ညိုထွန်းလူ - ဒီလိုပါပဲကွာ
(မိုးမခ) မေ ၂၈၊ ၂၀၂၂
လက်ပံတောရွာဆိုပေမယ့် ရွာထဲမှာ လက်ပံပင်ပေါက်စနလေးတောင် မတွေ့ရဘူး။ ဒါပေမယ့် ရွာနဲ့နှစ်ဖာလုံလောက်အဝေးမှာ လက်ပံပင်ကြီးနှစ်ပင်ရှိနေလို့အဲဒါကိုပဲအစွဲပြုပြီးရွာနာမည်ဖြစ်လာခဲ့တာလား။ ဒီလိုဆိုရင်လည်း လက်ပံနှစ်ပင်ရွာလို့ခေါ်ရမှာလေ။ ဘာပြုလို့ လက်ပံတောလို့ဖြစ်လာရတာတုန်း။ ထားလိုက်ပါ။ ရွာနာမည်ရဲ့ဗျုပ္ပတ်ကိုဘယ်သူမှစိတ်မဝင်စားကြလို့ လက်ပံတောဆိုတော့လည်း လက်ပံတောလိုက်ကြတာပေါ့။
လက်ပံတောရွာဟာ မြို့နဲ့အလှမ်းဝေးပြီး ချောင်ကျတဲ့နေရာမှာရှိသလို သွားရေးလာရေးလည်း ခက်ခဲတယ်။ တစ်ရွာလုံးမှာ အိမ်ခြေတစ်ရာတောင်မပြည့်ပေမယ့် လက်ပံတောရွာသူကြီးဦးဘိုးဒင်ရှိနေလို့ နဘေးရွာတွေက လေးစားကြရတယ်။ ခေတ်စကားနဲ့ပြောရရင် လက်ပံတောဟာအဲဒီတစ်ဝိုက်မှာတော့အကောင်ပဲ။ ရွာသူကြီးဘိုးဒင်ကလည်း ပေါ့သေးသေးမဟုတ်ဘူး။ ဒီလောက်ခေါင်တဲ့အရပ်ကနေ မြို့ကို ခဏခဏသွားပြီး မင်းပေါက်စိုးပေါက်ရှိတဲ့သူ။ ဂျပန်ခေတ်တုန်းကလည်း ဂျပန်စကားပြန်လုပ်ခဲ့တယ်။ ဂျပန်မာစတာတွေက သူ့ဆိုရင် ဘိုးဒင် ကောင်းဒက ကောင်းဒကနဲ့ ချီးမွမ်းကြတယ်။ ဂျပန်ပြေးပြီး အင်္ဂလိပ်တွေပြန်ဝင်လာတော့လည်း သခင်ကြီးတို့နဲ့ဖက်လှဲတကင်းပဲ။
ဒီတော့ ဦးဘိုးဒင်ဟာ တိုင်းပြည်လွတ်လပ်ရေးရပြီး မာစတာနဲ့သခင်ကြီးတို့မရှိတော့ပေမယ့် ဒီနယ်တကြောမှာ သူမှသူ သူ့ဆုံးဖြတ်ချက်ပဲအတည်ဖြစ်ရတဲ့အထိ ဘုန်းတန်ခိုးတွေကြီးမားနေတယ်။ ဒီနေရာမှာ တစ်ခြားရွာသူကြီးတွေက သူ့လောက်မစွမ်းဘူးလားလို့ မေးစရာရှိတယ်။ ဘယ်ဟုတ်ပါ့မလဲ။ သူကြီးတွေကလည်း နှယ်နှယ်ရရတော့မဟုတ်ဘူးနော်။ အာဏာပါဝါရဲ့အမှတ်လက္ခဏာဖြစ်တဲ့ နှစ်လုံးပြူးသေနတ်ကိုင်နိုင်ကြတဲ့သူကြီးတွေ။ လက်ပံတောရွာသူကြီးဦးဘိုးဒင်မှာတော့ နှစ်လုံးပြူးသေနတ်မရှိဘူး။ ရွာသူကြီးတိုင်းလိုချင်မက်မောတဲ့နှစ်လုံးပြူးသေနတ်ကိုလည်း စိတ်မဝင်စားဘူး။ သူ့မှာခြောက်လုံးပြူးသေနတ်ရှိသတဲ့။ အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်က သူ့ကိုပေးသွားတာတဲ့။ ဒါကြောင့်မို့ တစ်ခြားရွာသူကြီးတွေခမျာ သူကြီးချင်းအတူတူ ဦးဘိုးဒင်ကခြောက်လုံးပြူးသေနတ်တန်ခိုးနဲ့ ပါဝါကြီးနေတော့ အားလုံးက သူ့ကိုဦးညွတ်ကြရတော့တယ်။
တစ်ခါက မြို့က အဝိန်ရဲ့ခေါက်ဆွဲဆိုင်မှာ ဦးဘိုးဒင်တစ်ယောက်သောက်ရင်းစားရင်း ဌာနအုပ်နဲ့ရန်ဖြစ်ပြီး ဌာနအုပ်ကိုခြောက်လုံးပြူးနဲ့ပစ်
ထည့်လိုက်တယ်ဆိုပဲ။ ဒီအကြောင်းကို သူ့ရဲ့တပည့် ငမှင်ကပြန်ပြောလို့သိရတာရယ်။
သူကြီးကကွာ မပြောမဆိုနဲ့ သူ့လွယ်အိတ်ထဲကခြောက်လုံးပြူးသေနတ်ကိုထုတ်ပြီးပစ်ထည့်လိုက်တာ ကံကောင်းလို့ဟေ့။ ကျည်ဆံကဌာနအုပ်မင်းရဲ့နားရွက်နားက ဝီကနဲဖြတ်သွားတာဟ။ ငမှင်ကပြောရင်းနဲ့ တစ်ကိုယ်လုံးတုန်သွားလို့ သူ့အနားမှာဝိုင်းအုံနားထောင်နေကြတဲ့သူတွေလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။ တစ်ချို့ကတော့ ဌာနအုပ်ကိုသေနတ်နဲ့ပစ်တယ်ဆိုလို့ ကြိတ်ပြီးသဘောကျနေကြတယ်။ဒါမှငါတို့သူကြီးလို့ပြောသူကပြော။ တစ်ယောက်တစ်ပေါက်ပြောကြရင်း အသံတွေတိတ်သွားချိန်မှာပဲ ပေါက်စက ဘဒွေးငမှင် ခြောက်
လုံးပြူးသေနတ်က ဘယ်လိုဟာလဲဗျဆိုပြီးမေးလိုက်လို့ ငမှင်စိတ်ညစ်သွားတယ်။ ဆယ်နှစ်သားလောက်ရှိတဲ့ဒီကောင်လေးနားလည်အောင်ဘယ်လိုရှင်းပြရမလဲ။
ဟ ... ခြောက်လုံးပြူးသေနတ်ကိုများဘာမှတ်နေလဲ။ နှစ်လုံးပြူးသေနတ်ထက် သုံးဆစွမ်းတာပေါက်စရလို့ပြောလိုက်တယ်။ နှစ်လုံးပြူးသေနတ်ကိုတောင် ကောင်းကောင်မမြင်ဘူးကြတဲ့ လက်ပံတောရွာသားတွေလည်း ငမှင်ရဲ့ခြောက်လုံးပြူးသေနတ် ဒက်ဖနေရှင်းဖွင့်ဆိုရှင်းပြချက်ကို ခေါင်းတငြိမ့်ငြိမ့်နဲ့ရယ်။ ဟုတ်တာပေါ့ နှစ်လုံးပြူးသေနတ်ထက်သုံးဆကြီးများတောင် အစွမ်းထက်လို့ခြောက်လုံးပြူးလို့ခေါ်တာကိုးလို့ပဲ တွေးလိုက်ကြတယ်။
အဲဒီခြောက်လုံးပြူးသေနတ်က သူကြီးဦးဘိုးဒင်အမြဲလွယ်ထားတဲ့ လွယ်အိတ်ကလေးထဲမှာရှိသတဲ့။ လွယ်အိတ်ကြိုးကတိုနေတော့ လွယ် အိတ်ကိုလွယ်ထားရင် ချိုင်းကြားထဲညှပ်ထားသလိုဖြစ်နေတယ်။ ပြီးတော့ သူကြီးက ကွမ်းဝါးလို့ လွယ်အိတ်ထဲမှာ ကွမ်းအစ်သေးသေးကလေးလည်းထည့်ထားတယ်။ တကယ်တော့ သူကြီးဦးဘိုးဒင်ရယ်လို့ ဟိတ်ဟန်ကြီးနေပေမယ့် လူဗလံလေးပါ။ တစ်ခြားရွာက သူကြီးတွေနဲ့စကားပြောရင် ပခုံးပေါ်ကလွယ်အိတ်ကိုဖြုတ်ပြီး သူ့ရှေ့မှာချထားလိုက်တယ်။ ပြီးမှ တင်ပလ္လင်ခွေထိုင်ရင်း လွယ်အိတ်ထဲကကွမ်းအစ်ကိုထုတ်ပြီး ကွမ်းယာ ယာစားတယ်။ အနားမှာရှိတဲ့သူတွေရဲ့မျက်လုံးတွေက တစ်ခုခုရှိနေပြီး ခပ်ဖေါင်းဖေါင်းဖြစ်နေတဲ့လွယ်အိတ်ဆီကိုရောက်နေကြတယ်။ လွယ်အိတ်ထဲကကွမ်းအစ်ကိုထုတ်ယူပြီးပြီဆိုတော့ လွယ်အိတ်ထဲမှာကျန်တဲ့ပစ္စည်းက ခြောက်လုံးပြူးသေနတ်ဖြစ်နိုင်တယ်လို့ တွက်ဆထားကြတယ်။
ခြောက်လုံးပြူးသေနတ်က ဘယ်လိုပုံစံလဲ၊ အကောင်သေးသလောက် တကယ်အစွမ်းထက်တယ်ဆိုတော့ ကြည့်ချင်မြင်ချင်ကြပြီး ဖြစ်နိုင်ရင်ကိုင်ကြည့်ချင်ကြတယ်။ ခက်တာက သူကြီးရဲ့လွယ်အိတ်ထဲကခြောက်လုံးပြူးသေနတ်ကိုပြစမ်းပါဦးဗျလို့ ဘယ်သူမှမပြောရဲကြဘူး။ ဦးဘိုးဒင်ရဲ့စိတ်က လက်တစ်ဆစ်လောက်ပဲမို့ စိတ်တိုတိုနဲ့ခြောက်လုံးပြူးသေနတ်ဆွဲထုတ်ပြီး ပစ်လိုက်ရင်မခက်ပါလား။ ဌာနအုပ်မင်းလည်း သူ့သေနတ်စာမိတော့မယ့်သာဓကလည်းရှိနေမင့်ဥစ္စာ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သူကြီးဦးဘိုးဒင်မှာ ခြောက်လုံးပြူးသေနတ်ရှိနေမှန်းသိကြလို့သူခိုး ဓါးပြရန်တွေ ကင်းဝေးနေတယ်။ အရင်တုန်းက လက်ပံတောတစ်ဝိုက်က အင်မတန်မှကြမ်းတာကိုး။ ဘယ်ရွာမှာတော့ ဓါးပြတိုက်သွားပြန်ပြီဆိုတဲ့သတင်းတွေ ခဏခဏကြားရပေမယ့် ဦးဘိုးဒင်လည်းသူကြီးဖြစ်သွားရော ဓါးပြတိုက်တဲ့အသံတွေလည်း မကြားရတော့ဘူး။စွမ်းလိုက်ပါပေ့။
× × × × ×
အံ့သြစရာတော့ကောင်းတယ်။ တစ်ရက်တော့ ဦးဘိုးဒင်က တစ်ခြားရွာတွေကသူကြီးတွေကို ဖိတ်ခေါ်လိုက်တယ်။ လူစုံတက်စုံဆုံကြတဲ့အချိန်မှာ အားလုံးရဲ့ရှေ့မှာပဲ သူအမြဲလွယ်ထားတဲ့သူ့လွယ်အိတ်ကလေးကို သူ့ရဲ့တစ်ဦးတည်းသောသား ထွန်းကြိုင်ကိုပေးလိုက်တယ်။
ငါ့သား အဖေတော့ နားနားနေနေ နေတော့မယ်။ အဖေပေးတဲ့လွယ်အိတ်ကိုလွယ်ပြီး ရပ်အကျိုးရွာအကျိုးကိုဆောင်ရွက်ပါလို့ပြောလိုက်တယ်။ ဒါက သူ့ရဲ့ သူကြီးမင်းအာဏာပါဝါတွေကို လူသိရှင်ကြားလွှဲပေးလိုက်တဲ့သဘောပါ။ အဲဒီကစပြီး ထန်းရေသောက်လိုက် ကြက်တိုက်လိုက်နဲ့ အပျော်ကြီးပျော် ကိုကြီးကျော်လိုလုပ်နေတဲ့ ထွန်းကြိုင်လည်း လက်ပံတောရွာရဲ့ အော်တိုမစ်တစ်သူကြီးမင်းဖြစ်သွားပါလေရော။ဘယ်သွားသွား လွယ်အိတ်ကလေးတလွယ်လွယ်နဲ့။
ဇာတိ ဇရာ ဗျာဓိ မရဏတဲ့။ သူကြီးဦးဘိုးဒင်ဆုံးသွားတော့ အသက်ခြောက်ဆယ်တောင်မပြည့်သေးဘူး။ အခေါင်းကိုမြေချတော့ ထွန်းကြိုင်က ပုဆိုးနဲ့ထုပ်ထားတဲ့ယွန်းဘူးကလေးကို အခေါင်းထဲထည့်ပေးလိုက်ရင်း အဖေ့ပစ္စည်းကိုအဖေပဲပြန်ယူသွားတော့။ ကျုပ်မှာလည်းရှိပါသေးတယ်လို့ပြောလိုက်တယ်။ အဲဒီယွန်းဘူးထဲမှာ ခြောက်လုံးပြူးသေနတ်ထည့်ထားဟန်တူရဲ့။ ဒါပေမယ့် ထွန်းကြိုင်ကတော့ သူ့အဖေပေးတဲ့လွယ်အိတ်ကလေးကိုပဲလွယ်နေတုန်းပဲ။ သူက ကွမ်းမစားလို့ ကွမ်းအစ်နေရာမှာ အရက်ပုလင်းရောက်လာတယ်။ သူ့အဖေလိုပဲ လွယ်အိတ်ကို ဘယ်သူ့မှကိုင်ခွင့်မပေးဘူး။
ဒီလိုနဲ့လေးငါးခြောက်လအကြာ တစ်ညမှာတော့ တက်သစ်စသူကြီးမင်းထွန်းကြိုင်ရဲ့အိမ်က ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ အော်ဟစ်သံတွေထွက်လာတယ်။ လမိုက်ညမို့ ပိန်းပိတ်အောင်မှောင်နေတယ်။ ခွေးတွေကလည်းအူလို့။ အဲဒီအချိန်မှာပဲ သူကြီးမင်းဦးဘိုးဒင်ကခြောက်လုံးပြူးသေနတ်ကြီးကိုင်ပြီး ရောက်လာတယ်ဆိုပဲ။
အဖေပြန်တော့ဗျာ။ ကျုပ်မှာလည် းသေနတ်အသစ်တစ်လက်ရှိပါတယ်လို့ ထွန်းကြိုင်ကအော်ပြောသတဲ့။ ဒီအကြောင်းတွေကို နောက်တစ်နေ့မနက်ထွန်းကြိုင်ရဲ့တပည့်တွေပြောမှသိရတာပါ။ သတင်းက နဘေးရွာတွေကို ချက်ချင်းပျံ့သွားတယ်။ စိုးကြီးရဲ့အရက်ဆိုင်မှာလည်းအဲဒီသတင်းကို တော်တော်နဲ့ပြောလို့မပြီးကြဘူး။ အရက်ဝိုင်းမှ ာငမှင်ကတော့ စိတ်ဝင်စားပုံမရဘဲ ဆေးပေါ့လိပ်ဖွာလိုက် အရက်သောက်လိုက်။ သူကြီးမင်းအသစ်ထွန်းကြိုင်က သူ့တပည့်ရင်းတွေကိုပဲ အရေးပေးတော့ ငမှင်လည်း ဘေးရောက်သွားပြီလေ။ သူကြီးမင်းနဲ့ခြောက် လုံးပြူးသေနတ်အကြောင်းပြောကြတိုင်း ငမှင်က မသိသလိုလုပ်နေတယ်။ ဇွတ်အတင်းမေးတော့မှပဲ သူ့ဆီကအသံထွက်လာခဲ့တယ်။ ဒီလိုပါပဲကွာတဲ့။ နားထောင်နေကြတဲ့သူတွေက အူကြောင်ကြောင်နဲ့ သူ့ကိုကြည့်နေကြတယ်။ ဘာ ဒီလိုပါပဲကွာတုန်းဟ မင့်စကားက မရှင်းမရှင်းနဲ့အကြောင်းရင်းကို လင်းစမ်းပါဦးငမှင်ရလို့မေးပေမယ့် အသံတိတ်နေတယ်။
အခုတော့နှစ်တွေလည်းကြာကုန်ပြီမို့ လက်ပံတောမှာ ဦးငမှင်ရော သူကြီးမင်းဦးထွန်းကြိုင်တို့ရောမရှိကြတော့ပါဘူး။ အကုန်လုံးအနိစ္စသဘောနဲ့ ကိစ္စချောကုန်ကြပြီကိုး။ ခြောက်လုံးပြူးသေနတ်အကြောင်းမေးဘူးတဲ့ဦးပေါက်စတောင် အသက် ၇ဝ နားကပ်နေပြီ။ အဲဒီအချိန်တုန်းကတော့ ငါက အသက်ငယ်သေးလို့ သိချင်နေတာကိုးကွ။ ဒီလိုပါပဲကွာ ဘာရယ်လို့မဟုတ်ပါဘူးလို့ လက်ပံတောရွာဆီကို အဝေးကနေ ရင်တထိတ်ထိတ်နဲ့ လှမ်းမျှော်ငေးရင်း ဦးပေါက်စကပြောလိုက်လေရဲ့။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar