Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၂ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၂ မြင်ကွင်း

(မိုးမခ) မေ ၁၃၊ ၂၀၂၂


အောင်ပွဲအတွက် သံတမန်ရေး၊ စစ်ရေး ဘယ်အရာက အဓိကကျသလဲ 

နွေဦးတော်လှန်ရေးမှာ စစ်ရေး၊ သံတမန်ရေး၊ မြို့ပေါ်ဆန္ဒပြမှု၊ စီဒီအမ်၊ ဖက်ဒရယ်ဆိုင်ရာမူဝါဒ စတဲ့ လုပ်ဆောင်မှု တနည်း စစ်မျက်နှာတွေ အသီးသီးရှိကြတာ ဖြစ်ပါတယ်။ အဲဒီအရာတွေအနက် ဘယ်အရာက အဓိက အကျဆုံးလဲ ဘယ်အရာက အောင်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့အရာလဲ၊ ဘယ်အရာက ဒုတိယအရေးကြီးဆုံးလဲ စသဖြင့် မေးစရာမေးခွန်းတွေ ရှိနိုင်ပါတယ်။  

အကြောင်းအရာ တခုနဲ့ တခုဟာ ဆက်နွယ်နေတယ် ဆိုတဲ့အချက်လည်း ရှိနိုင်ပါတယ် သို့ပေမယ့်လည်း ပထမဦးစားပေး စစ်မျက်နှာ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုပြီး အဲဒီအတွက် လိုအပ်မယ့် ဖြည့်ဆည်းမှုတွေ ကြိုးပမ်းရမယ့်အရာတွေကိုလည်း လက်တွေ့မှာ ဖေါ်ဆောင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။  

စစ်ရေးလို့ဆိုရင်  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ တိုက်ဖျက်ရေးတွက် အဓိကကျတဲ့ ပင်မအဖွဲ့အစည်း ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့စည်းတာ၊  နယ်မြေစိုးမိုးမှုအတွက် တိုက်ခိုက်တာ၊ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေအကြား ညှိနှိုင်းစုစည်းတာ၊ ဘုံသဘောတူညီမှု၊ စုပေါင်းတိုက်ခိုက်မှု၊ စတာတွေအတွက် ညှိနှိုင်းဆွေးနွေးတာ လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်တာ၊ အဲဒါတွေအတွက်  တိုက်ပွဲတွေ စစ်ဆင်ရေးတွေ ဖေါ်ဆောင်တာတွေ ရှိမှာဖြစ်ပြီး မြို့ပေါ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို မတည်ဆောက်နိုင်အောင် ရည်ရွယ် လုပ်ဆောင်တဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေရဲ့ အခန်းကဏ္ဍ စတာတွေကို ဘယ်လို သဘောထားပြီး ဘယ်လိုစီမံခန့်ခွဲကြသလဲ ၊ နောက်တချက်က မိမိတို့ဘာသာ ဖွဲ့စည်းကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို စုစည်းရာမှာ ဘယ်လို အခြေခံအချက်ပေါ်မှာ စုစည်းကြမလဲ၊ မိမိတို့ဘာသာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ အဖွဲ့တွေ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေ ၊ ၄င်းတို့ကို ထောက်ပံ့ရမယ့် တာဝန်ဝတ္တရား စတာတွေလည်း တဆက်တစပ်တည်း ဆက်လျက်ပါဝင်လာမှာ ဖြစ်ပါတယ်။  

NUG အနေနဲ့ PDF အဖွဲ့ကို ဖွဲ့စည်းတာ တနှစ်ပြည့်မြောက်လာပြီ ဖြစ်ပေမယ့် အချို့သော ဒေသတွေမှာ ပေါ်ထွက်လာတဲ့ Local PDF လို့ခေါ်တဲ့ ဒေသက မိမိဘာသာ ဖွဲ့စည်းတဲ့ L-PDF တွေနဲ့ စုစည်း ချိတ်ဆက် လုပ်ကိုင်ဖို့ စနစ်၊ အဲဒီအဖွဲ့တွေကို ထောက်ပံ့မှုပေးဖို့ လိုအပ်သလို စည်းမျဥ်းစည်းကမ်းတွေလည်း တသမတ်တည်း ချမှတ်လိုက်နာကြဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ 

NUG ရဲ့ ညွှန်ကြားမှုနဲ့ အန်အယ်လ်ဒီပါတီကို ကျောရိုးထား ဖွဲ့စည်းထားတဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ L-PDF တွေ စတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စစ်ဆင်ရေးလိုမျိုး၊ ခုခံကာကွယ်ရေးလိုမျိုးမှာ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မှု စတာတွေက တနှစ်ကြာတဲ့အချိန်ထိ ရှင်းရှင်းလင်းလင်းနဲ့  စနစ်တခု ပေါ်ထွက်လာတဲ့ အနေအထားတော့ မရှိသေးတာ တွေ့ရပါတယ်။ ဒီလို စုစည်းမှုတွေအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေ အများအပြားရှိနိုင်တာလည်း အမှန်ပဲ ဖြစ်ပါတယ်။   

အခြေခံမူဆိုင်ရာ အခက်အခဲ၊ ရပ်တည်ချက်ဆိုင်ရာ အခက်အခဲ၊ အနာဂတ် တည်ဆောက်မယ့် နိုင်ငံ မူဝါဒဆိုင်ရာ ပုံဖော်မှုဆိုင်ရာ အခက်အခဲတွေရှိနိုင်တာလည်း ဖြစ်ပါတယ်။  

ခုရက်ပိုင်း ပေါ်ထွက်လာတဲ့ ဖက်ဒရယ်အရေး ပညာပေး စာစောင်မှာ ဖော်ပြထားတဲ့ ၁၄ ပြည်ထောင်မူ ဆောင်းပါးလိုမျိုးက NUG နဲ့ မဟာမိတ် အဖွဲ့အစည်းတွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နားလည်မှု လွဲမှားစေနိုင်တဲ့ သဘောထား ရပ်တည်ချက်မျိုး ဖြစ်ပါတယ်။  

NUG အနေနဲ့ နိုင်ငံတကာ သံတမန်ရေးရာမှာ အတိုင်းအတာတခုအထိ အောင်မြင်မှုရတာ သိသာထင်ရှားတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်မှု၊ အရပ်သားတွေ ဖမ်းဆီးတာ သတ်ဖြတ်တဲ့ အပြုအမူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေက စစ်ကောင်စီကို နိုင်ငံတကာသံတမန်အရေးမှာ ကြီးကြီးမားမား ထိခိုက်စေတာ တွေ့ရပါတယ်။  

တဘက်မှာလည်း သံတမန်ရေးနဲ့ အောင်ပွဲ အဆုံးအဖြတ်ပေးနိုင်မလားဆိုတာလည်း ပြန်လည်သုံးသပ် ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ သံတမန်ရေးရာဟာ အထောက်အပံ့ဖြစ်စေနိုင်ပေမယ့် လက်နက်ကိုင် တိုက်ပွဲ တနည်းအားဖြင့် စစ်ရေးကို တိုက်ရိုက် အကူအညီရစေနိုင်လောက်တဲ့ အဆင့်ထိ မရောက်စေနိုင်တဲ့ အချက်ကိုလည်း မေ့လို့ မရပါဘူး။  

အိန္ဒိယ၊ တရုတ် နဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်စေ ဒေသတွင်းနိုင်ငံတွေ ဖြစ်စေ စစ်ရေးလမ်းစဥ်ကို ထောက်ခံပြီး လက်နက်အင်အား ၊ စစ်ရေးအတွက် ငွေအင်အားကူညီဖို့ အလားအလာက မှေးမှိန်တဲ့ အနေအထားကြောင့် စစ်ရေးလမ်းစဥ် အောင်မြင်ရေးမှာ သံတမန်ရေးက တိုက်ရိုက် အကူအညီရနိုင်တာမျိုး မဟုတ်တာကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။   

ဒါကြောင့် စစ်ရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အောင်မြင်မယ်လို့ ယူဆထားရင် အကဲဖြတ်ထားတယ်ဆိုခဲ့ရင် စစ်ရေးလမ်းစဥ် အောင်မြင်ရေးအတွက် ကျန်တဲ့ စစ်မျက်နှာတွေကို အဓိကလို့မခံယူထားဘဲ စစ်ရေးလမ်းစဥ်ကို ပံ့ပိုးမယ့် လှုပ်ရှားမှု လုပ်ဆောင်မှုတွေကိုသာ အာရုံစိုက်သင့်ပြီး လက်တွေ့မှာတော့ စစ်ရေးလမ်းစဥ်မှာ မဟာမိတ်ဖြစ်နိုင်သူတွေ မဟာဗျူဟာမှာ ပူးပေါင်း လုပ်ဆောင်မယ့်အဖွဲ့တွေ ကို လက်တွေ့ကျတဲ့ ကမ်းလှမ်းမှု၊ အခြေခံမူဆိုင်ရာ လိုက်လျောနိုင်သမျှ လိုက်လျောမှု ၊ ရိုးသားစွာ ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ လုပ်ဆောင်ဖို့က အရေးကြီးဆုံးအချက် ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar