Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၉ မြင်ကွင်း

(မိုးမခ) မေ ၂၀၊ ၂၀၂၂


ရခိုင်ပြည်နယ်က တိုက်ပွဲအရိပ်အယောင် ၊ ရန်ကုန်မြို့က သွေးသောက်တွေရဲ့ ဒုတိယ လုပ်ကြံသတ်ဖြတ်မှု 

စစ်အာဏာ သိမ်းပြီးနောက် ပြည်မလို့ ခေါ်ဆိုကြတဲ့ တိုင်းဒေသကြီးတွေမှာ တိုင်းရင်းသား ပြည်နယ်အချို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၉ အကုန်လောက်ထိ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေအပြီး AA နဲ့ စစ်ကောင်စီတပ်တွေရဲ့အကြား နှုတ်အားဖြင့် အပစ်ရပ်ထားတဲ့ သဘောတူညီမှုနဲ့ ငြိမ်သက်နေခဲ့တာ ၂ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။  

အဲဒီကာလတွေအတွင်း AA အနေနဲ့ ရခိုင်ပြည်နယ် လူထုအကြား ရှဲဒိုးအုပ်ချုပ်ရေး ရှဲဒိုး တရားစီရင်ရေးတွေ အားစိုက်တည်ဆောက်နေခဲ့တာ တွေ့ရပါတယ်။ AA အနေနဲ့ စစ်ကောင်စီရဲ့ ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ လက်နက်ကိုင် ခုခံမှု တိုက်ခိုက်မှုတွေကို ယှဥ်ပြိုင် တိုက်ခိုက်နေချိန်ကို အခွင့်အခါကောင်းအဖြစ် လူထုစည်းရုံးရေးနဲ့  အုပ်ချုပ်ရေးတည်ဆောက်ရာမှာ အသုံးချနိုင်ခဲ့ပါတယ်။  

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ AA  နဲ့ စစ်ကောင်စီအကြား ဆက်ဆံရေး အခြေအနေ တစတစ တင်းမာလာခဲ့ပြီး အမ်းဒေသမှာ ဆန်သယ်ယူခွင့် ကန့်သတ်တာ၊ ရခိုင်ပြည်နယ်မြို့တွေ အဝင်အထွက်တွေမှာ စစ်ကောင်စီက စစ်ဆေးရေးတွေ ပိုလုပ်လာတာ၊  စစ်အင်အား တချို့ပို့ဆောင်တာတွေအထိ လုပ်ဆောင်နေတာတွေ ကြားသိရပြီး ပြန်လည်စစ်ပြင်နေကြပြီလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။  

မေလ ၁၉ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီ ပြောခွင့်ရသူက ရခိုင်မှာ တစုံတရာ ပြဿနာ ဖြစ်လာခဲ့ရင် စစ်တပ်ကို အဆိုးမဆိုနဲ့ ဆိုပြီး AA ဘက်ကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာဟာ ရခိုင်လူထုကို ငဲ့ညှာလို့ ဆိုတဲ့ စကားလုံးမျိုးအထိ သုံးပြီး ဝါဒဖြန့်စကားလည်း ပြောခဲ့ပါတယ်။   

စစ်ကောင်စီအနေနဲ့ ပြည်မနဲ့ အခြားပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ မြို့တွေကို လုံခြုံရေး ထိန်းချုပ်ဖို့ တပ်အင်အားဖြန့်ဝေချထားရချိန်မှာ ရခိုင်ပြည်နယ်မှာ နောက်ထပ်စစ်မျက်နှာ တခုဖွင့်နိုင်တဲ့ အင်အားရှိ/မရှိက ယတိပြတ် မပြောနိုင်သော်လည်း အင်အားနဲ့ တိုက်ခိုက်နိုင်ဖို့ အလားအလာတော့ နည်းတယ်လို့ဆိုနိုင်ပါတယ်။  

AA အဖွဲ့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တည်ဆောက်မှုကို တန့်အောင် စစ်အင်အားအချို့ပြပြီး ဝါဒဖြန့်ချိရေးနဲ့ လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။  

ရခိုင်ပြည်နယ်လူထုအနေနဲ့ ၂၀၁၇ နောက်ပိုင်း တဖြည်းဖြည်း အရှိန်မြင့်ခဲ့ရာက ၂၀၁၈၊ ၁၉ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ကျေးရွာတွေကို ဖျက်ဆီးခံရတာတွေ ဖမ်းဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေဟာ မနေ့တနေ့က အဖြစ်အပျက်တွေလို ခံစားနေရဆဲ ဖြစ်ပြီး နောက်ထပ်ဖြစ်ပွားလာမယ့် စစ်ပွဲတွေ နေအိမ်စွန့်ခွာ တိမ်းရှောင်ရတာမျိုးကိုတော့ မကြုံချင်ကြတော့ဘူးလို့ ထင်မြင်မိပါတယ်။  

ဒီနေ့အတွက် နောက်သတင်းတပုဒ်ကတော့ ရန်ကုန် သာကေတမြို့နယ်က အထည်ဆိုင်တဆိုင်ရဲ့ ပိုင်ရှင် မိသားစုဝင်တွေကို သေနတ်နဲ့ လာရောက် ပစ်ခတ်လုပ်ကြံတဲ့ အဖြစ်အပျက်ယနေ့ ဖြစ်ပျက်ခဲ့ပါတယ်။ သာကေတ အောင်သပြေလမ်းပေါ်က နေအိမ်မှာ ဖွင့်ထားတဲ့ အထည်ဆိုင်ကို နေ့လယ်နေ့ခင်းမှာပဲ ကားတစီးနဲ့ လာရောက်သူတွေက ကားရပ်၊ နာမည် မေးမြန်းပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ ကျန်မိသားစုဝင် ၂ ဦးက သေနတ်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။  

အခုလို ပစ်ခတ်ခံရတဲ့ အဖြစ်အပျက်မျိုးဟာ သတင်းပေး ဒလန်ရှင်းလင်းရေး လုပ်ကြံသတ်ဖြတ်မှုမျိုးနဲ့ အလားသဏ္ဌာန်တူသော်လည်း အခုဖြစ်တဲ့အဖြစ်အပျက်မှာတော့ သတ်ဖြတ်ခံရသူတွေက စစ်တပ်နဲ့ လုံးဝပတ်သက်ခြင်း မရှိဘဲ ဒီမိုကရေစီအရေးထောက်ခံသူတွေ ဖြစ်တယ်လို့ ဆိုတာကြောင့် သွေးသောက်အဖွဲ့ရဲ့ လက်ချက်လို့ ယူဆရမှာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က တီဗွီဇာတ်လမ်း သရုပ်ဆောင်ဖြစ်သူ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေမှာ  PDF အဖြစ်နဲ့ လှုပ်ရှားနေသူရဲ့ ရန်ကုန်မြို့က နေအိမ်ကို သွေးသောက်အဖွဲ့ က သွားရောက် လုပ်ကြံရာမှာ အဘိုးဖြစ်သူ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ရန်ကုန်မြို့မှာ သွေးသောက် လှုပ်ရှားမှု ပထမဆုံးအဖြစ်အပျက်လို့ ဆိုရမယ် ထင်ပါတယ်။ ယခု ဒုတိယအနေနဲ့ သာကေတမြို့နယ်မှာ ထပ်မံလုပ်ကြံသတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သွေးသောက်အဖွဲ့တွေ ပေါ်ထွက်လာတာဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဖြစ်ပြီး မန္တလေး၊ အမရပူရ စတဲ့မြို့တွေမှာ သတ်ဖြတ်ခံရသူတွေ ရှိခဲ့ပြီး စုစုပေါင်း ၁၈ ဦးထိရှိပြီ ဖြစ်ပါယ်။  

အခုလို လုပ်ကြံသတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကိုယ်တိုင် လုပ်စရာမလိုဘဲ နောက်ကွယ်က လက်နက်၊ တရားဥပဒေအရ အရေးယူခြင်းမှ ကင်းလွတ်ဖို့ အာမခံချက်ပေးထားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီနည်းနဲ့ မြို့တွေ၊ နယ်တွေမှာ ဒလန်ရှင်းလင်းရေး လုပ်ကြံမှုတွေကို တန်ပြန်တာလို့ ယူဆရပါတယ်။ သွေးသောက်အဖွဲ့ရဲ့ ကျောရိုးတွေက NLD ဆန့်ကျင်ရေး နဲ့ အမျိုးသားရေး အစွန်းရောက်အမြင်ရှိသူတွေလို့ ယေဘုယျအားဖြင့် ခန့်မှန်းရပါတယ်။ စွမ်းအားရှင်လို လူဆိုးလူမိုက်တွေကိုလည်း စည်းရုံးသိမ်းသွင်းကာ အသုံးချကောင်းလည်း အသုံးချထားနိုင်တယ်လို့ ယူဆရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar