Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၀ မြင်ကွင်း

(မိုးမခ) မေ ၁၁၊ ၂၀၂၂


ခြေလှမ်းကျဲတဲ့ သွေးသောက်၊ ကြားကာလ အုပ်ချုပ်ရေး ပြီးတော့ လူထုထောက်ပို့ နဲ့ တော်လှန်ရေး

ဖိလစ်ပိုင်မှာ ရွေးကောက်ပွဲ ကျင်းပတော့ လွန်ခဲ့တဲ့ ၁၉၈၆ က ပြုတ်ကျသွားတဲ့ အာဏာရှင် မားကို့စ်ရဲ့ သား ဂျူနီယာမားကို့စ် မဲအသာရနေတဲ့ သတင်းတွေ တက်လာတယ်။ တပါတီ အာဏာရှင်တွေ ကြီးစိုးတဲ့ အာဆီယံနိုင်ငံတွေမှာ ၁၉၉၀ ဝန်းကျင်ကစပြီး အပြောင်းအလဲတွေ ဖြစ်၊ ပါတီစုံ ရွေးကောက်ပွဲစနစ်တွေ အသွင်ပြောင်းကုန်ကြတယ်။ 

မားကို့စ် အာဏာရှင်နောက်မှာ လူထုမဲဆန္ဒနဲ့ ရွေးကောက်ပွဲ အနိုင်ရသူ သမ္မတနဲ့ အစိုးရတွေ ဖွဲ့ပြီး ဖြတ်သန်းလာနေကြတာ အနှစ် ၃၀ ကျော်ခဲ့ပြီ။ အခုတော့  ပြည်သူတွေ အုံကြွပြီး ဖြုတ်ချခဲ့ရတဲ့ အာဏာရှင်ရဲ့ မျိုးဆက် တစခန်းထလာတော့ နိုင်ငံရေးက ဘောလုံးလိုပဲ လုံးတာလား၊ လူထုတွေ မျိုးဆက်တွေကိုယ်တိုင်က သမိုင်းတပတ်လည်တာကို ကိုယ်တိုင်ပဲ ရွေးချယ်နေကြတာလား စဉ်းစားခန်းဝင်စရာ ဖြစ်ပါတယ်။ အာဏာရှင်လက်အောက် သွေး ချွေး အသက် စတေးခဲ့ရသူတွေ ကျန်ရစ်သူမိသားစုတွေ အဲသည်မျိုးဆက်တွေကတော့ အာဏာရှင်မျိုးဆက် ရွေးကောက်ပွဲ အနိုင်ရလာမှာကို လက်မခံချင်ကြပါ။

မြန်မာပြည်မှာကတော့ အာဏာရှင် စစ်အုပ်စုကပဲ လက်ပြောင်း အုပ်ချုပ် ကြီးစိုးနေဆဲ ဖြစ်ပါတယ်။ အခြားအာဆီယံနိုင်ငံတွေလို ရွေးကောက်ပွဲအနိုင်ရ အစိုးရအုပ်ချုပ်ခွင့် သက်ဆိုးမရှည်ပါ။ အခု စစ်ကောင်စီက တဖက်၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရသူ ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရက တဖက် စစ်ရေး၊ နိုင်ငံရေး အထွေထွေတိုက်ပွဲစုံနဲ့ ဖြတ်သန်းနေတာ တနှစ်ကျော်ခဲ့ပါပြီ။ 

အခု ဒီရက်ပိုင်းမှာ စကစ အားပေးအားမြှောက်ပြုထားတဲ့ အကြမ်းဖက်လူသတ်တပ်ဖွဲ့ သွေးသောက်လူသတ်သမားတွေက ပြည်သူတွေကို လိုက်လံသတ်ဖြတ်တာ၊ ခြိမ်းခြောက်တာတွေ ပိုမိုကျူးလွန်လာပါတယ်။ NLD အမတ်တွေကို ပစ်မှတ်ထားပြီး မိသားစုဝင်တွေကိုပါ သတ်ဖြတ်တာ သတ်ဖြတ်ဖို့ ကြိုးစားလာပါတယ်။ 

စစ်ကောင်စီလက်ပါးစေ ဒလန်တွေ၊ အကြမ်းဖက်သမားတွေက ဆိုရှယ်မီဒီယာကနေ ပြည်သူတွေကို ပစ်မှတ်ထား အသံထွက် သတင်းထုတ် ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီကိုယ်တိုင်က လိုက်လံဖမ်းဆီးတာ၊ နေအိမ် လုပ်ငန်း ပစ္စည်းတွေ သိမ်းဆည်းတာ လုပ်ဆောင်ကျူးလွန်နေရာက သွေးသောက်အကြမ်းဖက်သမားအဖွဲ့တွေ မွေးထုတ်ပြီး အသက်ပါ ရန်ရှာသတ်ဖြတ်တာကို တိုးမြှင့်ကျူးကျော်လာတာ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်းသာမက ပြည်ပက မြန်မာ့အရေးထောက်ခံသူတွေကိုပါ ဆဲဆို ခြိမ်းခြောက်တာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ ပြည်ပရောက် မြန်မာအချို့ကလည်း သွေးသောက်တွေကို အားကိုးပြီးတော့ ထပ်ဆင့် ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

စစ်ကောင်စီရဲ့ ဒလန်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ အဖျက်သမားတွေနဲ့ အခုလို အကြမ်းဖက်သမားတွေကို ပြည်တွင်းမှာ ခုခံစစ်ဆင်နွှဲနေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မိမိတို့ အစီအစဉ် ဆုံးဖြတ်ချက်တွေနဲ့အတူ လက်တုံ့ပြန်ကြဦးမှာ မလွဲပါဘူး။ အင်န်ယူဂျီအစိုးရ၏ အခေါ်  “ကြားကာလ” မှာ တရားဥပဒေစိုးမိုးဖို့နဲ့ ပွင့်လင်းမြင်သာသော တရားစီရင်ရေး မထိရောက်နိုင်တာမို့ သည်အကြမ်းဖက်မှုတွေ လက်တုံ့ပြန်အကြမ်းဖက်မှုတွေကို လက်နက်မဲ့ပြည်သူတွေက အကာအကွယ်မဲ့ ဆက်လက်ခံစားနေကြရဦးမှာ ဖြစ်ပါတယ်။  တရားဥပဒေနဲ့ စိုးမိုးမှု ထိရောက်တာ မထိရောက်တာ အသာထား၊ လူထုဘက်က ရပ်တည်ပေးတဲ့ အသံထုတ်ပြန်တဲ့ အစိုးရတရပ်အသွင်လက္ခဏာကိုတော့ NUG က ဖော်ဆောင်ရပါမယ်။ ဘာသိဘာသာနေလို့တော့ မရပါ။

နောက်သတင်းတခုကတော့  NUG ပြည်ထဲရေးဝန်ကြီးအောက်က ထွေအုပ် (ပြည်သူ့အုပ်ချုပ်ရေး) ဌာနတွေက နယ်မြေ အပိုင်းအခြားဆိုင်ရာ အငြင်းပွားမှုတခုကို ဖြေရှင်းချက် ထုတ်ပြန်တာကို တွေ့ရတာ ဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ကို ကယား(ကရင်နီ) ပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အချို့က ဆွဲသွင်းလာတာနဲ့ ပတ်သက်ပြီး အခြားအဖွဲ့အစည်းများနဲ့ အငြင်းပွားမှု ဖြစ်ကြတယ် ဆိုပါတယ်။ NUG ပအဖ ဌာနက ဖြေရှင်းတာကတော့ ကြားကာလမှာ ပိုနေမြဲ ကျားနေမြဲ သဘောထားဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အရေးတော်ပုံကာလအလွန် ကျင်းပပြီး ဆုံးဖြတ်ပေးမယ်လို့ ဆိုလိုက်ပါတယ်။ တော်လှန်စစ်ပွဲ အဆက်မပြတ် ဖြစ်ပွားနေချိန်အတွင်း နယ်မြေပိုင်းဆိုင်ရာသာမက စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး အငြင်းပွားမှု စွပ်စွဲမှု ကျုးလွန်မှုတွေအတွက် NUG, CRPH, NUCC နဲ့ PDF, ERO တွေသာမက အရပ်ဘက် အရပ်သား ဘက်မျိုးစုံမှာ ချိတ်ဆက်မှု၊ ပြင်ဆင်မှု၊ နားလည်မှုတွေ၊ ဆွေးနွေးမှုတွေ တည်ဆောက်ဖို့ အချက်ပေးသံ ဖြစ်ပါတယ်။

တဆက်တည်း တင်ပြလိုတာကတော့ NUG bonds တွေ နဲ့အတူ NUG share လို့ ခေါ်လို့ရမယ့် စစ်ကောင်စီ ပိုင်ဆိုင်မှုတွေကို ဈေးသတ်မှတ် ရောင်းချတာတွေ  စတင်ပြီးအရှိန်ရနေတာ ဖြစ်ပါတယ်။ ၅ ရက်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ပိုင်ဆိုင်မှုတခုဖြစ်တဲ့ ရန်ကုန် အင်လျားလမ်းခြံတခုကို တန်ဖိုးတခု သတ်မှတ်ပြီး ပြည်သူအများပိုင် အစုရှယ်ယာများ ခွဲဝေပိုင်ဆိုင်ခွင့်ကို ချရောင်းတာ ၅ ရက်အတွင်း ဒေါ်လာ ၅ သန်းတောင် ရနေပြီ ဆိုပါတယ်။ CRPH စတင်ကတည်းက NUG ဝန်ကြီးတွေဖြစ်လာမယ့် နွေဦးတော်လှန်ရေးထဲက NLD လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဦးဆောင်သူတွေဟာ ပြည်သူတွေဆီက အလှူငွေတွေ ထောက်ပံ့ငွေတွေကို အမြောက်အမြား တောင်းဆို အလှူခံနိုင်ခဲ့ပြီး ခုထိလည်း ဆက်လက်ပြီး နည်းလမ်းမျိုးစုံနဲ့ ပြည်သူ့ထောက်ခံမှု ပြည်သူ့ထောက်ပံ့မှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ဆဲဖြစ်တာကို အသိအမှတ်ပြုရပါမယ်။

သို့သော်လည်း ကြားကာလမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုတွေ လှူဒါန်းမှုတွေနဲ့ လက်နက် စားရေရိက္ခာ အမိုးအကာတွေကို ခြစ်ခြစ်ခြုတ်ခြုတ် စီမံရုန်းကန် ရပ်တည် တိုက်ပွဲဝင်နေရတဲ့ PDF LPDF UG အင်အားစုတွေ ရေရှည်မှာ အလှူရှင်အင်အားချည်းသက်သက်နဲ့ ရပ်တည်နိုင်ကြပါမလားဆိုတာလည်း မေးခွန်း ဖြစ်လာပါတယ်။ တော်လှန်ရေးအစိုးရတရပ်က ပြည်သူ့ဘဏ္ဍာ၊ အစိုးရဘဏ္ဍာကို ဘယ်လိုနည်းနဲ့ ရှာဖွေ ဖြည့်ဆည်းမလဲဆိုတာ ရေတိုအတွက်သာမက ရေရှည်အတွက်လည်း မေးခွန်းဖြစ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်းထားတဲ့ မီလျံ ဘီလျံချီတဲ့ မြန်မာပြည်အတွက် ဘဏ္ဍာငွေတွေ လက်ပြောင်းရယူနိုင်ပြီဆို အဆင်ပြေသွားမလား။ ဒါလည်း အများမေးနေတဲ့ မေးခွန်းပါ။ သို့သော် သူတို့ပြောတဲ့ကြားကာလမှာ ပြည်သူတွေ စိုက်ထုတ်ဖြေရှင်းပေးတာနဲ့ ပြည်သူတွေ ပေးဆပ်နေတဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ တော်လှန်ရေး ခြေလှမ်းဆက်နေရာတာကိုတော့ သတိချပ်နေရမှာ ဖြစ်ပါတယ်။

သည်နေရာမှာ ယူကရိန်းစစ်ပွဲအတွက် အမေရိကန်နဲ့ မဟာမိတ်တွေက တလအတွင်း ငွေကြေး၊ လက်နက်နဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုဟာ ဒေါ်လာအားဖြင့် ဘီလျံချီခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ စိတ်ဓာတ်အင်အားနဲ့ ပြည်သူ့အင်အားချည်းသက်သက်နဲ့ တနှစ်ကျော်ကြာ ကြံ့ကြံ့ခံနေရတာ ဖြစ်ပါတယ်။ ပြည်သူတွေ၏ အလှူငွေဟာ သန်းရာဂဏန်းရောက်နေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ နောက်တခု ပြောချင်တာကတော့ ခေါင်းဆောင်မှုပေးနိုင်တဲ့ အစိုးရနဲ့ စနစ်ကျတဲ့ အဖွဲ့အစည်း မဟာဗျူဟာ နည်းဗျူဟာမပါဝင်ရင် နိုင်ငံတခုဟာ တိုးတက်ထွန်းကားဖို့ လိုတာထက် အချိန်ပို ကြန့်ကြာနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ 

ဥပမာတခုကတော့ တောင်အမေရိကန်နိုင်ငံသားတွေက အမေရိကန်ပြည်ထောင်စုမှာ တရားဝင်ကော တရားမဝင်ပါ အလုပ်လာလုပ်ကြတယ်၊ ရှာသမျှ ငွေကြေးကို သူတို့တိုင်းပြည်ကို ပြန်ပို့ပြီး မိသားစုတွေကို ထောက်ပံ့ကြတယ်။ လက်ရှိအစိုးရတွေ စနစ်တွေ၊ မိသားစုတွေက ပြည်ပပို့ငွေတွေကို စနစ်တကျ လက်ခံသုံးစွဲ စီမံနိုင်ခြင်းမရှိတော့ နိုင်ငံခြားဝင်ငွေတွေဟာ စားတဲ့ သောက်တဲ့ စားဝတ်နေရေးစရိတ်နဲ့တင် ၆၀ ရာခိုင်နှုန်း ကုန်သွားပြီး စုဆောင်းခြင်း၊ တိုးပွားခြင်း၊ တည်ဆောက်ပြုပြင်ခြင်းတွေမှာ မသုံးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

လူထုထောက်ပို့နဲ့ တော်လှန်ရေးဆိုတာ အချိန်တိုတိုအတွင်း အထိရောက်ဆုံး အမြန်ဆုံးနဲ့ အောင်မြင်အောင် ဆင်နွှဲကြဖို့ လိုပါတယ်။ ကြားကာလ မကြာရှည်စေဖို့ ဦးဆောင်မှုတွေ ဆက်လက်ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar