Breaking News

လင်းနွေးအိမ် - လူတွေငရဲသားလက်ရောက်သွားခြင်း

လူတွေငရဲသားလက်ရောက်သွားခြင်း
လင်းနွေးအိမ်
(မိုးမခ) မေ ၇၊ ၂၀၂၂

ရေထဲမှာမှအသက်ရှူတတ်တဲ့ရွှေငါးကို
ကုန်းပေါ်တင်လိုက်လို့
ဟစိဟစိနဲ့အသက်ရှူနေရသလိုမျိုး
ခင်ဗျားခံစားရဖူးလား။

ကြောနဲ့ရင်
နှစ်ဖက်ညှပ်ရိုက်ချလို့အသက်ရှူမှားသွားတာမျိုး
ခင်ဗျားခံစားရဖူးလား။

ရေမသောက်ရလို့
အာခေါင်ခြောက်ကပ်
ပူခြစ်တောက်လောင်တာမျိုး
ခင်ဗျားခံစားရဖူးလား။

ချွေးစီးနံ့တွေနဲ့နက်ပြာရောင်ဇင်ပိတ်သားခေါင်းစွပ်
ခင်ဗျားအစွပ်ခံရဖူးသလား။

ဒူးခေါက်ကွေးတွေ
ခြေထောက်တွေကိုဝါးရင်းတုတ်နဲ့ရိုက်တာမျိုး
ခင်ဗျားအရိုက်ခံရဖူးသလား။

လက်နောက်ပြန်လက်ထိပ်နဲ့
ခြေထောက်ကိုတုံးခပ်ထားပြီး
နံရိုးပိတ်ကန်ခံရတာမျိုး
ခင်ဗျားခံခဲ့ရဖူးလား။

ရှေ့ကကန်လိုက်လို့နောက်ပြန်လန်သွားတဲ့အခါ
နောက်ကနေပြန်ကန်လို့ရှေ့ကိုထိုးစိုက်သွားတာမျိုး
ခင်ဗျားခံစားရဖူးလား။

ခေါင်းတွေ
ပါးတွေ
မေးရိုးတွေ
နာကြင်ကျိန်းစပ်နေအောင်
ခင်ဗျားအထိုးခံရဖူးသလား။

ဒါတွေမြန်မာပြည်ကစစ်ကြောရေးစခန်းတွေမှာ
တကယ်ရှိခဲ့တယ်
တကယ်ရှိနေတယ်
တကယ်ရှိနေသေးတယ်ဆိုတာ
တကယ်ခံနေရသူတွေသိတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar