ်။ အဲဒီနောက်တော့ မြွေပေါက်ကလေးတွေဟာ သူတို့မိခင်ရဲ့ဝမ်းဗိုက်ကိုကိုက်ဖောက်ပြီး အပြင်ကိုထွက်လာခဲ့ကြပြန်တယ်။ မြွေပေါက်ကလေးတွေ တစ်ကောင်ပြီး တစ်ကောင်။

အစာရှာဖွေရင်းသူတို့ကြီးထွားလာကြပြီး အင်အားကြီးတဲ့မျိုးတူရန်သူနဲ့တွေ့တဲ့အခါ ရန်သူရဲ့ဟထားတဲ့ပါးစပ်ထဲကို အလွယ်တကူလက်လျော့ဝင်သွားကြပြန်တယ်။ မြွေတွေဟာ တစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ကြရင်းနဲ့ ရှုံးသွားတဲ့အကောင်ကို မြိုဖို့ကြိုးစားနေကြပြန်တယ်။ ဒီတစ်ကြိမ်တိုက်ပွဲမှာအနိုင်ရလိုက်ပေမယ့် နောက်တစ်ကြိမ်မှာတော့ ရှုံးနိမ့်သွားပြီး အမြိုခံလိုက်ရပြန်ရော။

မြွေအကြောင်းက ဒီလောက်ပဲဗျာ။ ကိစ္စလေးရှိနေလို့သွားလိုက်ဦးမယ်ဗျို့မိတ်ဆွေက ပြောရင်းဆိုရင်းနဲ့ မတ်တတ်ထရပ်လိုက်တယ်။ ပြောချင်ရာပြောပြီး အားရကျေနပ်သွားလို့ ဒီလောက်ပဲဗျာဆိုပြီး စကားဖြတ်လိုက်တဲ့မိတ်ဆွေကို အံ့အားတသင့်ကြည့်နေမိတယ်။  စကားအဆက်အစပ်မရှိဘဲ မြွေတွေအကြောင်းကို ဘာကြောင့်ပြောရတာလဲ။ ဒီအကြောင်းကတဆင့် ဘယ်လိုဆက်စပ်ဖြန့်ထွက်တွေးရမှာလဲ။ မြွေတွေကိုအကြောင်းပြုပြီး လောကသဘောရဲ့လျှို့ဝှက်မှုတွေကိုရှာဖွေရမှာလား။ အူကြောင်ကြောင်နဲ့ကျန်ရစ်ခဲ့ရင်း မြွေပါပဲလို့ ရေရွတ်လိုက်မိတယ်။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar