Breaking News

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၅)

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၅) 
(မိုးမခ) မေ ၁၁၊ ၂၀၂၂              

အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတဲ့အထဲမှာ မဟာမိတ်တပ်ပေါင်းစု ညီညီညွတ်ညွတ် စုစုစည်း စည်း တိုက်ပွဲဝင်နိုင်ကြရေးဆိုတာကိုလည်း ထည့်ရမယ်ထင်ပါတယ်။ စစ်အပြီး ရေးသားခဲ့တဲ့ ‘လွိုက်ဂျော့၏ စစ်မှတ်တမ်းများအကြောင်း’ (War memoirs of David Lloyd George - By David Lloyd George) စာအုပ်ထဲက  ‘လွိုက်ဂျော့’ ကိုးကားခဲ့တဲ့စကားစုဟာ ဒီအကြောင်းကိစ္စအတွက် အသင့်တော်ဆုံးဖြေရှင်းချက်ဖြစ်ပါလိမ့် မယ်။ ‘စစ်ပွဲအကြောင်းကိုပိုသိလာလေလေ နပိုလီယန်ကို ကြီးကျယ်တဲ့စစ်ဘုရင်တယောက်ဆိုပြီး လက်ခံလို့ ပိုမရလေလေပဲ။ ဘာ့ကြောင့်လဲဆိုတော့ နပိုလီယန်ဟာ သူ့စစ်သက်တမ်းတလျှောက် မဟာမိတ်အဖွဲ့တွေနဲ့ပဲ တိုက်ခိုက်ခဲ့ရလို့’ ဆိုပြီးတော့ပါ။

တဘက်က မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ရလို့သာ အောင်နိုင်သူ စစ်သူကြီးဖြစ်ရတာပါဆိုတဲ့သဘော။ တွေးရင်းနဲ့ ပြုံးချင်စရာဖြစ်သွားအောင် သုံးနှုန်းထားတာဖြစ်ပေမယ့် မူရင်းပြောသူရော၊‘လွိုက်ဂျော့’ကပါ ‘နပိုလီယန်’ ရဲ့ စစ်ရေးစွမ်းရည်ကို နှိမ့်နှိမ့်ချချ ပြောလိုဟန်မရှိပါဘူး။ မဟာမိတ်ဖွဲ့ပြီး တပ်ပေါင်းစုအနေနဲ့ စစ်တိုက်ကြရတာဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မလွယ်ကူတာတွေက ခပ်များများဆိုတာကို၊ ပိုမြင်သာအောင်လို့ သာသာထိုးထိုး ပြောပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင်လည်း ပြောစရာပါပဲ၊ အပိုင်း (၁) မှာရေးခဲ့ဖူးသလို ‘နပိုလီယန်’ တယောက်ကလည်း ‘ဆဌမမြောက် မဟာမိတ်စစ်ပွဲ’ (၁၈၁၃-၁၈၁၄) ရောက်တဲ့အခါကျမှသာ မဟာမိတ်နိုင်ငံများကို စစ်ရှုံးနိမ့်ခဲ့တာပါ။

‘မဟာစစ်ပွဲကြီး’(Great War) ရယ်လို့ ခေါ်ဝေါ်ရလောက်အောင် အဲဒီခေတ်အခါက သမိုင်းအစဥ်အဆက် အနှိုင်း မဲ့ကြီးမားလွန်းတဲ့ ကမ္ဘာစစ်ကြီးမှာ  မဟာမိတ်နိုင်ငံများ ပေါင်းစည်းညှိနှိုင်းတိုက်ပွဲဝင်ကြရေးအတွက် အခက် အခဲများစွာ ကြုံတွေ့ခဲ့ကြရပါတယ်။ (၁၁) ရာစု နော်မန်တို့ ဗြိတိန်ကိုကျူးကျော်ခဲ့တဲ့ အချိန်ကစလို့ ဗြိတိသျှ -ပြင်သစ် စစ်ရေးဆက်ဆံမှုဟာ အဖုအထစ်များစွာ ရှိခဲ့ကြတော့ ဒီကမ္ဘာစစ်မှာ မဟာမိတ်ဖွဲ့ တိုက်နေကြရပေ မယ့် တစုတစည်းတည်း ပုံစံဖြစ်ဖို့က အတော်လေးမလွယ်ကူတဲ့ကိစ္စလို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမှာ တူညီတဲ့စစ်ရေးဗျူဟာ၊ တခုတည်းသော အမိန့်ပေးစနစ်အောက် ရောက်ကြဖို့က (၄) နှစ် တာကာလအတွင်း အကြိမ်ကြိမ်အခါခါ၊ နည်းလမ်းရှာ စဥ်းစားခဲ့ကြပေမယ့် တိုးတက်မှုက နှေးကွေးနေဆဲပါ။ ဒါပေမယ့် သက်ဆိုင်ရာအစိုးရများက စိတ်ပျက်လက်လျှော့ခြင်းမရှိပဲ ထိပ်တန်းဦးစားပေးအဆင့်မှာ ဆက် လက်ထားရှိပြီး ကြိုးစားအဖြေရှာခဲ့ကြပါတယ်။

◾️ပထမကမ္ဘာစစ်အတွက် မဟာမိတ်တို့၏ဒုတိယအဖြေ
မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းမွန်လာစေရေးအတွက် စဥ်းစားခဲ့ကြရာမှ ‘ထိပ်သီးစစ် ကောင်စီ’(SWC) ဖွဲ့စည်းနိုင်ခဲ့မှုက ပထမအဖြေလို့ ပြောရပါမယ်။ ပထမကမ္ဘာစစ်ကြီး (၃) နှစ်နဲ့ (၃) လ ကျော်လွန် ပြီးခါမှ ‘ထိပ်သီးစစ်ကောင်စီ’ လို အဖွဲ့အစည်းမျိုး ပထမဆုံးအကြိမ် ပေါ်ပေါက်လာနိုင်ခဲ့တာပါ။ ဒီကောင် စီ’ ပေါ် ပေါက်လာပြီးတဲ့နောက် အရင်ထက်ပိုပြီး ချိတ်ဆက်ဆောင်ရွက်လာနိုင်မှုများ တွေ့ခဲ့ရသလို မပြင်ဆင်နိုင်သေးတဲ့ အားနည်းချက်များလည်း ဆက်ပြီးရှိနေဆဲ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေအတွက် အရံတပ်ဖွဲ့များ စုစည်းထားရှိရေးအတွက် ဘုတ်အဖွဲ့ ဖွဲ့စည်းပေးနိုင်တာမျိုးက အောင်မြင်မှုတရပ်လို့ ပြောနိုင်ပါတယ်။ မဟာမိတ်များအတွက် ဝယ်ယူရေးနဲ့ဘဏ္ဏာရေးကောင်စီ ဖွဲ့စည်းပေး ခြင်း၊သယ်ယူပို့ဆောင်ရေး၊ရိက္ခာနဲ့ လက်နက်ခဲယမ်းစုဆောင်းရေး၊ စတဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ ကို ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ 

အစည်းအဝေးများမှာ ဗြိတိန်၊ပြင်သစ်၊အီတလီဝန်ကြီးချုပ်တွေ တက်ရောက်ကြပေမယ့် အမေရိကန်ကတော့ သမ္မတရဲ့ ကိုယ်စားလှယ်ကိုပဲ ကောင်စီကို လွှတ်လေ့ရှိပါတယ်။ အမြဲတမ်း စစ်ကိုယ်စားလှယ်များအနေနဲ့ ဗိုလ် ချုပ်ကြီး ‘ဝယ်လ်ဆင်’(General Henry Wilson - Britain)၊ ဗိုလ်ချုပ်ကြီး ’ဘလစ်’(General Tasker Bliss - U.S) ဗိုလ်ချုပ်ကြီး ‘ကဒိုနား’(General Luigi Cadorna - Italy)၊ ဗိုလ်ချုပ်ကြီး’ဗေဂွန်’ (General  Maxime Weygand -France) တို့ ပါဝင်ပါတယ်။ 

နိုင်ငံကိုယ်စားပြု အမြဲတမ်းစစ်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ဟာ ‘ထိပ်သီးစစ်ကောင်စီ’ ရဲ့  စစ်ရေးအကြံ ပေးများအဖြစ် ဆောင်ရွက်ကြဖို့ဖြစ်တယ်လို့ သဘောတူညီချက် စည်းကမ်းများမှာ ပါရှိပါတယ်။ ဒီ‌ကောင်စီအ နေနဲ့ အစိုးရများရဲ့ဆုံးဖြတ်ချက်များအတွက် လိုအပ်တဲ့ ထောက်ခံအကြံပြုမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ စစ်ဦးစီးချုပ်နဲ့ စစ်မြေပြင်စစ်ဦးစီးများရဲ့ စစ်ဆင်ရေးအကောင်အထည်ဖေါ်မှုတွေကတော့ သက်ဆိုင်ရာအစိုးရများပေါ်မှာပဲ မူတည်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

‘ထိပ်သီးစစ်ကောင်စီ’ရဲ့ အမြဲတမ်းစစ်ကိုယ်စားလှယ်များက သူတို့သဘောတူညီတဲ့ စစ်ဘက်ရေးရာ မူဝါဒ များကို သက်ဆိုင်ရာနိုင်ငံရဲ့ စစ်ဦးစီးချုပ်များကို အရင်တင်ပြရပါတယ်။ စစ်ဦးစီးချုပ်များက ဒီမူဝါဒများနဲ့ပတ်သက်ပြီး သူတို့ရဲ့အစိုးရများကို ဆက်လက်အကြုံပြဆွေးနွေးခြင်းတွေ လုပ်ဖို့တာဝန်ယူရပါတယ်။ လက်တွေ့ မှာတော့ သူတို့လက်မခံနိုင်တဲ့ အစီအစဥ်ဆိုရင် ဆက်မတင်ပြပဲ နှောင့်နှေးထားနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒါ့ကြောင့် ‘ထိပ်သီးစစ်ကောင်စီ’ဟာ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အမိန့်၊အာဏာ၊ လုပ်ပိုင်ခွင့်များ မပိုင်ဆိုင်တဲ့ အကြံပေးကော်မတီတရပ်သာ ဖြစ်သွားပါတယ်။

ဒီအတွက် အထက်ဖေါ်ပြပါ ဗိုလ်ချုပ်ကြီးတွေပါဝင်ပေမယ့် ‘ထိပ်သီးစစ်ကောင်စီ’ ရဲ့လမ်းညွှန်ချက်တွေကို စစ်မြေပြင်က ဦးစီးချုပ်တွေက ငြင်းပယ်တာတွေရှိပါတယ်။ ဥပမာ ပြင်သစ်-ဗြိတိသျှအရံတပ်ဖွဲ့များအတွက် တပ်သားခွဲတမ်းတွေ ချပေးဖို့ဆိုတာမျိုးကို ပြင်သစ်ဗိုလ်ချုပ်ကြီး ‘ပီတာ’(General Phillippe Pe’tain)နဲ့ ဗြိတိ သျှ ဗိုလ်ချုပ်ကြီး’ဟိဂ် (General Douglas Haig)တို့ နှစ်ယောက်လုံးက မလိုက်နာခဲ့တာမျိုးပါ။ 

စစ်ရေးကိစ္စဆွေးနွေးညှိနှိုင်းကြတဲ့ အခါမှာလည်း အများလက်ခံတဲ့ အဖြေတခုရဖို့ လွယ်ကူတဲ့ဟန် မရှိပါဘူး။ ဗြိတိန်နိုင်ငံ အစိုးရကက်ဘိနက်အဖွဲ့  အတွင်းရေးမှူး (၁၉၁၆-၁၉၃၈) အဖြစ် ‘လွိုက်ဂျော့’ ကစလို့ ‘ချိန်ဘာလိန်’ (Neville Chamberlain) လက်ထက်အထိ ဝန်ကြီးချုပ် (၅) ယောက်နဲ့ လက်တွဲလုပ်ခဲ့သူ၊ သူကိုယ်တိုင်လည်း ‘ဝင်စတန်ချာချီလ်’ရဲ့  အစိုးရအဖွဲ့မှာပါဝင်ခဲ့သူ ‘မောရစ်ဟန်းကီ’(Sir Maurice Hankey) ရဲ့  ‘ထိပ်သီးစစ်ကောင်စီ’ အစည်းအဝေး (၁၉၁၈ ခုနှစ် ဇန်နဝါရီ ၃၀- ဖေဖေါ်ဝါရီ ၁) အကြောင်း မှတ်တမ်းတင်ထားတာက ‘သူကြုံဖူးသမျှတွေထဲမှာတော့ အဆိုးဆုံး ကသောင်းကနင်းအဖြစ်ဆုံး၊ စစ်ဦးစီးချုပ်တွေ၊ အမြဲတမ်းစစ်ကိုယ်စား လှယ်အဖွဲ့ တွေက တယောက်နဲ့တယောက် မတူတဲ့အကြံဥာဏ်တွေ ဝိုင်းပေးခဲ့ကြတဲ့ အစည်းအဝေး’ဆိုပြီးတော့ပါ။

ပြန်စဥ်းစားကြည့်ရင် စစ်ဗိုလ်ချုပ်ကြီးတွေ တယောက်နဲ့တယောက်က လေ့လာသင်ကြားခဲ့ပုံ၊ ဖြတ်သန်းခဲ့ဖူး တဲ့ တိုက်ပွဲအတွေ့အကြုံ၊ အားသန်ရာ စစ်ဗျူဟာ၊ အားထားရာ တပ်ဖွဲ့၊ ကျွမ်းကျင်တဲ့ နည်းဗျူဟာ၊ ကိုယ်ပိုင် စစ်ရေးအမြင် စသည်တို့မှာ တထပ်တည်းကျဖို့ မဖြစ်နိုင်တဲ့အတွက် အားလုံးလက်ခံတဲ့ သဘောတူညီမှုရရှိဖို့ မလွယ်ကူသလို၊မြန်ဆန်တဲ့ ဆုံးဖြတ်ချက်လည်း မချမှတ်နိုင်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပြင်သစ်ဝန်ကြီးချုပ်သစ် ‘ကလဲမန်ဆို’(Georges Clemenceau) က မဟာမိတ်တပ်ဖွဲ့များ အ တွက် ပြင်သစ်စစ်သေနာပတိတယောက် ထားရှိဖို့ အမြဲစိတ်ထက်သန်ပြီး၊ ကော်မတီတခုဟာ (ဥပမာ-ထိပ်သီး စစ်ကောင်စီ) စစ်ပွဲအခင်းအကျင်းအတွက် စစ်သေနာပတိတယောက်ရဲ့ နေရာကို ဘယ်လိုမှအစားထိုးဝင်ယူလို့မရဘူးဆိုတဲ့အယူအဆကို တသမတ်တည်း စွဲကိုင်ထားခြင်း ဖြစ်ပါလိမ့်မယ်။ 

ဒါကိုလည်း ငြင်းဆိုရခက်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့များဆိုတာက အမိန့်ပေးစံနစ် တည်ဆောက်ထားပုံ အဆင့်ဆင့်ပုံစံအရသာ စစ်ရေးလှုပ်ရှားမှုများကို နာခံဆောင်ရွက်ကြဖို့ အသားတကျ ရှိကြတာပါ။ အမိန့်အာ ဏာပေးနိုင်စွမ်းမရှိတဲ့ ‘ထိပ်သီးစစ်ကောင်စီ’ ဟာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ ပါဝင်နေပေမယ့်၊ စစ်တပ်ဖွဲ့ စည်းပုံ အမိန့်ပေးစံနစ်ထဲမှာ ရှိမနေပဲ၊ ရုံးသဘောဆန်တဲ့ အကြံပေးညှိနှိုင်းရေး ကော်မတီဆန်ဆန်သာ ဖြစ်နေ လေတော့ စစ်ရေးမူဝါဒချမှတ်မှုမှာ ထိရောက်မှုနည်းပါးခဲ့တာကို တွေ့ရပါတယ်။

‘ကလဲမန်ဆို’လိုလားသလို ဆုံးဖြတ်ချက်ချနိုင်သူ သေနာပတိစစ်ဦးစီးချုပ်တယောက်သာရှိခဲ့ရင် စစ်ရေးအမြင်မတူသူများ တဖက်နဲ့တဖက် ညှိနှိုင်းဖြေလျော့ပေးရင်း မူရင်းပေါ်လစီနဲ့ ခြားနားတဲ့၊ သူ့အလိုမဟုတ် ကိုယ့်အလိုမဟုတ် ဆုံးဖြတ်ချက်တွေကို နှစ်ဖက်ညှိ လက်ခံလိုက်ရတာမျိုးကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မယ်။ စစ်ကာလအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ မြန်ဆန်ထိရောက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း ချမှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ဒီလိုနေရာမျိုးအတွက် အများလက်ခံနိုင်တဲ့ အရည်အချင်းပြည့်ဝသူတစ်ဦးကို ခန့်အပ်ထားနိုင်ဖို့က အ ရေးအကြီးဆုံးပါ။ မဟာမိတ်တပ်ဖွဲ့တွေ ကျော်ဖြတ်ကြရမယ့်အထဲမှာ ဒီအဆင့်လည်း ပါပါတယ်။

ပထမကမ္ဘာစစ်ကြီးကို အဆုံးအဖြတ်ပေးမယ့် ‘အနောက်ဖက်စစ်မျက်နှာ’မှာ ‘နွေဦးထိုးစစ်’ကို ဦးဆောင်ခဲ့ သူက ဂျာမန်ဗိုလ်ချုပ်ကြီး ‘လုဒန်းဒေါ့ဖ်’(General Erich Ludendorff) ဖြစ်ပါတယ်။ ဂျာမန်အင်ပါယာကို ဘုရင် ဒုတိယမြောက် ‘ဝီလျံ’(Wilhelm II) က အုပ်ချုပ်နေတာဖြစ်ပေမယ့်  ဂျာမန်တပ်တွေရဲ့ စစ်ဆင်ရေးတွေအပေါ် အဓိကဩဇာရှိသူက ‘လုဒင်းဒေါ့ဖ်’နဲ့ သူ့အထက်က ဂျာမန်စစ်ဦးစီးချုပ် ဖီးလ်မာရှယ် ‘ဟင်းဒင်းဘာ့ဂ်’(Field Marshal Paul Von Hindenburg) တို့နှစ်ယောက်ပဲ ဖြစ်ပါတယ်။

စစ်ရှုံးခဲ့ပေမယ့် သူ့ရဲ့စစ်ရေးစွမ်းဆောင်မှုများကြောင့် လူကြိုက်ဆက်များခဲ့တဲ့  ‘ဟင်းဒင်းဘာ့ဂ်’ဟာ (၁၉၂၅ -၁၉၃၄) ခုနှစ်အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ပါသေးတယ်။ ဂျူးမုန်းတီးရေးဝါဒီ ‘လုဒင်းဒေါ့ဖ်’ကတော့ ‘ဟစ်တလာ’နဲ့ ပူးပေါင်းပြီး ၁၉၂၃ ခုနှစ်မအောင်မြင်တဲ့ အာဏာသိမ်းမှုကို ကြံစည်ခဲ့သူပါ။ စစ်မှုထမ်းသက်ပြီး ဆုံးသွားခဲ့ချိန်မှာတောင် သူတို့ရဲ့အရှိန်အဝါများ အထိုက်အလျောက် ကျန်နေဆဲဆိုတော့၊ ဂျာမန်အင်ပါယာ တပ်ဖွဲ့များကိုကွပ်ကဲစဥ်က အနေအထားကို တွက်ဆကြည့်နိုင်ပါတယ်။

‘ဟင်းဒင်းဘာ့ဂ်’နဲ့‘လုဒင်းဒေါ့ဖ်’တို့ဟာ ကမ္ဘာစစ်ဖြစ်ခါစမှာ ‘အ‌ရှေ့ဖက်စစ်မျက်နှာ’က ‘တင်းနင်ဘာ့ဂ်’တိုက်ပွဲ (Battle of Tannenberg) မှာ ရုရှားတပ်တွေကို အပြတ်အသတ် အနိုင်ယူခဲ့လို့ နံမည်ကြီးခဲ့သူတွေလည်း ဖြစ်ပါ တယ်။သူ့ဘက်က စစ်သုံ့ပန်း (၉) သောင်းကျော် အဖမ်းခံရတဲ့အပြင် သောင်းပေါင်းများစွာ ကျဆုံးဒဏ်ရာရပြီး တဲ့နောက်၊ ဦးဆောင်သူ ရုရှားဗိုလ်ချုပ်ကြီး ’အဲလက်ဇန်းဒါး ဆမ်ဆိုနော့ဗ့်’ (Alexander Samsonov) သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တဲ့ ထင်ရှားတဲ့ တိုက်ပွဲပါ။

အပိုင်း(၃)မှာ ဖေါ်ပြခဲ့သလိုပါပဲ၊ ဂျာမန်နံမည်ကျော် စစ်ဗိုလ်ချုပ်ကြီး ‘လုဒင်းဒေါ့ဖ်’ရဲ့ ‘နွေဦးထိုးစစ်’ စလိုက်ပြီ ဆိုတာနဲ့ အဆုံးအရှုံး ကြီးမားလွန်းတာကြောင့်  မဟာမိတ်တပ်တွေကို အတော်တုန်လှုပ် သွားစေခဲ့ပါတယ်။ ဒီ အတွက် နွေဦးထိုးစစ်’ကို ရင်ဆိုင်နိုင်ဖို့ဆိုရင် ‘ထိပ်သီးစစ်ကောင်စီ’ရဲ့ လက်ရှိစီမံဆောင်ရွက်နေတဲ့ လမ်း ကြောင်းနဲ့တော့ မလုံလောက်တော့ဘူး၊ ဗျူဟာပြောင်းဖို့ လိုအပ်နေပြီလို့ သဘောပေါက် လာခဲ့ကြတဲ့အတွက် ဗြိတိသျှစစ်တပ် စစ်ဦးစီးချုပ် ဖီးလ်မာရှယ် ’ဟင်နရီ ဝီလ်ဆင်’နဲ့ စစ်ကာလ ကက်ဘိနက်ဝန်ကြီး ‘မေလ်နာ’ (1st Viscount Milner)တို့ ပြင်သစ်ကိုလာပြီး ပြင်သစ်စစ်တပ်ရဲ့ အမိန့်ပေးစံနစ်အောက်မှာ ဗြိတိသျှတပ်ဖွဲ့တွေ ထားရှိရေး၊ မဟာမိတ်စစ်ဦးချုပ် ခန့်အပ်ရေးတို့ကို ဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပါတယ်။ 

ဗြိတိန်နိုင်ငံရဲ့ စစ်ကာလ အစိုးရကက်ဘိနက်အဖွဲ့မှာ ဝန်ကြီးချုပ် ‘လွိုက်ဂျော့’အပါအဝင်မှ အဖွဲ့ဝင် (၅) ဦးသာ ရှိပါတယ်။ အရင်ဝန်ကြီးချုပ် ‘အက်စ်ကွစ်’လက်ထက်က စစ်ကာလ ကက်ဘိနက်ကို လူနည်းနည်းနဲ့သာ လုပ်ဖို့ ဆွေးနွေးခဲ့တဲ့ ‘လွိုက်ဂျော့’ဟာ သူ့အလှည့်မှာ (၅) ဦးပါ ကက်ဘိနက်ကို ဖွဲ့စည်းခဲ့ပါတယ်။ဒီအထဲမှာ ‘မေလ်နာ’ က တယောက်အပါအဝင်ဖြစ်ပြီး မဟာမိတ်တပ်တွေအတွက် အလွန်အရေးကြီးတဲ့ ညှိနှိုင်းမှုပြုလုပ်ရတော့ မယ့် အချိန်ဆိုတာကို သဘောပေါက်လို့ ‘နွေဦးထိုးစစ်’ စပြီး (၆) ရက်မြောက်နေ့ဖြစ်တဲ့ မတ်လ (၂၆) ရက်နေ့မှာ  ‘ဒူးလောင်စ်’ကွန်ဖရင့် (Doullens Conference) ကိုလာပြီး တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးမှုများ ပြီးဆုံးခဲ့တဲ့နောက်မှာတော့ ပြင်သစ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‘ဖာဒီနန်ဖေါ့ရှ်’(General Ferdinand Foch)ကို ‘မဟာမိတ်တပ်ဖွဲ့များ တပ်ပေါင်းစုရဲ့ သေနာပတိ’ (Supreme Allied Commander) အဖြစ် ခန့်အပ်ဖို့နဲ့ ’ဟိဂ်’ကို ‘ဖေါ့ရှ်’ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ’ဟိဂ်’ကလည်း အခြေအနေအရ မရှိမဖြစ် လိုအပ်ချက်တရပ် ဆိုတာသိလို့ လက်ခံခဲ့ပါတယ်။ ’ဟိဂ်’ရဲ့အဆိုအရ သူကိုယ် တိုင်ကစပြီးတော့ လမ်းဖွင့်ပေးခဲ့တာလို့လည်း သိရပါတယ်။ မကြာခင်မှာပဲ ကိုယ့်တပ်၊ကိုယ့်ဗျူဟာနဲ့သာ သီး ခြားစစ်ဆင်လိုတဲ့ ဆန္ဒရှိခဲ့တဲ့ ’ပါရှင်’ (General Pershing) ကလည်း အမေရိကန်တပ်ဖွဲ့တွေ ‘ဖေါ့ရှ်’ရဲ့ ကွပ်ကဲမှု အောက်မှာ တာဝန်ထမ်းဆောင်ကြမယ်လို့ သဘောတူခဲ့ပါတယ်။

’ပါရှင်’အနေနဲ့ ဒီလိုပြောင်းလဲခဲ့တာ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ဘာကြောင့်လဲဆိုတော့ ‘My experiences in the World War’ဆိုတဲ့ သူ့ရဲ့စာအုပ်မှာ ‘မဟာမိတ်တပ်ပေါင်းစုရဲ့  သေနာပတိ ဦးစီးချုပ်မရှိပဲ စုစုစည်းစည်း တိုက်ပွဲဝင်နိုင်မယ်လို့ သူမယုံကြည်ကြောင်း၊ မဟာမိတ်တပ်များရဲ့ စစ်ဆင်ရေးတွေအတွက် ညှိနှိုင်းမှုတွေ အရင်ကပြု လုပ်ခဲ့ဖူးကြပေမယ့်လည်း မအောင်မြင်ခဲ့ကြောင်း၊မဟာမိတ်တပ်တခုရဲ့  စစ်ဦးစီးချုပ်ဟာ သူ့တပ် အတွက်ပဲ ကြည့်ပြီး အခြားမဟာမိတ် စစ်ဦးစီးချုပ်နေရာက ဝင်မကြည့်တတ်ကြောင်း၊ ပြဿနာတခုလုံး ကို လည်း ခြုံပြီးမကြည့်နိုင်ကြောင်း၊ဒါ့ကြောင့် သူ့အနေနဲ့ မဟာမိတ်တပ်ပေါင်းစု ဦးစီးချုပ်တဦး လိုအပ်တယ်လို့ မြင်ပြီး မဟာမိတ်တွေရဲ့ အောင်မြင်မှုဟာ အဲဒီအပေါ်မှာ မူတည်နေတယ်လို့ သူယုံကြည်ကြောင်း’  သူ့ အမြင် ကို ပြတ်သားစွာ ဖေါ် ပြထားခဲ့လို့ပါ။

ဧပြီ(၃)ရက်နေ့မှာ ပြုလုပ်တဲ့ ‘ဘိုးဗေးစ်’ (Beauvais) အစည်းအဝေးမှာ ပိုတိကျတဲ့ လုပ်ငန်းတာဝန် နယ်ပယ်အ ပါအဝင် မဟာမိတ်စစ်ဆင်ရေးများရဲ့ စစ်ဗျူဟာများအပေါ်  လမ်းညွှန်မှုပေးနိုင်တဲ့ လုပ်ပိုင်ခွင့်အား ‘ဖေါ့ရှ်’ ကို ဖြည့်စွက်ပေးခဲ့ပါတယ်။ မဟာမိတ်တပ်တွေရဲ့အကြား ချိတ်ဆက်ပူးပေါင်း ညှိုနှိုင်းဆောင်ရွက်မှု ပိုပြီးအား ကောင်းလာစေဖို့ လိုအပ်တဲ့ အခွင့်အာဏာများကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်အစိုးရများက ပေးအပ်ခဲ့ပါ တယ်။ ဒီလုပ်ဆောင်ချက်များဟာ ကမ္ဘာစစ်ကို အောင်နိုင်ရေးအတွက် မဟာမိတ်တို့ရဲ့ ဒုတိယအဖြေလို့ ဆိုရ ပါမယ်။

‘နွေဦးထိုးစစ်’ စဆင်နွှဲတဲ့နေ့ မနက်ပိုင်းမှာပဲ အမြောက်ဆံ (၃)သန်းလောက် ဂျာမန်တို့ ပစ်ခတ်ခဲ့တာကို အပိုင်း (၃)မှာ ကိုးကားဖေါ်ပြခဲ့ဖူးပါတယ်။ ‘Imperial War Museums’ရဲ့  အချက်အလက်များအရ ဗြိတိန်နိုင်ငံရဲ့ ထုတ် လုပ်မှုစွမ်းအား မြင့်မားနေတဲ့အချိန် ၁၉၁၆ခုနှစ်တဝိုက်က (၁)နှစ်အတွက် အမြောက်ဆံမျိုးစုံ စုစုပေါင်း သန်း (၇၀) ပတ်ဝန်းကျင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါဆိုရင် နာရီပိုင်းအတွင်း သန်းနဲ့ချီပြီးပစ်ခတ်တဲ့ ဂျာ မန်တို့ရဲ့  ‘နွေဦးထိုးစစ်’ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ဒီလိုထိုးစစ်ကြီး ကြုံတွေ့ ရခါမှ ‘မဟာမိတ်တပ်ပေါင်းစု ဦးစီးချုပ်’ခန့်အပ်ပြီး တန်ပြန်ရင်ဆိုင်ဖို့လုပ်ခဲ့တာဟာ လုံလောက်တဲ့ တုန့်ပြန်မှုလား၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်လား၊ နောက်များကျသွားလေပြီလား။

ဆက်လက်ဖေါ်ပြပါဦးမည်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar