Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၅ မြင်ကွင်း

(မိုးမခ) မေ ၆၊ ၂၀၂၂



မြို့ပြပြောက်ကျားအဖွဲ့အချို့ မြို့ကို စွန့်ခွာ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်   

ခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ အခြေစိုက်တဲ့ မြို့ပြပြောက်ကျား အဖွဲ့ ၂ ဖွဲ့က မြို့ကိုစွန့်ခွာမယ့်အကြောင်း ဆိုရှယ်မီဒီယာကနေ အသိပေးကြညာခဲ့တာ တွေ့ရှိရပါတယ်။ မြို့ပေါ်မှာ လုံခြုံရေးအရ ပုန်းအောင်းရတဲ့အခက်အခဲ၊ လှုပ်ရှားမှုလုပ်ပြီးနောက်မှာ လျှို့ဝှက်စွာပုန်းအောင်းနိုင်ဖို့ အခက်အခဲတွေကြောင့် လှုပ်ရှားမှု တိုက်ခိုက်မှုနဲ့ အဖမ်းအဆီး အကျအဆုံးနဲ့ နှိုင်းယှဥ်ရင် မမျှတတာကြောင့် စွန့်ခွာဖို့ ဆုံးဖြတ်ရတာလို့ မှန်းဆရပါတယ်။  

မကြာသေးမီကလည်း ရန်ကုန်မြို့မှာ Dark Shadow လို့အမည်ပေးထားတဲ့ ရန်ကုန်မြို့မှာ လှုပ်ရှားတဲ့ မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ လုံးနီးနီး ဖမ်းဆီးခံလိုက်ကြရတဲ့ သတင်းလည်း ဖတ်ရှုကြရပြီး ဖြစ်ပါလိမ့်မယ်။ စုစုပေါင်း ၁၅ ဦးလောက် ဖမ်းဆီးခံကြရစဥ် ၁ ဦးကို ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သတင်း အခြားတဦးလည်း စစ်ဆေးမေးမြန်းစဥ် အသက်သေဆုံးရတယ်ဆိုတဲ့ သတင်းလည်း ဖတ်ရှုရပါတယ်။

အချို့ပြောကြားချက်တွေအရတော့ ၁၅ ဦးစလုံးဟာ ပြောက်ကျားအဖွဲ့ဝင်တွေချည်းမဟုတ်ပဲ အချို့က တိုက်ရိုက် မသက်ဆိုင်သူတွေလို့ လည်းရေးသားဖေါ်ပြကြပါတယ်။ 

မြေအောက်လှုပ်ရှားမှု နဲ့ လက်နက်ကိုင်တိုက်ခိုက်မှု လုပ်တဲ့ “မြို့ပြပြောက်ကျား “ အဖွဲ့တွေအနေနဲ့ ဖမ်းဆီးခံကြရတဲ့အခါ ဒါဇင်နဲ့ချီတဲ့ ဦးရေ ၊ နေရာ တနေရာထည်းမှာ သို့မဟုတ် အဆက်အသွယ်ကွန်ရက်တခုထဲမှာ စုစည်းထားကြတာဖြစ်လို့ အစတစက ပေါ်ထွက်လာတဲ့အခါ အားလုံး နာရီပိုင်း ရက်ပိုင်းအတွင်း စစ်ကောင်စီလက်ထဲ ကျရောက်ကြကုန်တဲ့ သဘောမျိုး လေ့လာတွေ့ရှိရတာပါ။ 

ဒီနေရာမှာ မြို့ပေါ်က ပြောက်ကျားလှုပ်ရှားမှုရဲ့ သက်ရောက်မှု နယ်မြေစိုးမိုးမှု ဦးတည်ထားတဲ့ ကျေးလက်နဲ့ နယ်ဒေသတွေရဲ့ လက်နက်ကိုင် လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ မဟာဗျူဟာ စတဲ့အချက်တွေကို ပြန်လည် သုံးသပ်ကြရမယ့် အနေအထားမျိုးရောက်ရှိလာတာ ဖြစ်ပါတယ်။ 

မြို့ပြမှာ လက်နက်ကိုင်တိုက်ခိုက်မှု ဗုံးခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ လူတွေပူးပေါင်းမပါဝင်ရဲအောင်၊ စစ်ကောင်စီတပ်အင်အားအရေအတွက် တခုကို မြို့ပြမှာ တပ်စွဲထားရပြီး နယ်မြေစိုးမိုးမှု တိုင်းရင်းသားလက်နက်ကိုင် ဧရိယာ၊ စစ်ကိုင်း၊ မကွေးစတဲ့ဒေသတွေမှာ စစ်အင်အားနဲ့ မဖိနိုင်အောင် ရည်ရွယ်တာ၊  စစ်ကောင်စီကို မြို့ပြတွေကို တည်ငြိမ်အောင် မအုပ်ချုပ်နိုင်ဘူး ဆိုတဲ့ရလဒ်တွေ ရရှိဖို့ လုပ်ဆောင်ကြတာ လို့ယူဆရပါတယ်။ 

မြို့ပြမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေလို တပ်ဌာနချုပ်တွေလိုမျိုးကို တိုက်ခိုက်နိုင်တဲ့အနေအထားမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ လမ်းဆုံလမ်းခွ၊ အချို့သော အစိုးရအဆောက်အအုံ လုံခြုံရေးကင်း၊ ရဲစခန်းတွေကို ပစ်ခတ်ပြီး တိမ်းရှောင်တဲ့အနေအထားမျိုးသာ လုပ်ဆောင်နိုင်သေးတဲ့ လက်နက်နဲ့ လူအင်အားမျိုး ဖြစ်တာတွေ့ရပါတယ်။ 

တဖက်မှာတော့ ပေးရတဲ့အရင်းအနှီးက ဖမ်းဆီးရမိခဲ့ရင် အသက်ဆုံးရှုံးသည်အထိ နှိပ်စက်ညှဉ်းပန်းတာ၊ စုဆောင်း သယ်ယူထားတဲ့ လက်နက်တွေ သိမ်းဆည်းခံရတာ ၊ အဖွဲ့တခုလုံးရဲ့ လှုပ်ရှားမှုက သုညဖြစ်သွားတဲ့ အကျိုးဆက်တွေ ရှိတာလည်း ဖြစ်ပါတယ်။ 

မြို့ပြမှာ လှုပ်ရှားကြတဲ့အဖွဲ့တွေ အနေနဲ့ လုံခြုံရေးအရ လျှို့ဝှက်မှုအရ တဖွဲ့ချင်းစီ လှုပ်ရှားကြရတာ ဖြစ်ပြီး အများအားဖြင့် အချင်းချင်းကြား လုံခြုံရေးသတင်း ဖလှယ်တာ၊ အရင်းအမြစ် ဖလှယ်တာတွေ သိပ်ပြီးလုပ်နိုင်ကြတဲ့အနေအထားမဟုတ်တာလည်း တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ တရစ်ပြီးတရစ် စောင့်ကြည့်မှု ရှာဖွေဖမ်းဆီးမှု၊ ဥပဒေမဲ့ ပြစ်ဒဏ်ပေးမှုတွေကို တွေ့လာရတဲ့အခါ မြို့ပြလူထုအနေနဲ့ တက်တက်ကြွကြွ ကူညီတာ ထောက်ပံ့တာတွေ အကန့်အသတ်ရှိလာ လျော့ကျလာတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက မြို့ပြပြောက်ကျား အဖွဲ့တွေကို မြို့ကစွန့်ခွာပြီး နယ်တွေမှာ အခြေစိုက်လှုပ်ရှားဖို့ ဆုံးဖြတ်စေခဲ့တာမျိုး လို့ ယူဆရပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအနေနဲ့ မဟာဗျူဟာအရ နည်းဗျူဟာ အရ မြို့ပြပြောက်ကျား နည်းဗျူဟာကို ဘယ်လို ကျင့်သုံးမလဲ ဘယ်လောက်ကျင့်သုံးမလဲ စသဖြင့်ပြန်လည် သုံးသပ်ဆွေးနွေးဖို့ ပြင်ဆင်ဖို့ လိုအပ်တဲ့အချိန်ကာလ ရောက်နေတဲ့ သဘောလို့ ထင်မြင်မိပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းအကြောင်းအရာ တခုက စစ်ကောင်စီ ဥက္ကဋ္ဌ လုပ်သူရဲ့ ကိုယ်တိုင်တွေ့မယ် ဆိုတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ဖြစ်ပါတယ်။ မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့လည်း မတက်ရောက်ဘူးလို့ ထုတ်ပြောလိုက်ပြီး အဲဒီအထဲ  KNPP၊ KIA တို့ပါဝင်ပါတယ်။ 

စစ်ကောင်စီက လတ်တလော စစ်မျက်နှာပေါင်းများစွာကို တပြိုင်နက်တည်း ဖွင့်ထားရတာကြောင့် ဒီလိုစစ်ရေးအကြပ်အတည်းက ထွက်ပေါက်ရဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အခွင့်အရေးပေးပြီး အပစ်ရပ်တာ အတိုက်ရပ်တာမျိုးလုပ်ဖို့ ရည်ရွယ်တာလို့ အားလုံးက ကောက်ချက်ချကြပါတယ်။ 

အဲလိုဆိုလို့ စစ်ကောင်စီတပ်ကို အပြီးတိုင်ဖြိုလှဲနိုင်ဖို့ ခြေလှမ်းတလှမ်းသာ လိုတော့တာလားလို့ မေးရင်လည်း အဲဒါက တိတိကျကျ ပြောဖို့ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

တဖက်မှာလည်း နှစ် ၇၀ ကျော်ကြာရှည်လာတဲ့ ပြည်တွင်းစစ်မှာ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ စစ် ပင်ပန်းနေတဲ့ သဘောလက္ခဏာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ပိုနေမြဲကျားနေမြဲ အနေအထားထက် ပိုသာတဲ့ အခွင့်အရေးရရင် အဲဒီအပေးအယူမျိုးနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာ မိမိတို့ စိုးမိုးထားတဲ့ဒေသက ကျေးရွာနေသူတွေ စွန့်ခွာထွက်ပြေးရတဲ့ အဖြစ်မျိုးမကြုံတွေ့စေချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

တဖက်မှာတော့ အခုခြေတလှမ်းက စစ်ကောင်စီ တနည်းအားဖြင့် လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် နဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်အနိုင်ကျင့်လာတဲ့ စစ်အာဏာရှင်တပ်ကို ဖြိုချနိုင်ပြီဆိုတဲ့ မျှော်လင့်ချက်နဲ့လည်း မစေ့စပ်စတမ်း တိုက်ခိုက်မယ်ဆိုတဲ့ ယူဆမှုနဲ့ လက်နက်ကိုင် အဖွဲ့အားလုံး မစေ့စပ်စတမ်း တိုက်ခိုက်ဖို့ ဆန္ဒရှိသူတွေလည်း ရှိကောင်းရှိမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar