Breaking News

နဒီမင်း - ပြိုင်လိုစိတ်

Photo- Crd
ပြိုင်လိုစိတ်
နဒီမင်း
(မိုးမခ) မေ ၂၀၊ ၂၀၂၂

အခါတန်ခူးကိုရောက်ပြီဆိုလျှင်နွေသည်ပူစမြဲဖြစ်၏။ နေ၏အပူရှိန်သည်တစ်နှစ်ထက်တစ်နှစ်ဆတိုးဆတိုး၍ပူလာလေသည်။ စာရေးသူသည်အတာတန်ခူးအခါတွင်းဆို နှစ်စဉ်နှစ်တိုင်းခရီးထွက်လေ့ရှိပါသည်။ ယခုနှစ်တွင်မူ အခေါက်ခေါက်အခါခါရောက်ဖူးသည့်နေရာဖြစ်သော်ငြားလည်း ထိုဒေသထိုနေရာကိုအကြိမ်ကြိမ်သွားလိုစိတ်ကဦးဆောင်စေ့ဆော်လာသည့်အခါ သွားရပြန်ပေါ့ရောက်ရပြန်ပေါ့။ ထိုဒေသထိုနေရာကား ပေါက္ကံပြည် (သို့မဟုတ်)အရိမဒ္ဒနပူရ (သို့မဟုတ်) ကြီးကျယ်မြင့်မြတ်လေသောပုဂံမြေပင်ဖြစ်လေသည်။

နွေကိုအံတုပြီးစိမ်းစိုနေသောထနောင်းပင်တို့၏ဆီးကြိုနေဟန်သည် စာရေးသူအား အပူကိုအံတုရန်ခွန်အားဖြစ်စေခဲ့ပြီ။ တမာရနံ့တို့သည်ကားမွန်းကြပ်ထူထဲသောမြို့ပြမှလာသည့်စာရေးသူအတွက် အသက်တခါရှုသွင်းလိုက်တိုင်း လေပြွန်မှတဆင့်အဆုတ်တွင်းသို့ရောက်ရှိသွားသည့်အခါ စိတ်နှလုံးတို့သည်လည်း ကြည်လင်အေးမြခြင်းကိုခံစားရလေသည်။ မိမိအားလာကြိုသည့်ကားဖြင့်လိုက်ပါရင်း နံနက်ခင်း၏နေခြည်နုနုအောက်တွင် ပုဂံမြေသည်တင့်တယ်သပ်ရပ်လှပနေတော့သည်။

အခွင့်ကြုံတိုင်းရောက်နေသည့်နေရာ။ ဘယ်သောအခါမှမရိုးသည့်နေရာ။ သို့ပေမယ့် ပုဂံမြေပေါ်ရှိစေတီပုထိုးများစွာကိုမူ ယခုအချိန်ထိစုံလင်စွာမရောက်ဖူးသေးပါ။ အထင်ကရနေရာများကိုသာ အခေါက်ခေါက်အခါခါရောက်ခဲ့လေသည်မဟုတ်ပါလား။ ယခုတစ်ခေါက်ခရီးစဉ်မှာတော့ မရောက်ဖူးသေးသည့်စေတီများ၊ ကျောင်းတော်များသို့သွားမည်ဟုဆုံးဖြတ်ထားပါသည်။ သို့သော်လည်း စာရေးသူ၏မြင်ကွင်းထဲ ထည်ထည်ခန့်ခန့်ထုထည်အခိုင်အမာဖြင့် ဦးစွာ မြင်တွေ့လိုက်ရသည်က ထုမှာဓမ္မရံဆိုသောဓမ္မရံကြီးဘုရားပင် ဖြစ်လေသည်။

အခါတိုင်းနှင့်မတူ စာရေးသူ၏စိတ်အတွင်းကြီးမားလှသောထိုဓမ္မရံကြီးဘုရားကိုကြည့်ပြီး စိတ်အတွင်းမွန်းကြပ်လာသလိုလိုခံစားရလေသည်။ သို့နှင့် အခြားဘက်သို့ဦးတည်ထားသည့်စာရေးသူ၏ဦးတည်ရာခရီးစဉ်ကို ဓမ္မရံကြီးဘုရားဆီသို့။

နီးကပ်လာလေလေထုထည်ကြီးမားလာပုံက ပို၍ထင်ရှားပြတ်သားလာလေဖြစ်သည်။ အားလပ်ရုံးပိတ်ရက်ရှည်ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်ကဘုရားဖူးများဖြင့် စည်ကားနေလေသည်။ အနီးအဝေးနောက်ခံထားပြီ းဓာတ်ပုံရိုက်သူကရိုက်၊ ဘုရားပရဝုဏ်အတွင်းလေ့လာကြည့်ရှုသူများကလည်း သက်ဆိုင်ရာခရီးသွားလမ်းညွှန်ကိုယ်စီဖြင့်။ တိုင်းတပါးရပ်ခြားမှနိုင်ငံခြားသားအချို့ကလည်း မှင်တက်ရှုမောအံ့ဖွယ်မျက်လုံးများနှင့်အတူ မြန်မာတို့၏ဗိသုကာလက်ရာကို ချီးကျူးထောပနာပြုနေကြလေသည်။ စာရေးသူကတော့ ဓမ္မရံကြီးကိုတည်ထားခဲ့သည့်အလောင်းစည်သူမင်းကြီး၏သားတော် နရသူအကြောင်းကိုစဉ်းစားတွေးတောရင်းဖြင့်...။

နရသူသည် ထီးနန်းစည်းစိမ်ကို အလွန်မက်မောသည့်မင်းဖြစ်လေသည်။ ခမည်းတော်အလောင်းစည်သူနာမကျန်းဖြစ်သည့်အခါတွင် မင်းကြီးအားသား သတ်ရုံပို့သည့်ပမာ မြန်မြန်သေပြီးရောစိတ်ဖြင့် အပြုအစုအစောင့်အရှောက်နှင့်ဝေးလံသည့်နေရာဖြစ်သည့် ရွှေဂူကြီးဘုရားသို့ ပို့ထားလိုက်လေသည်။ထီးနန်းကိုလက်လွှတ်အဆုံးရှုံးခံရမည်စိုးသဖြင့် မင်းကြီး၏ပါးစပ်နှင့်နှာခေါင်းကိုအ၀တ်စဖြင့်ဖိ၍ လုပ်ကြံသတ်ဖြတ်လိုက်လေသည်။

အလောင်းစည်သူမင်းကြီးတွင် နရသူအပြင် သားတော်မင်းရှင်စောလည်းရှိလေ၏။ ထို့ကြောင့်မင်းကြီးကံကုန်သွားသောအခါ မင်းကြီးနေရာသို့ဆက်ခံမည့်သူမှာ မင်းရှင်စောဖြစ်လေသည်။ နရသူသည် အစ်ကိုတော်ဖြစ်သူမင်းရှင်စောထံမှထီးနန်းကို အမွေသိမ်းပိုက်ရန်ကြံစည်လေ၏။ ထို့နောက် စားတော်ပွဲတွင်အဆိပ်ခတ်ပြီး နောင်တော်ကိုလုပ်ကြံသတ်ဖြတ်ကာ ထီးနန်းကိုသိမ်းပိုက်ခဲ့လေသည်။ 

မှန်နန်းရာဇ၀င်တော်ကြီးတွင် နရသူ၏အကြောင်းအား ဤကဲ့သို့တွေ့ရလေသည်။

"မှုးမတ်ဗိုလ်ပါအစရှိသောပြည်သူအပေါင်းတို့ကြောက်ရွံ့ခံ့ညားကုန်၏။ အမျက်စောင်းမာန်ပြင်း၏။ မင်းဖြစ်လျှင် ခမည်းတော်အလောင်းစည်သူပေးသောကြဘန်အမည်ရှိသောသတို့သမီးကို ကွပ်လေ၏။ ကြဘန်သားဥတ္တရသူနှင့် ဘထွေးစချီမဟာဗိုလ်ကိုလည်း ကွပ်လေ၏။ စွမ်းသန်သောရဟန်းတို့ကိုလည်းလူထွက်ရကုန်၏။ အချို့သောရဟန်းမြတ်တို့သည် လူပြုရမည်ကိုကြောက်၍ သိန်းဃိုကျွန်းသို့ချည်းကြွလေကုန်၏။ မင်းကြီးကား ရက်ရောကြမ်းကြုတ် ၏။ မိဖုရားစသောကိုယ်လုပ်မိန်းမတို့လည်း ကြောက်ရွံ့ခံ့ညားကုန်သည်ဖြစ်၍ မချစ်မကြိုက်ကြကုန်။ မကောင်းသောဆုကိုယူကုန်၏။ တိုင်းကားနိုင်ငံ၌နေကုန်သောလူအပေါင်းတို့သည် ပူဆာကုန် သည်ဖြစ်၍ ရွာပြည်မြို့ပြပျက်စီးကုန်သည်ကား များ၏။ ကောင်းမှုတော်ဓမ္မရံကိုလုပ်သည်လည်း ကြောက်ရွံ့ခြင်းပြင်းသောကြောင့် စေ့စပ်သေချာလွန်း၍မပြီးလေ။ ခမည်းတော်လက်ထက်ဆက်လာသော ကုလားမင်း သမီးကြီးကို ထိုမင်းမင်းဖြစ်တော်မူလျှင် မပျက်လုပ်ကျွေးရ၏" 

ဤကား မှန်နန်းရာဇ၀င်မှလာသောအကြောင်းအရာအချက်အလက်တချို့ ဖြစ်လေသည်။

အချိန်ကားနေမွန်းတည့်သို့ရောက်လာသော်လည်း စာရေးသူအဖို့အပူကိုမေ့လျော့နေလေပြီ။ နရသူလိုမင်းဆိုးမင်းညစ်အကြောင်းသည်ကား မွန်းတည့်နေထက်ပို၍ ပူလေသည်ဟုခံစားရလေသည်။ အဖထက်သာချင်သည့်သား၊ ဘိုးတော်ဘေးတော်များထက်ဇောင်းထက်ချင်သည့်သူ၊ ထိုသူတည်ခဲ့သည့်ဓမ္မရံကြီးဘုရား။ အကြောင်းရှာတော့ သူတည်သည့်ဘုရားအခြားစေတီဂူပုထိုးများထက်သာလွန်ရမည်ဟူသောမာန်မာနစိတ်။ ထိုစိတ်သည်ကောင်းကျိုးမပေးသော်လည်း သူ့အတွက်တော့ မိတ်ကောင်းဆွေဖော်ဖြစ်နေလေ၏။ 

သူ့ကိုနရသူအပြင်ကုလားကျမင်းလို့လည်းခေါ်လေသည်။ အခါတပါးရေအိမ်၀င်ရာတွင် သန့်သက်ရေမဆောင် သည်ကို ကုလားမင်းသမီးသိသွားလေသော အခါ ကျင်ကြီးကျင်ငယ်စွန့်ရာတွင်လည်းကောင်း၊ သံဝါသပြုရာ တွင်လည်း ကောင်းသန့်သက်ရေဆောင်ကောင်းပါလျက် မဆောင်သည်ကိုတွေ့သွားသော အခါ ရွံရှာစပ်ဆုပ်၍ နေရသူအနားသို့မချဉ်းကပ်လေသည်ကို မင်းကြီးအမျက်တော်ရှ၍လက်ဆွဲတော်သံလျှက်ဖြင့်ခုတ်လေရာ နေရာတွင်ပင်အနိစ္စသဘောဖြင့်ကိစ္စချောသွားလေသည်။ ထိုသတင်းကိုကုလားမင်းသမီး၏ခမည်းတော်ကြား သိလေသောအခါ ကုလားသူရဲကောင်းရှစ်ဦးကိုရွေးချယ်၍ ပုဂံပြည်သို့စေလွှတ်လေသည်။ သူရဲကောင်းရှစ်ဦးတို့အား အမှာရှိလိုက်ပုံက"ဟယ်အချင်းတို့၊ သမီးတော်ကိုသတ်သောမင်းရှိရာ ပုဏ္ဍားအယောင်ဆောင်၍ နင်တို့သတ်ချေ။ ထိုမင်းသေလျှင် နင်တို့ကိုယ်ကိုသံလျှက်နှင့်ထိုး၍ သေကြလေ။ နင်တို့သားမယားကိုသုံးစွဲစားသောက်လောက်အောင် ငါပေးတော်မူမည်" ဟုဆိုလေပြီး နရသူကို လုပ်ကြံသတ်ဖြတ်ခိုင်းလေသည်။ ထို့ကြောင့် နရသူကိုကုလားတို့၏လက်အတွင်းလုပ်ကြံခံခဲ့ရသည်ဖြစ်သောကြောင့် သူ့အားကုလားကျမင်းဟုခေါ်တွင်ကြလေသည်။ 

မိုးမြင့်ထက်ဆီသို့မြင့်မားထိုးထွက်လျက်ရှိသောနရသူ၏ကောင်းမှုတော်ဖြစ်သည့် ဓမ္မရံကြီးဘုရားသည်  အခြားသောပုဂံဒေသရှိဘုရားစေတီပုထိုးများနှင့်မတူပေ။ သူ့ကိုကြည့်လိုက်လျှင် အုံ့ဆိုင်းမှိုင်းဝေလျက်ကြည်လင်ပြတ်သားမှုမရှိသလို ခံစားရလေသည်။ ဒါသည်ပင်လျှင် ဘုရားဒကာနရသူ၏မမှန်သောစေတနာ၊ အခြားအခြားသောဘိုးတော်ဘေးတော်များထက်သာလွန်လိုသော၊ ပြိုင်လိုသောစိတ်ကြောင့် ဖြစ်လိမ့်မည်ဟု ထင်ပါသည်။

သွေးစွန်းသောလက်ဖြင့်တည်ခဲ့သည့်ဘုရား၊ သွေးစွန်းသောလက်ဖြင့်ပြုခဲ့သည့်ကောင်းမှု၊ ကြမ်းတမ်းသောနှလုံးသားဖြင့် အာဏာယစ်မူးစည်းစိမ်ဖက်တွယ်သောမင်း၊ မပြည့်လေသောအလိုရမ္မက်ကြောင့် ထာ၀ရတည်မြဲလိမ့်မည်ဟုထင်ထားခဲ့သောအာဏာစည်းစိမ်တို့သည်ကား နောက်ဆုံးတော့သူ့အား အိုးစားခွဲသွားကြလေသည်မဟုတ်ပါလား။ သံဝေဂယူစရာများစွာရှိသည့်နရသူ၏ဘ၀ဇာတ်ကြောင်းတို့သည်ကား သမိုင်းတွင်ဖျောက်မ ရကြောင်းသူ၏တည်ထားခဲ့ရာဓမ္မရံကြီးဘုရားသည်သက်သေပြု၍ နေလေတော့သည်။

(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar