Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၃၀ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၃၀ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၁၊ ၂၀၂၂ 


ဧပြီလ ၃၀ ရက်   - SNLD နာယက ဦးခွန်ထွန်းဦး ကွယ်လွန်၊ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ စစ်ကြောရေးမှာ သေဆုံးတဲ့ သတင်းထွက်ပေါ် 

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို တည်ထောင်သူနဲ့  ဥက္ကဋ္ဌ ဆယ်စုနှစ် ၃ ခုကျော် တာဝန်ယူခဲ့ပြီးနောက် နာယကအဖြစ် တာဝန်ယူခဲ့သူ ဦးခွန်ထွန်းဦးဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အသက်အရွယ်အရ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကြီးကြီးမားမား ရောဂါဖြစ်ပွားနေခြင်းမရှိဘူးလို့ သတင်းတွေအရ သိရှိရပါတယ်။  

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အစိုးရလက်ထက်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး လွှတ်တော်ကိုယ်စားလှယ် အနိုင်ရခဲ့သူဖြစ်ပါတယ်။ လူမျိုးစုပြည်နယ်တွေအနက် အကျယ်ဆုံးဧရိယာပမာဏရှိတဲ့ ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးတင်မကပဲ ပြည်မရဲ့ နိုင်ငံရေးနယ်ပယ်မှာပါ လေးစားခံရသူတဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် ၃ ခုကျော်ကာလအတွင်းမှာ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးအတွက် ရပ်တည်ချက် မယိမ်းယိုင်ဘဲ ရပ်တည်ခဲ့သူ အကျဥ်းထောင်ထဲ နှစ်ရှည်ကျခံရသော်လည်း ရပ်တည်ချက် မပြောင်းမလဲ ကြံ့ကြံ့ခံပြီး ရှမ်းလူမျိုးတို့ရဲ့ နိုင်ငံရေးရပ်တည်ချက် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူအဖြစ် သမိုင်းအဖြစ်အပျက်တွေ အရ မှတ်ကျောက်တင်ခံနိုင်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။  

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ Dark Shadow လို့ အမည်ပေးထားတဲ့ ရန်ကုန်က မြို့ပြပြောက်ကျား အစုအဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြည့်မြင်တိုင်မြို့နယ်ထဲက ပုန်းခိုရာနေရာမှာ ဖမ်းဆီးခံခဲ့ရပြီး ၄င်းတို့ အဖွဲ့ဝင်တချို့ကတော့ မြို့အဝင်ဂိတ်မှာ ဖမ်းဆီးခံရဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကြည့်မြင်တိုင်မြို့နယ်ထဲက လှိုင်မြစ်တဖက်ကမ်း ရပ်ကွက်မှာ အဖမ်းခံရစဥ် ပြောက်ကျားအဖွဲ့ဝင် တယောက်က ထွက်ပြေးလို့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးသွားတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။  

အထက်က သတင်းတွေထွက်ပေါ်ပြီး ရက်အနည်းငယ် အကြာမှာ ဖမ်းဆီးခံထားရတဲ့ ကျန်တဲ့ပြောက်ကျား အဖွဲ့ဝင်တွေလည်း စစ်ကြောရေးမှာ အသက်ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းတွေကို ရန်ကုန်မြို့က အခြားပြောက်ကျား အဖွဲ့တွေက ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်နေကြတဲ့ သတင်းဖြစ်ပါတယ်။  

မြို့ပေါ်မှာ လှုပ်ရှားတဲ့ လက်နက်ကိုင် ပြောက်ကျားတွေ ၊ ကျေးရွာတွေမှာ အခြေစိုက်ဖွဲ့စည်း လှုပ်ရှားကြတဲ့ PDF တွေ ကို ဖမ်းဆီးတဲ့အခါ လက်နက်နဲ့ ခုခံသည် ဖြစ်စေ မခုခံပဲ ထွက်ပြေးဖို့ကြိုးစားသည် ဖြစ်စေ စစ်ကောင်စီက အသေပစ်ခတ်ဖမ်းဆီးလေ့ရှိတာလည်း အရင်သတင်းတွေထဲအရ သိရပါတယ်။  

အခု ဖမ်းဆီးခံရတဲ့ Dark Shadow အဖွဲ့ဟာ မကြာသေးမီက အင်းလျားလမ်းက စစ်တပ်နဲ့ ရဲလုံခြုံရေးဂိတ်ကို ကားနဲ့ဖြတ်သန်းပြီး ပစ်ခတ်ခဲ့တဲ့ အဖွဲ့လို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။  

ရန်ကုန်မြို့က ပြောက်ကျားအဖွဲ့တွေ အဖမ်းခံရတဲ့အခါ အစုအဖွဲ့တဖွဲ့လုံးနီးပါး သို့မဟုတ် အများစုက ဆက်စပ်ပြီး ရက်ပိုင်းအတွင်း အဖမ်းခံကြရလေ့ရှိပါတယ်။ တစုံတယောက်က စစ်ကောင်စီလက်ထဲ ကျရောက်တဲ့အခါ ရက်စက်တဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် သော်လည်းကောင်း ဒစ်ဂျစ်တယ်ဆက်သွယ်ရေးတွေရဲ့ ခြေရာကြောင့်သော်လည်းကောင်း အစုအဖွဲ့မှာပါဝင်သူတွေ အနေနဲ့ မြို့တွင်းမှာ ဘေးလွတ်အောင် ရှောင်တိမ်းဖို့ မလွယ်ကူတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်ရပြီး စစ်ကောင်စီလက်ထဲ ကျရောက်ရတဲ့ သဘောမျိုးတွေ့ရတာပါ။  

မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့ စစ်ကောင်စီ ကင်းစခန်းတွေကို တိုက်ခိုက်တာ၊ ဗုံးခွဲတာတွေ လုပ်ဆောင်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို မတည်ငြိမ်အောင်၊ မြို့ပြမှာ စစ်ကောင်စီတပ်တွေ အင်အားအတိုင်းအတာတခုထိ ချထားရအောင် လုပ်ဆောင်နိုင်တာမှန်ပေမယ့် အဲဒီအတွက် စတေးရတဲ့ အသက်တွေ၊ အရင်းအမြစ်တွေက တန်ရဲ့လားဆိုတာမျိုးလည်း အချို့က မေးခွန်းထုတ်ကြပါတယ်။

မြို့ပေါ်မှာ မတည်ငြိမ်အောင် ဖောက်ခွဲမှုနဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေကို အတွေ့အကြုံရှိသူ လေ့ကျင့်ထားသူတွေ လုပ်ဆောင်ရတာမှန်ပေမယ့်လည်း တစုံတရာ လုံခြုံရေးအရ ပေါက်ကြားနိုင်ခြေရှိတာ ခြေရာခံမိသွားတဲ့အနေအထားမျိုးလို့ယူဆရင် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေဆီ တိမ်းရှောင် ခိုလှုံနိုင်တဲ့အခြေအနေမျိုးလည်း ဖန်တီးနိုင်ရင် အခြားသူ အစားထိုးတာ ဆက်သွယ်ရေး ကွန်ရက်အသစ်ကို ဖန်တီးပြီးသုံးတာ စတဲ့ နည်းလမ်းတွေနဲ့ စစ်ကောင်စီလက်ကျရောက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့လည်း အချို့သော မြေအောက်လှုပ်ရှားမှု အတွေ့အကြုံရှိသူတွေက အကြံပြုကြတာတွေလည်း ကြားသိရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar