၂၀၂၂ မေလ ၁၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
၂၀၂၂ မေလ ၁၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ကောင်စီတပ်၏ ယာဥ်တန်း ထပ်မံတိုက်ခိုက်ခံရ၍ စစ်သား (၅၀) ခန့် သေဆုံးမှုရှိနိုင်ကြောင်း CDF-MINDAT ထုတ်ပြန်
📌ကနီ အလယ်ကျွန်းရွာက စစ်ကောင်စီနဲ့ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့..
📌မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း နေအိမ် အစုရှယ်ယာကို NUG က ရောင်းချရာတွင် ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရရှိ
📌ကလေးမြို့၊တောင်ဖီလာရပ်ကွက်မှာ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီအား CNDF မှ၀င်ရောက်တိုက်ခိုက်ရာ (၇) ဦးသေဆုံး
📌အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ကောင်စီတပ်၏ ယာဥ်တန်း ထပ်မံတိုက်ခိုက်ခံရ၍ စစ်သား (၅၀) ခန့် သေဆုံးမှုရှိနိုင်ကြောင်း CDF-MINDAT ထုတ်ပြန်
၂၀၂၂ မေလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ယာဥ်တန်းနှင့် CDF မင်းတပ်အကြား မင်းတပ်-မတူပီ မိုင်တိုင်အမှတ် (၂၅) ဝန်းကျင်၌ မေ ၉ ရက် နေ့ နံနက် ၁၁ နာရီခန့်မှ နေ့လည် ၁ နာရီခန့်အထိ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးကြောင်း၊ တဆက်တည်းအချိန်တွင် မိုင်းကွင်းထဲသို့ဝင်ရောက်လာကြသော စစ်ကောင်စီတပ်သား ၂ဝ ခန့်ကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အများအပြား သေဆုံးဒဏ်ရာရရှိကြောင်း CDF-MINDAT (သတင်းနှင့် ပြန်ကြားရေးဌာန) က မေ ၉ ရက်နေ့ ညပိုင်း တွင်ထုတ်ပြန်သည်။
ထို့နောက် မိုင်တိုင်အမှတ် (၂၄) တွင်လည်း ရှေ့ပြေးစစ်ကောင်စီတပ်သား အယောက် ၃၀ ခန့်ကို ထပ်မံမိုင်းခွဲခဲ့ရာ ထိခိုက်သေဆုံးမှုများစွာရှိသည်ဟု CDF-MINDAT ပြောရေးဆိုခွင့်ရှိသူက The Mindat Post သို့ အတည်ပြုပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီ ၂၇ တွင် မတူပီမှ စတင်ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းသည် ၁၂ ရက်ခန့်အကြာ မင်းတပ် မတူပီ မိုင်တိုင်အမှတ် (၂၀) ဝန်းကျင်သာရောက်ရှိနေပြီး စစ်ကောင်စီတပ်ဖက်တွင် အထိခိုက်အသေဆုံး အများအပြားရှိသည်။
=======================
📌📌ကနီ အလယ်ကျွန်းရွာက စစ်ကောင်စီနဲ့ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့..
၂၀၂၂ မေ ၁၀ နေ့တွင် စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်၊ အလယ်ကျွန်းရွာက အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၅၀) ရှိတဲ့ စခန်းကို ဒေသ
ခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘန်ကာတွေနဲ့ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိကာ အရေအတွက် အတိအကျကို မသိရသေးဖူးလို့ ကျောက်လုံးကြီး KLG တပ်မဟာက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲကို အောင်မြင်ခဲ့တာလို့ သိရပါတယ်။ အလယ်ကျွန်း ရွာထဲကို ဝင်ရောက်သိမ်းပိုက်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကနီမြို့ကနေ ၁၂၀မမအမြောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို Mi-35ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့လဲ ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း နေအိမ် အစုရှယ်ယာကို NUG က ရောင်းချရာတွင် ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရရှိ
၂၀၂၂ မေလ ၁၁ ရက်နေ့အထိ ၅ ရက်အတွင်း အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် အင်းလျားလမ်း
ခြံအမှတ် ၁၄ ၏ အစုရှယ်ယာများကို NUG က ရောင်းချလျက်ရှိရာ ဒေါ်လာ ၃ သန်းရရှိသွားပြီဖြစ်ပြီး နိုင်ငံခြားသားများပါ ရှယ်ယာများ ဝယ်ယူနေကြောင်း NUG စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တရားဝင်သတင်းထုတ်ပြန်သည်။
အစုရှယ်ယာ ရောင်းချမှုသည် လက်ရှိချိန်တွင် ၃ ပုံ ၁ ပုံ ခန့် အောင်မြင်နေပြီး ရှယ်ယာ ဝယ်ယူမှု အကြိမ်ရေ ငါးထောင် ကျော်ရှိကာ ၁ဝ ရာခိုင်နှုန်းကျော်ကို နိုင်ငံခြားသားများဝယ်ယူကြကြောင်း၊အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသား ခံယူလိုက်ရသူ မြန်မာပြည်ဖွားနိုင်ငံခြားသားများသာမက ပြည်ပနိုင်ငံခြားသားများလည်း ရှယ်ယူသူများတွင် ပါဝင်ကြောင်း သိရသည်။
ရန်ကုန် အင်းလျားလမ်းရှိ ခြံအမှတ် ၁၄ သည် မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံ တော်ပိုင် နေအိမ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစုရှယ်ယာ ၁ သိန်းခွဲခြမ်း၍ ရောင်းချနေကြောင်း၊ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများကို ရောင်းချနေကြောင်း သိရှိရသည်။
========================
📌📌ကလေးမြို့၊တောင်ဖီလာရပ်ကွက်မှာ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီအား CNDF မှ၀င်ရောက်တိုက်ခိုက်ရာ (၇) ဦးသေဆုံး
ကလေးမြို့၊ တောင်ဖီလာရပ်ကွက် လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာတွင် တပ်စွဲထားသောစစ်ကောင်စီအား CNDF မှ ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက် နေ့ည (၈:၀၀) နာရီခန့်အချိန်တွင် အလစ် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၆) ယောက်ခန့် သေ ဆုံးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ကလေးမြို့၊ စမ်းမြို့ရပ် ကွက်ရှိ မူးယစ်ရုံးအား ဒေသကာကွယ် ရေးပူပေါင်းတပ်ဖွဲ့ ဖြစ်သည့် CNDF, PDF-Kalay, CSS, GRF တို့မှ ည(၁၀: ၀၀) နာရီခန့်တွင် နာရီဝက်ခန့်၀င်ရောက် ပစ်ခတ်ခဲ့ရာစစ်ကောင်စီဖက်မှ (၁)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကလေးမြို့၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီး ကင်းစောင့်နေသော အကြမ်းဖက်စစ်ကောင်စီများအား CNDF, PDF-Kalay, CSS, GRF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကြောင်းခွဲပြီး ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီ (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ CNDF နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အထိခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းချင်းအမျိူးသားအဖွဲ့ချူပ် (CNO) မှ သတင်းထုတ်ပြန်သည်။
========================
📌📌အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရဲ့ အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက် ခွင့်တားမြစ်တာကို အာဆီယံရဲ့ မူဝါဒအတိုင်း ကျင့်သုံးထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြောတဲ့အကြောင်း မေလ ၁၁ ရက်နေ့မှာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ မေလ ၁၂ ရက်နေ့ ကနေ ၁၃ ရက်အထိ ပြုလုပ်တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဟာ ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်မယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောပါတယ်။
စစ်ကောင်စီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်မဖော်တဲ့အတွက် အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ အောက်တိုဘာလမှာ အာဆီယံက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံတယ်လို့ဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်ဆန်ထိရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာရေးနှင့် သက်ဆိုင်သူများအားလုံး တွေ့ဆုံပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အကူအညီပေးဖို့ မြန်မာ့ အကျပ်အတည်းအတွက် တရားမျှတပြီး ထိရောက်တဲ့ ဖြေရှင်းမှုကို ရှာဖွေဖို့ ပိုမိုတိုးမြှင့် လုပ်ဆောင်မယ်လို့လည်း နက်ဒ်ပရိုက်စ်က ပြောပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar