Breaking News

ချမ်းမြ - ဟိုတုန်းက မန္တလေး ကို ပြန်ပေး

Image- Crd

ဟိုတုန်းက မန္တလေး ကို ပြန်ပေး
ချမ်းမြ
(မိုးမခ) မေ ၂၀၊ ၂၀၂၂

ဟိုတုန်းက ငါ့ မန္တလေးကို ပြန်ပေး 

မောင်ဗမာ မိကျောင်း စက်ဘီး နဲ့
ငါ့ မန္တလေးကို ပြန်ပေး 

အလင်းဆိုင်ကဖီး ယဥ်ကျေးမှု နဲ့ 
ငါ့ မန္တလေးကိုပြန်ပေး 

အဆောင်ရှေ့ကဂစ်တာသံ နဲ့
လူပျိုရည်လာလာလှည့်တက်တဲ့ 
ငါ့ မန္တလေးကို ပြန်ပေး 

စာအုပ်အငှားဆိုင်နေ့စွဲတွေ နဲ့
ပျော်စရာကောင်းလွန်းတဲ့ 
ငါ့ မန္တလေးကိုပြန်ပေး 

တချိန်က အငြိမ့်တွေ မှိုလိုပေါ
အနုပညာမြို့တော် အဖြစ် ခေါင်းမော့ခဲ့တဲ့ 
ငါ့ မန္တလေးကိုပြန်ပေး 

နန်းတော်ရှေ့ဆရာတင် ကိုပြန်ပေး
မြို့မငြိမ်း ကိုပြန်ပေး
စိန်ဗေဒါ ကိုပြန်ပေး

လူထုဦးလှ ကိုပြန်ပေး
လူထုဒေါ်အမာ ကိုပြန်ပေး
ရွှေဥဒေါင်း ကို ပြန်ပေး 

ရွှေမန်းတင်မောင် ကိုပြန်ပေး
(ဦး)ချစ်စရာ ကိုပြန်ပေး
(ဦး)ဒီပါ ကိုပြန်ပေး 

ပြန်ပေး ပြန်​ပေး 
ငါ့ မန္တလေးကို အခု ပြန်ပေး 

သူ့ကျွန်မခံလိုတဲ့ စိတ်
ဝံသာနုရက္ခိတ တရား နဲ့
ငါ့ မန္တလေးကို အခု ပြန်ပေး 

ချစ်ခြင်းများဖြင့်
ချမ်းမြ

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar