Breaking News

ညိုထက်ညို - ကျွန်တော့်ကိုလည်း နွေဦးလို့ ခေါ်

ကျွန်တော့်ကိုလည်း နွေဦးလို့ ခေါ်
ညိုထက်ညို
(မိုးမခ) မေ ၂၉၊ ၂၀၂၂

အသက်က အရင်းဆိုရင်
အဖျားက မင်း ဖြစ်တယ်။

ဝတ်ရည်တည်ကာစ ကြယ်ကလေးက
ငယ်သေးသတဲ့
ဟိုယာတရိုး
မီးခိုးလုံးတွေ
စကြဝဠာ အနန္တ
နွေအနန္တထဲ
နွေ၏အလွန် 
မိုးငွေ့သွန်သော်
ငါ ပြန်စရာ ဘယ်မှာလဲ။

နောက်ဆုံးတော့လည်း နေမြဲနေ့ရက်တွေထဲ ငါ နေမြဲနေဆဲ
ညီအစ်ကိုမသိတသိမှာပဲ ထိထိမိမိ ငါ သိခဲ့တာ
ဒီကမ္ဘာမှာ ငါးတွေရှိတာ၊ ငါးတွေထက် ပိုပြီး ငါတွေ ရှိနေတာ
ကမ္ဘာကြီးလည်း သနားဖွယ်။

အကြီးအကျယကို သေးငယ်ရတဲ့ ဖြစ်စဉ်ထဲ
လွယ်လွယ်လေးလွဲခဲ့ပေမယ့် မှန်ခွင့်တော့ရှိနေသေးရင်
ငါဟာ လူပီသစွာ လေးလံလိုသူပါကွယ်။ 

နောက်တခါ နွေဦးလို့ ခေါ်ရင်လည်း
ငါကတော့ ပြန်ထူးဦးမှာပါ
ဆိုတော့ နွေကို မျှော်သလို မင်းကိုမျှော်မိသူကို
နေပျော်စေနိုင်တဲ့နှုတ်ခမ်းကလေးနဲ့ ရယ်သွမ်းသွေးရင်း ဖတ်ကြည့်ပါ
မေရေ မနေအပ်တဲ့အရပ်မှာလည်း ပန်းတွေပွင့်တယ်
မနေအပ်တဲ့မြေမှာလည်း ပန်းတွေဝေပါတယ် ။  ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar