Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၀ မြင်ကွင်း

(မိုးမခ) မေ ၂၁၊ ၂၀၂၂


ကျေးရွာတွေ မီးရှို့ဖျက်ဆီးတဲ့ ဗျူဟာကို တားဆီးနိုင်မလား

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းရဲ့ ဒေသအချို့ ကို ဒေသအလိုက် ဖွဲ့စည်းလှုပ်ရှားနေတဲ့ PDF  တွေထိန်းချုပ်ထားနိုင်ပြီ၊ စစ်ကိုင်းတိုင်း ကိုဖြတ်သန်းသွားတဲ့ မန္တလေး-မြစ်ကြီးနားလမ်းကို PDFတွေက စစ်ဆေးရေး ဂိတ်တွေနဲ့ စစ်ဆေးပြီး စစ်ကောင်စီနဲ့ပတ်သက်သူ ၊ ကုန်ပစ္စည်းတွေကို ဖြတ်သန်းခွင့်မပေးဖို့ စိုးမိုးနိုင်ပြီ၊ မြို့နယ် ၂၅ မြို့နယ်မှာ တရားစီရင်ရေး စနစ်တွေဖွဲ့စည်းနေပြီ ဆိုပေမယ့် ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေ နေ့စဥ် မီးရှို့ဖျက်ဆီးခံနေရတဲ့ သတင်းတွေ ထွက်ပေါ်နေဆဲလည်း ဖြစ်ပါတယ်။  

ယနေ့မှာပဲ တန့်ဆည်မြို့နယ်ထဲက နှစ်၁၀၀ လောက် သက်တမ်းရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းရှိတဲ့ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့သွားတယ်လို့ သတင်းထဲဖတ်လိုက်ရပါတယ်။ မြန်မာဘုရင်တွေလက်ထက်ကတည်းက ပေါ်တူဂီ ကုန်သည်တွေ လာရောက်သူတွေ အဆက်အစပ်နဲ့ နှစ်ရာချီ နေထိုင်ခဲ့ကြတဲ့ အဲဒီကျေးရွာဟာ ကက်သလစ်ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ များပြားတဲ့ ကျေးရွာဖြစ်ပါတယ်။ ချောင်းရိုး ကျေးရွာအပါအဝင် အဲဒီအနီးအနားက အခြားကျေးရွာတရွာလည်း မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။ အိမ်ခြေဘယ်လောက် မီးလောင်သွားသလဲ၊ ရှေးဟောင်း ဗိသုကာလက်ရာ ဘုရားကျောင်း ပါသွားသလား မပါသလားဆိုတာတွေ ခုချိန်ထိ မသိရှိကြရသေးဘူးလို့လည်း ဆိုပါတယ်။  

အလားတူ ရာနဲ့ချီတဲ့ အရေအတွက် ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီး ခံနေကြရဆဲ လည်းဖြစ်ပါတယ်။ ဒီလို မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးကို တားဆီးနိုင်မယ့် နည်းလမ်းမရှိိတော့ဘူးလားလို့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ နေအိမ်တွေ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတဲ့ အနေအထားဟာ PDF လှုပ်ရှားမှုကို မြေလှန်ပစ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်ပြီး အစပိုင်းမှာ တိုက်ပွဲဖြစ်တဲ့ ကျေးရွာ ၊ သို့မဟုတ် အနီးက ကျေးရွာနဲ့ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ အနီးက ကျေးရွာတွေကို လုပ်ရာက နောက်ပိုင်းမှာတော့ ဒေသတခုလုံးကို မြေလှန်တဲ့သဘောနဲ့ ပိုင်ဆိုင်မှုတွေ မရှိတော့အောင် ၊ လက်နက်ကိုင် တိုက်ခိုက်မှုအတွက် ထောက်ပံ့စရာ ငွေကြေး ပိုင်ဆိုင်မှုခမ်းခြောက်သွားအောင် ရည်ရွယ် လုပ်ဆောင်နေတဲ့ သဘောလည်း ဖြစ်လာပါတယ်။  

ဒီလုပ်ရပ်ဟာ စစ်ကောင်စီတပ်ကို လူထုက ပိုပြီး နာကျည်းလာစေမှာ ဖြစ်ပေမယ့်လို့ PDF တွေအနေနဲ့ တဖက်မှာလည်း ကျေးရွာတွေကို အကာအကွယ် ပေးနိုင်ဖို့ နည်းလမ်းမရှိတော့ဘူးလား သို့မဟုတ် မီးရှို့ဖျက်ဆီးမှုတွေကို ဘယ်လို တားဆီးနိုင်မလဲ ဆိုတဲ့ အဖြေရှာဖို့ လိုအပ်ပြီလို့ ထင်မြင်မိပါတယ်။  

နေအိမ်တွေ ကျေးရွာတွေ မြေလှန်ဖျက်ဆီးခံနေရတာဟာ နိုင်ငံရေးအရ စည်းရုံးရေးအရေ စစ်ကောင်စီရဲ့ ဆိုးယုတ်မှုကို ပေါ်လွင်စေတာမှန်သော်လည်း တဖက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ထောက်ခံနေတဲ့ လူထုက ကုန်းကောက်စရာမရှိအောင် ပိုင်ဆိုင်မှုတွေ ဆုံးရှုံး ပျက်စီးသွားရတဲ့အခြေအနေမျိုးကို ရသလောက်တော့ တားဆီး ကာကွယ်ပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။  

PDF အချင်းချင်း အကြား ဆက်သွယ်မှု ပူးပေါင်းမှု၊ တပြိုင်နက်တည်း လှုပ်ရှားနိုင်မှု၊ တဘက်က တိုက်ခိုက်ခံနေရချိန် ဒေသတခုမှာ ဖျက်ဆီးခံရချိန်မှာ အနီးအနားဒေသတွေက ကူညီအားဖြည့်မှုတွေ လုပ်ဆောင်နိုင်ဖို့ ကျေးရွာအလိုက် သို့မဟုတ် မြို့အလိုက်ဖွဲ့ထားတဲ့ အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ လိုအပ်မယ် ထင်ပါတယ်။ လောလောဆယ် အခြေအနေမှာ တချို့ဒေသတွေမှာလည်း မဟာမိတ်ဖွဲ့ပြီး လုပ်ကိုင်ကြတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရကြားရပေမယ့် ဘယ်လောက် အဆင့်ထိ မဟာမိတ်ဖွဲ့နိုင်ကြသလဲ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ကြသလဲတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  

ဒီနေရာမှာ စစ်ရေးအရ ဗဟိုဦးဆောင်တဲ့ အဖွဲ့အစည်း ဗဟိုက မဟာဗျူဟာ ချမှတ်တာ၊ ချမှတ်နိုင်တာ၊ ဗဟိုက ထောက်ပံ့ကူညီနိုင်တာစတဲ့ အချက်တွေလည်း ဘယ်လောက်ထိ ကျင့်သုံးနေကြသလဲ ကျင်းသုံးနိုင်ကြသလဲ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ ဒီလိုအချက်အလက်တွေက တော်လှန်ရေး အရှိန် ၊ အဟုန် မကျဆင်းသွားဖို့နဲ့ အချိန်ကြာာလာသည်နဲ့အမျှ လူထုရဲ့ တောင့်ခံနိုင်မှုကလည်း အကန့်အသတ်ရှိတာတွေကြောင့် အမြန်ဆုံး သုံးသပ်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar