မျိုးသန့်ထွန်း(စစ်ကိုင်း) - အဖေပြောတဲ့ ရဲဘော်ဌေး
မျိုးသန့်ထွန်း(စစ်ကိုင်း) - အဖေ ပြောတဲ့ ရဲဘော်ဌေး
(မိုးမခ) မေ ၃၊ ၂၀၂၂
ရဲဘော်ဌေး ဆိုတာ အခြားသူတော့ မဟုတ်ပါဘူး။ ၁၉၃၉ ခု သြဂုတ်လ ၁၅ ရက်နေ့က သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်ဗဟိန်း တို့ စတဲ့ ခေါင်းဆောင်များက စတင်တည်ထောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၅၁ မှာ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ဖြစ်တဲ့ အမြုတေပါတီကို ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်နံပါတ် ၁၈၈ မှာ လျှို့ဝှက်ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာ ဖြစ်နိုင်ကြောင်းကို အန်တီစန်း(ဒေါ်စန်းစန်းနု)က ထောက်ပြဖူးပါတယ်။
၁၉၃၈ မှာ ရဲဘော်ဌေးဟာ မန္တလေးကျောင်းသားသမဂ္ဂရဲ့ အတွင်းရေးမှူး ဖြစ်ခဲ့တယ်။ ၁၉၄၁ လောက်က ဗမာပြည်ကွန်မြူနစ်ပါဝင် ဖြစ်ပါလာခဲ့သူပါ။ ၁၉၄၃ မှာ အာရှလူငယ်အစည်းရုံးရဲ့ မုံရွာခရိုင်စည်းရုံးရေးမှူးတာဝန်ခံ ကိုဌေး(ရဲဘော်ဌေး) ဖြစ်ခဲ့ပါတယ်။ တချိန်တည်း ကိုကြင်မောင် (ရဲဘော်ကြင်မောင်) မှာလည်း စစ်ကိုင်းခရိုင်စည်းရုံးရေးမှူး ဖြစ်ခဲ့ပါတယ်။ ၁၉၄၈ မှာ မန္တလေးထောင်ကျတယ်။ ထောင်ထဲမှာ ကွန်မြူနစ်စည်းရုံးရေးသင် တန်းပေးတယ်။ ၁၉၄၉ မှာ ထောင်ဖောက်လွတ်လာတယ်။ တောခိုတယ်။ ၁၉၅၀-၅၁ မှာ ဗကပရဲ့ ပေါ်လစ်ဗျူရိုဝင် ဖြစ်လာတယ်။ အဖေပြောတာ ဒီလောက်ပဲ အကြမ်းသိခဲ့ရတယ်။
ရဲဘော်ဌေးအကြောင်းကို ငယ်စဥ်ကတည်းက ကြားဖူးတယ်။ အိမ်မှာ အဖေက မကြာခဏ ပြောတယ်။ ဟိုတုန်းက စစ်ကိုင်းအိမ်မှာ ရဲဘော်ဌေး စာမူထုပ်ရှိခဲ့ဖူးတယ်။ အခုတော့ ဝမ်းနည်းစရာကောင်းလောက်အောင် ရှာတာ မတွေ့တော့ဘူး။ ဒီအတွက် ပြောမပြနိုင်လောက်အောင် ဆုံးရှုံးမှုကြီးတရပ်လို့ ခံစားရတယ်။ ရဲဘော်ဌေးဟာ စာရေးကောင်းတယ်။ စကားသိပ်မပြော၊ လူပုံက အေးဆေးတည်ငြိမ်တယ်လို့ အဖေ ပြောတယ်။ အဖေက ရဲဘော်ဌေးကို လေးစားတယ်၊ ကြည်ညိုတယ်၊ ချစ်လည်းချစ်ခင်ပုံရတယ်။
ရဲဘော်ဌေးကို မြေတိုင်းစာရေးကြီး ဦးထွန်ဦး၊ ဒေါ်လှတို့ရဲ့သား၊ စစ်ကိုင်းမြို့ ၁၉၂၂ မှာ မွေးတယ်။ နာမည်ရင်းက မောင်ဌေးမောင် ဖြစ်တယ်။ ကျနော့်အဖေက ၁၉၂၃ မှာ မွေးတယ်။ ရဲဘော်ဌေးက အဖေ့ထက် တစ်နှစ်ကြီးတယ်။ ဆွေမျိုးတော်စပ်တယ်ဆိုတာ နောက်မှ သိတယ်။ အဖေက အင်္ဂလိပ်ခေတ်က ဘိလစ်စာရေး ဖြစ်တယ်။နောက်တော့ မြေတိုင်းစာရေး ဖြစ်လာတယ်။ ရဲဘော်ဌေး အစ်ကိုလည်း အဖေ့ရုံးမှာ မြေတိုက်စာရေးကြီး လုပ်တယ်။ အဖေပြောတော့ ရဲဘော်ဌေးရဲ့အဖေလည်း မြေတိုင်းစာရေးကြီးပါပဲတဲ့။ ရဲဘော်ဌေးတို့က မြေတိုင်းမျိုး ရိုးလို့ ခေါ်နိုင်တယ်။ အဖေတို့နဲ့ ရဲဘော်ဌေး တို့ဟာ ဆွေမျိုးစပ်တော်တယ်။ ဟိုတုန်းကတော့ ရင်းရင်းနှီးနှီးရှိပုံရတယ်။ ဒါနဲ့ ဆရာကြီးစစ်ကိုင်းဦးဘိုးသင်းရဲ့မြေး ကဗျာဆရာ မောင်မျက်ရှင်(ခ) ဦးရဲထွဋ်ဟာ ရဲဘော်ဌေးရဲ့တူမနဲ့ အိမ်ထောင်ကျတယ်။ ရဲဘော်ဌေး အစ်ကိုကမွေးတဲ့ သမီးဖြစ်တယ်လို့ သိရတယ်။
တခါက အဖေက ရဲဘော်ဌေးအကြောင်း ဒီလို ပြောခဲ့ဖူးတယ်။
၁၉၃၇-၃၈ လောက်က စစ်ကိုင်းမှာ ကျောင်းသားအရေးအခင်း ဖြစ်တယ်။ ပြည်လုံးကျွတ်ဆင်နွှဲတဲ့ ရေနံမြေသပိတ်ကြီးကနေ စတင်ခဲ့တယ်။ ကျောင်းသားတွေခေါင်းဆောင်တဲ့ သပိတ်တွေ ပေါ်ပေါက်လာတယ်။ မန္တလေးကနေ ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းတို့ဟာ စစ်ကိုင်းမြို့ဘက်ကိုကူးလာကြတယ်။ ထိုအချိန် စစ်ကိုင်းဂါမင့်ဟိုက်စကူး( Government Hight School) (ယခု အ.ထ.က(၁)စစ်ကိုင်း) ကျောင်းအုပ်ကြီးက မစ္စတာဒေါင်းန် ဖြစ်တယ်။အင်္ဂလိပ်မျက်နှာဖြူပါ။ သူ့ကျောင်းသားတွေကို ကင်းထောက်တပ် ဖွဲ့ထားတယ်။ အဲဒီမှာ သခင်ဗဟိန်းနဲ့ ရဲဘော်ဌေးတို့ဟာ ကျောင်းသားသပိတ်ကို ဦးဆောင်တယ်။
ထိုအချိန်မှာ စစ်ကိုင်းကျောင်းက ကျောင်းသားတွေကို သပိတ်ထဲပါဖို့ စည်းရုံးကြတယ်။ ကိုဗဟိန်းနဲ့ ကိုဌေးတို့ စည်းရုံးတဲ့အခါ ကျောင်းသားတွေ ပါဝင်လာကြတယ်။ အဲဒီအချိန်မှာ ကျောင်းအုပ်ကြီးမစ္စတာဒေါင်းန်က မစည်းရုံးဖို့ ပြောတယ်။ ဟန့်တားတယ်။ နောက်တော့ ကျောင်းအုပ်ကြီးက သပိတ်မှောက် ကျောင်းသားတွေကို တားဆီးဟန့်တားတဲ့နေရာမှာ သူ့ ကင်းထောက်တပ်ဖွဲ့ကို သုံးပြုတယ်။ နောက်တော့ မျက်နှာဖြူကျောင်းအုပ်ကြီးက သူ့ခါးပိုက်ဆောင်တပ်(ကင်းထောက်အဖွဲ့)နဲ့ သပိတ်မှောက်ကျောင်းသားတွေကို လူစုခွဲအောင် ရိုက်နှက်ကြတယ်။ ရဲဘော်ဌေး ရိုက်ခံရတယ်။ အဖေ ပြောတယ်။ ထွက်မပြေးဘူး။ ရဲဘော်ဌေးဟာ ဦးခေါင်းမှာသွေးတွေ စီးကျနေတာတောင် နည်းနည်းမှ ဦးမညွတ်၊ ကြွေးကြော်သံမပျက် သံမဏိစိတ်ဓာတ်ဖြင့် ရပ်နေတာကိုတွေ့တယ်။ ဒါဟာ ရဲဘော်ဌေး ကျောင်းသား လူငယ်ဘဝက စွမ်းဆောင်ချက်တခုပါ။
အဖေပြောတဲ့ ရဲဘော်ဌေးလူငယ်ဘဝက ဆောင်ရွက်ချက်တခုလည်း ရှိသေးတယ်။ အဲဒါက စစ်ကိုင်း အင်္ဂလိပ်အရေးပိုင်ရုံးမှာ ဆန္ဒပြမှုတခု ကြုံတယ်။ ထိုမှာ ရဲဘော်ဌေး အင်္ဂလိပ်အရေးပိုင်မင်း ဆင်းလာမယ့်လှေကား(ခါး) ရင်းကနေ ဝမ်းလျားထိုးခံကာ ဆန္ဒပြခဲ့ကြောင်း အဖေပြောပြလို့ သိရတယ်။ ဒီလို ဆောင်ရွက်ပုံတွေဟာ ရဲဘော်ဌေး ကျောင်းသားဘဝကတည်းက ရှိခဲ့တယ်။
တနေ့မှာ မှတ်မှတ်ရရ အဖေက ကျနော့်ကို လက်ဆွဲပြီး နန်းတော်ရာရပ် ရဲဘော်ဌေး နေခဲ့တဲ့ အိမ်နေရာကိုလိုက်ပြဖူးတယ်။ လက်ညှိုးထိုးပြပြီး ဒီအိမ်ဟာ ရဲဘော်ဌေးအိမ်ပဲ။ ငယ်တော့ သိပ်မမှတ်မိဘူး။ ပျဥ်ထောင်အိမ်နှစ်ထပ်ကြီးလို့ ထင်တယ်။ သူ တောခိုတဲ့အခါ အိမ်နဲ့မြေကို စွန့်လွှတ်ခဲ့တယ်။ သားသမီးတွေကိုလည်း စွန့်ကြဲ မွေး စားမယ့်သူကို ပေးခဲ့တယ်။ စိတ်ဓာတ်က အံ့မခန်းပါပဲ။ ဟိုတုန်းကဆို ကွန်မြူနစ်တွေရဲ့ သားသမီးတွေထားတဲ့ကျောင်း ရှိတယ်။ အဲဒီကျောင်းက ကျောက်ဆည်ခရိုင်ထဲမှာ ရှိတယ်။ "ပြည်လုံးနိုင်" ကျောင်းလို့ ခေါ်တယ်။ရဲဘော်ဌေးရဲ့ သားတွေကို အဲဒီကျောင်းမှာ ပညာသင်ရတယ်လို့ ကြားဖူးတယ်။
ရဲဘော်ဌေးဟာ ဖိနှိပ်ခံပြည်သူလူထုဘက်က အမြဲရပ်တယ်။ စွန့်လွှတ် နစ်နာခံရဲတဲ့ သတ္တိရှိတယ်။ ဇွဲ ရှိတယ်။လုပ်ရဲရင် ခံရဲတဲ့သတ္တိမျိုး မွေးတယ်။ ယုံကြည်ချက်ကို ခိုင်မြဲသထက်ခိုင်မြဲအောင် ကျင့်ကြံခဲ့တယ်။ ရေရှည်မှာ ဆင်းရဲဒုက္ခခံနိုင်အောင် ထပ်ခါထပ်ခါကျင့်တယ်။ သူ့ယုံကြည်ချက်နဲ့တသားတည်း နေတယ်။ ဒါတွေဟာ ရဲဘော်ဌေးနဲ့ပတ်သက်တဲ့ အဖေ အမြဲ ပြောတဲ့ စကားတွေ ဖြစ်တယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဌေးဟာ ၁၈ ဇွန် ၁၉၆၇ မှာ တောတွင်းတနေရာမှာ ကျဆုံးရတယ်။ ကျနော့် စိတ်ဓာတ်ခိုင်မြဲ အားကျအောင် ရဲဘော်ဌေးအကြောင်း ပြောပြပေးတဲ့ အဖေ ရုံး စာရေးကြီး ဦးတင်ထွန်းဟာ ၆ ဇွန် ၁၉၂၃ မွေးပြီး လုပ်သမားနေ့ မေလ ၁ ရက် ၁၉၉၈ မှာ ကွယ်လွန်ခဲ့ပါတယ်။
မျိုးသန့်ထွန်း(စစ်ကိုင်း)
(ရဲဘော်ဌေး- နှစ် ၁၀၀ ပြည့် အမှတ်တရမှာ ရေးပါတယ်)
၂၉-၄-၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar