Breaking News

မိုးမြင့်ယံ - အရပ်တန့်ခံမြစ်တစင်း၏ ဝေဒနာ (ကင်ဆာဝေနာခံစားနေရသော ကဗျာဆရာ ကိုမိုးကျော်ဌေး သို့ ...)

Photo- Mimi
အရပ်တန့်ခံမြစ်တစင်း၏ ဝေဒနာ 
မိုးမြင့်ယံ
(မိုးမခ) မေ၇၊ ၂၀၂၂

လူဟာ ယုံကြည်စရာတွေရှားပါးလာတဲ့အခါမှာ ဘာကိုမှ မယုံကြည်နိုင်တော့လောက်အောင်ပဲ တကိုယ်စာ အခန်းကျဥ်း​လေးရဲ့ ထောင့်ချိုးထဲမှာ  တိတ်တိတ်ကြိတ်ပြီး ယုံကြည်ရာမဲ့နေရတဲ့အဖြစ် ။
ပြန်လည် ဆန်းစစ်ကြည့်တော့လည်း လူ့ အဖြစ်ကိုများ နေရာမှားပြီးတော့ ကျလာလေသလားပေါ့။
ထိုအခါ ကိုယ်ကိုတိုင် ရဲ့ လူ့ဖြစ်တည်မှု့ကိုတောင် အယုံကြည်မဲ့လာရတဲ့အထိ စိတ်ဟာ ဟိုး အဆုံးအစမဲ့ တွင်းနက်နက်ထဲအထိ ယုံကြည်ချက်တွေ တစ်ဆုံး ထိုးကျလျက်ရှိနေတတ်ပြန်သည် ။

" ဘာကိုမျှော်ရမလဲ ကြေကွဲခြင်းနဲ့ ဘဝ ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ခရီးသည်တဦးရဲ့ ညနေများ "

လေးဖြူရဲ့ သီချင်းတပိုင်းတစကို တိုးတိုးညည်းဆိုရင်းနဲ့ ရွေ့ဆင်းပျောက်ကွယ်တော့မည့်နေရောင်ခြည်နဲ့အတူ 
ကိုယ့်ရဲ့ ညနေခင်းတွေကို ခက်ခက်ခဲခဲ ရိတ်သိမ်းရ။
စိတ်ရဲ့ စေညွှန်ရာ လိုက်ပါပျံသန်းဖို့ အတွက် ခြေလှမ်းတို့သည် အားမဲ့ ညွှတ်ခွေလွန်းလှပေသည်။
ရင်မှည့်လာရသောဖြစ်တည်မှုနှင့်အတူ ခန္ဓာကိုယ်သည် ဘဝဆိုတဲ့ဝန်ကို မနိုင်ရင်ကာ ထမ်းပိုးထားရပြန်သည်။
မျှော်လင့်ခြင်းတို့သည် နှင်းခါးရိုက်ခံရသောပန်းတို့ပမာ၊ မှုန်သီဝေဝါးခြင်း၌ မျက်ဝန်းတို့မှာ အပြစ်ရှိပါသလား ? ။
လမ်းတို့သည်ပင် ရှည်လျားလွန်းလှတာလား သို့တည်းမဟုတ် ခြေလှမ်းတို့သည်ပင် နှေးကွေးလေးလံလွန်းလှနေပေသည်လား ? ။
ထိုအရာသည်ပင် ဘဝတလျှောက်လုံး မတွက်မိသော ပုစ္ဆာတပုဒ် ဖြစ်ခဲ့လေသည် ။
ရှင်သန်နေထိုင်ရခြင်း အနာဂတ်နေ့ရက်တို့အား လှမ်းမျှော်ကြည့်မိပြန်တော့လည်း စားနေရတဲ့ အစားအစာ နဲ့ ရေ၊ သောက်နေရတဲ့ ဓာတု ဆေးဝါးတွေနဲ့  နေ့စဥ်အသက်ရှင်ရပ်တည်မှု့ အတွက် ရှူသွင်းနေရတဲ့ လေတွေသည်ပင် ကိုယ့် အသက်ကို နှုတ်ယူသွားနိုင်စွမ်းသော အရာတွေအဖြစ်မြင်ယောင်ကာ အယုံအကြည်ကင်းမဲ့လာခဲ့ရလေပြီ။
သေချာလွန်းတဲ့အနိစ္စတရားမှာပင် သေနိုင်ဖို့ ခဲယဥ်းလွန်းလှသောအခါ သေခြင်းတရားဆိုတာကို ယုံကြည်ရန် ခက်ခဲနေမိသည်လေ။
တိမ်တွေကို ငေမောအားကျရင်းဖြင့် လေလွင့်ခဲ့ရဖူးသော နှစ်ကာလအပိုင်အခြားအချို့ ၊ သက္ကရာဇ်ဓားတို့ဖြင့် ခုတ်ထွင်ရှင်းလင်းခံရသော နုနယ်ပျိုမြစ်ခြင်း ပုရစ်ဖူး နေ့ရက်များ အရာရာသည်ပင် စနစ်တကျ အိုမင်းဆွေးမြေ့စွာ။

" How much land does a man need ? ´´
တော်လ်စတွိုင်းက ဝတ္ထုတပုဒ်ထဲမှာ မေးဖူးပါရဲ့ လေ
`` လူတယောက် မြေဘယ်လောက်များများ လိုပါသလဲ ? ´´ တဲ့ .... 

ထိုမေးခွန်းအတွက် အဖြေတို့သည်ပင် ပုံစံအမျိုးမျိုးဖြင့် ကွဲလွဲကောင်း ကွဲလွဲနေမည်ပင် ဖြစ်ပါသည်။
သို့သော် နောက်ဆုံးသောတနေ့၌ ကိုယ်လျောင်းစက်ရာ အနည်းငယ်မျှလောက်သာ ပိုင်ဆိုင်ခွင့်ရဖို့ဆိုသည်မှာ မသေချာ​နိုင်ပြန်ပါလေ။                                                                                           
အသက်ရှင်ရပ်တည်ခွင့် နဲ့ သေဆုံးခြင်းရဲ့ ကြားကာလ အခု ပစ္စက္ခခဏမှာပင် မနက်ဖြန်တွေဟာ ယုံကြည်စရာမကောင်းတော့လောက်အောင် ပိန်းပိတ်မှောင်လွန်းနေသောအခါ ယုံကြည်ချက်ဆိုသည့် စကားအဓိပ္ပာယ်ကို ယုံ ကြည်မှု မဲ့မဲ့လာတာ ဆန်းပါရဲ့လားဟင် ? ။

ခွေးလေခွေးလွင့်တွေ အမဲဝိုင်းဖျက်နေတဲ့ အသားတစ်စကို ငူငူကြီးထိုင်ငေးရင်းနဲ့သာ မျက်ရည် တွေတွေကျနေရတဲ့ သူရူးတယောက်လို ကိုယ်ကိုတိုင် ရဲ့ ယုံကြည်ရာ အဓိပ္ပာယ်တွေဟာ ပျောက်ရှကုန်ဆုံးခဲ့ရပြန်ပါသည်လေ ။

PS : ကင်ဆာဝေနာခံစားနေရသော ကဗျာဆရာ ကိုမိုးကျော်ဌေး အကောင်းဆုံးဖြတ်ကျော်နိုင်ပါစေလို့ စိတ်ကရည်လျက် ...
                                      ဝေဒနာနေ့ရက်များ
                                             မိုးမြင့်ယံ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar