သူတလူ - မသိခြင်းများဖြင့် နေထိုင်ကြသူများ
မသိခြင်းများဖြင့် နေထိုင်ကြသူများ
သူတလူ
(မိုးမခ) မေ ၁၊ ၂၀၂၂
'ငါသိတာ တခုပဲရှိတယ်။ အဲဒါ ငါဘာမှမသိသေးဘူး'
ထိုအဆိုအမိန့်သည် ဂရိအတွေအခေါ်ပညာရှင်၊ သိပ္ပံပညာရှင် ဖြစ်သည့် `အရစ္စတိုတယ်' ၏ဒဿနစကားတခွန်းဖြစ်သည်။ လူတို့သည် မိမိဘာမှမသိဘူးဆိုသည့် အကြောင်းကို သိရှိရန်လိုအပ်လှသည်။ ထိုကြောင့် မိမိမသိခြင်းများကို သိရှိရန်ကြိုးစားရမည်ဖြစ်သည်။ လူ့လောကတွင် အသိဟူသောပညာသည် ဆုံးခန်းတိုင်သည်မရှိပါ။ ထို့ကြောင့် ငါဘာမှမသိသေးဘူး ဆိုတဲ့စိတ်နဲ့ဆက်လက်သင်ယူရမည် ဆိုသည့်အကြောင်းကို ထိုအဆိုအမိန့်က ညွှန်ပြနေသည်ဟု ကျွန်တော်မြင်မိသည်။
ကျွန်တော်သည် ငယ်စဉ်အချိန်၌ သိလိုသောစိတ် စူးစမ်းချင်စိတ်များဖြင့် မိဘ တွေကို မေးခွန်းပေါင်းများစွာ မေးခဲ့ဖူးပါသည်။ မိဘ တွေအနေနဲ့ သားဖြစ်သူ ကျွန်တော်အား စိတ်ရှည်ရှည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာအားပြန်လည် ဖြေရှင်းပေးခဲ့ပါသည်။ တရံတခါမှာတော့ စကားအလွန်များသော အလွန်စပ်စုတတ်သော ကျွန်တော့်အကျင့်အား သူတို့လုံးဝ သဘောမကျကြောင်းကိုလည်း ပြောဆိုတတ်ပါသည်။ တရံတခါမှသာ ဖြစ်သောကြောင့် ကျွန်တော်သည် တရံတခါများကိုမှတ်သား၍သိချင်သော မေးခွန်းများအား နောင်အခါကြုံပါက မေးမြန်းဖို့စုထားတတ်သည်။ နောက်ပိုင်းတွင် မိဘများ၏အရိပ်အခြေကို ကြည့်ကာ မေးသင့် မမေးသင့် ကိုလည်းဆုံးဖြတ်တတ်လာခဲ့သည်။
အရွယ်ရောက်လာလေ စူးစမ်းချင်စိတ်များလာလေ ဖြစ်လာသောကျွန်တော့်မှာ အရင်တုန်းကထက် မေးခွန်းတွေပိုပိုများပြားလာခဲ့သည်။ တခါတလေ မိဘများနှင့်ပင်မလုံလောက်၍ ကျောင်းက ဆရာ ဆရာမ၊ အိမ်က အဘိုးအဘွား၊ ဦးလေး အဒေါ်တို့ကိုပါ မေးခွန်းတွေထုတ်ခဲ့ရသည်။ ပြန်လည်ဖြေပေးသည့်အခါရှိသလို ပြစ်တင်ပြောဆိုခံရသည် အခါနှင့်လည်းကြုံခဲ့ရသည်။
လူငယ်ဘဝရောက်လာသောအခါတွင်လည်း လမ်းထဲမှလူကြီးသူမများနှင့် ကိုယ့်ထက်အသက်အရွယ်ကြီး၍ အတွေ့အကြုံရှိနေသော အစ်ကိုကြီး အစ်မကြီးများထံမှ ကျွန်တော်သိချင်သောအဖြေများကို ကြားနာခဲ့ရသည်။ ကျွန်တော်သည် ကိုယ့်ကိုယ်နှင့်သ်က်ဆိုင်သည်ဟုခံယူလိုက်သည့်အကြောင်းအရာများကို မသိသိအောင် လုပ်တတ်သူဖြစ်သည်။ ထိုကြောင့် ကျွန်တော်အား ယောကျာ်းလေးတယောက်တန်မဲ့ စပ်စပ်စုစု နိုင်လွန်းသည်ဟုလည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ပြောဆိုတတ်ကြသည်။
ကျွန်တော်၏မေးခွန်းများအား မညဉ်းမငြူ ( အပြစ်တင်လည်းခဏ) ယခုအချိန်ထိ ပြန်လည်ဖြေကြား ပေးသူမှာ ကျွန်တော်မိဘ နှစ်ပါးသာ ရှိပါသည်။ အခြားသူများသည် အစပိုင်းတွင်သာ စိတ်လိုလက်ရဖြေပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် မေးခွန်းများစွာနဲ့ကျွန်တော်အား ရှောင်ဖယ်သွားကြသည်သာဖြစ်သည်။
ထို့ကြောင့် ကျွန်တော်သည် မည်သူကိုမှမေးမြန်းစရာမလိုပဲ သိလိုသမျှအကြောင်းအရာများကို သိရှိနိုင်မည့် နည်းလမ်းအား ရှာဖွေခဲ့သည်။ ရှာတွေ့ခဲ့သမျှတွေအထဲမှ စာဖတ်ခြင်းဖြင့်သာ ကျွန်တော်၏မေးခွန်းပေါင်း အမြောက်အမြားကို ဖြေရှင်းပေးနိုင်သည် သာဖြစ်သည်။ အခြားနည်းလမ်းများသည် စာဖတ်ခြင်းလောက် ပြည့်စုံမူမရှိပါ။ ဒါကြောင့်ပင် ကျွန်တော်သည် မည်သူကိုမှအားကိုးစရာမလို မေးမြန်းစရာမလိုဘဲ မေးခွန်းပေါင်းများစွာ၏အဖြေကိိုု စာဖတ်ခြင်းဖြစ်သာ သိရှိခဲ့ရသည်။
ကျွန်တော်သည် ကျွန်တော်သိချင်သောအကြောင်းအရာများကို သိရှိခွင့်ရလာသောအခါ ကျွန်တော်လိုပင် အခြားသူများကိုလည်း ကျွန်တော်သိသလို သိစေချင်လာသည်။ ထိုကြောင့် ကျွန်တော်သည် လူတွေကို စာဖတ်စေချင်လာသည်။ တခါတလေ ကျွန်တော်စကားပြောဆိုရာတွင်လည်း စာသံပေသံပါလာတတ်သည်။ စာအုပ်များကို ကိုးကား၍လည်း အချက်အလက်နှင့် ပြည့်ပြည့်စုံစုံပြောတတ် ဆိုတတ်လာသည်။ ထိုအခါတွင် ကျွန်တော့်အပေါ်အကောင်းမြင်သည့်လူများလည်းရှိသလို အဆိုးမြင်တတ်သူများလည်း ရှိလာသည်။ 'ဒီကောင် အရူးပါကွာ စာတွေဖတ်ပြီး ကြောင်သွားတာ' ဆိုသောစကားများလည်း ပြန်ကြားခဲ့ရသည်။ အချို့က 'အလကားစာတွေဖတ်ပြီး ကြီးကြီးကျယ်ကျယ် တွေလျှောက်ပြောနေတာ၊ ဘာကောင်မှ ဟုတ်တာလည်းမဟုတ်ဘူး' ဟု မကြားတကြားဖြင့်တမျိုး တမင်ကြားအောင်တမျိုး ပြောဆိုတတ်ကြသည်။
နောက်ပိုင်းတွင် ကျွန်တော်စကားအပြောအဆိုဆင်ခြင်ရသည့် အထိဖြစ်လာခဲ့သည်။ ကျွန်တော်ပြောသောစကားများသည် တချို့လူများအတွက် နားလည်ရန်ခက်ခဲနေသည်ဟု ကျွန်တော် ထင်မိသည်။ ကျွန်တော့်တုန်းကလည်း နားမလည်ခဲ့သည့်စာအုပ်များစွာ ရှိခဲ့ဖူးသည်။ နောင်အချိန်ကာလ အတော်ကြာမှပြန်ဖတ်သည့်အခါ သဘောပေါက်နားလည်ခဲ့ရသည်မဟုတ်ပါလား။ ထိုကြောင့် ကျွန်တော်သည် စာမဖတ်သူအများစုကြားတွင် တယောက််ထဲ သီးသန့်ရပ်တည်ခဲ့ရဖူးသည်။
ကျွန်တော်၏ခံစားချက်များကို မိတ်ဆွေစာရေးဆရာတယောက်အား ပြောပြခဲ့ဖူးပါသည်။ သူသည်ပင်လျှင် ကျွန်တော်ကဲ့သို့ ခံစားခဲ့ရကြောင်းကိုလည်း ပြန်လည််ပြောပြသည်။ မိတ်ဆွေစာရေးဆရာသည် ထိုသို့သောအကြောင်းအရာများကြောင့် သူ၏ခံစားမူများနှင့် သူ၏အသိများကို စာပေအဖြစ်ဖန်တီးကာ ပြန်လည်မျှဝေခြင်းဖြစ်သည်ဟုလည်း သိရှိခဲ့ရသည်။ ဆရာမင်းခိုက်စိုးစံသည်လည်း ထိုသို့ခံစားချက်ရှိနေသည်ကို ဆရာ၏ 'ဒီမိုကရေစီ ရေကန်ထဲက လိပ်တစ်ကောင်' ဆိုသောဝတ္ထုတိုတပုဒ်တွင် ကျွန်တော်ဖတ်လိုက်ရသည်။ ဆရာနေဝင်းမြင့်သည်လည်း စာပေဖတ်ရှုမှုအလေ့အထအားနည်းသော ကျောင်းဆရာမလေးတယောက် သူ၏ကျောင်းသားများကို အမှားများသင်နေသည့်အကြောင်း ဆရာ၏စာပေဟောပြောပွဲတခုတွင် ကျွန်တော်နားထောင်ခဲ့ရဖူး သည်။ အခြားဆရားများသည်လည်း အခါအခွင့်သင့်တိုင်း စာပေဖတ်ရှုဖို့ကို စေတနာမေတ္တာများဖြင့် တိုက်တွန်းတတ်ကြသည်သာဖြစ်သည်။
ဆရာလူထု ဦးလှရေးသားခဲ့သော 'စာဖတ်ပါ' ဆောင်းပါးတွင် "အစာရေစာသည် လူသားအဖို့ အရေးကြီးသည့်နည်းတူ အခြားသတ္တဝါအားလုံးအတွက်လည်း အရေးကြီးသည်။ သို့ရာတွင် လူသားများအဖို့အစာရေစာမျှနှင့်မလုံလောက် အစာသည်ခန္ဓာကိုယ်အတွက် အာဟာရဖြစ်သည်။ စိတ်အတွက် အာဟာရမှာ 'စာ' ဖြစ်သည်။ စိတ်အတွက်အာဟာရမလိုဟုမယူဆစေလို၊ အစာရေစာနည်းတူ လူသားအတွက် 'စာ' အာဟာရလည်း မုချလိုပါသည်။" ဟု ရေးသားဖော်ပြခဲ့သည်။
ကျွန်တော့်အသိုင်းအဝိုင်းပတ်ဝန်းကျင်တွင် လူဆယ်ယောက်မှာ နှစ်ယောက်လောက်သာ စာဖတ်ကြသည်။ ကျန်လူများသည် အကြောင်းအမျိုးမျိုးပြကာ စာဖတ်ခြင်းကို အလုပ်တခုလိုမှတ်ယူ၍ စာအုပ်များနှင့်နီးလျက် ဝေးကွာနေကြသည်။ အချို့သူများမှာ စာဖတ်ဝါသနာပါကြသော်လည်း မိသားစုရေး၊ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ အရေးပေါင်းများစွာ ဖြင့် စာဖတ်နိုင်ဖို့ အချိန်မရှိဖြစ်နေကြသည်။ အမှန်ဆိုလျှင် ထိုအရာတွေသည် ဆင်ခြေဆင်လက်များသာဖြစ်မည်ဟု ကျွန်တော်ထင်မိသည်။ သူတို့တွင် အွန်လိုင်းသုံးဖို့ အချိန်ရှိနေသည်။ အပျော်အပါးအတွက်အချိန်ရှိနေကြသည်။ ထိုအချိန်များအတွင်းမှာ စာဖတ်ချိန်ကိုမျှ၍ရနိုင်ကြသော်လည်း သူတို့မလုပ်ဆောင်ကြပါ။ နောက်ဆုံး အွန်လိုင်းစာအုပ်စင်များစွာ ရှိနေသည်ကိုပင် သတိမမူနိုင်ပဲ ဖြစ်နေကြရသည်။
မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာနိုင်ငံကြီးများတွင် နယ်ပယ်ကဏ္ဍ အသိီးသီး၌ အောင်မြင်နေကြသော လူပုဂ္ဂိုလ်များသည် စာဖတ်ကြသည်။ စာဖတ်ခြင်းဖြင့် အခြားသူများမမြင်နိုင်သည့် ရှုထောင့်အသစ်များဖြင့် သမား ရိုးကျနည်းလမ်းများကို ကျော်လွန်၍ အတွေးအခေါ်သစ်များရလာနိုင်သည်။ စဉ်းစားဆင်ခြင်ဉာဏ်ကြီးမား၍ အကောင်းအဆိုး အကြောင်းအကျိုးများကို ဝေဖန်ပိုင်းခြားနိုင်လာမည်။ နိုင်ငံရေးဖြစ်စေ ဘာသာရေးဖြစ်စေ လူမှုရေးဖြစ်စေ စာဖတ်ခြင်းမှများစွာ သိရှိလာမည်။ နောက်ဆုံး တစုံတယောက်ဖြစ်စေ အဖွဲ့အစည်းတစုဖြစ်စေ ထိုသူများ၏လုပ်ဆောင်ချက်များကို သိမြင်ခံစားနိုင်မည် ဖြစ်သည်။ မည်သူသည် အများအကျိုးကို လိုလားသူဖြစ်ပါသလဲ။ မည်သူသည် တကိုယ်ကောင်းသမားအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူလဲ။ ထိုအဖြေကို မည်သူကမှ ပြောပြစရာမလိုပဲ ကိုယ်တိုင်သိရှိနားလည် နိုင်မည်ဖြစ်သည်။
စာမဖတ်သူများနှင့် သမားရိုးကျနည်းလမ်းဟောင်းများကို ဖက်တွယ်ထားတတ်သူများသည် အရစ္စတိုတယ်၏ စကားကို ပုံသေကားချပ်မှတ်ယူ၍ ဘာမှမသိအောင် နေထိုင်သူများသာဖြစ်လိမ့်မည်။ လေသံကြား ဖမ်းတရား နာရုံမျှနှင့် ခလုတ်တိုက်မှန်းမသိ၊ ဖားပြုတ်ကိုက်မှန်းမသိ၊ တရုတ်ရိုက်မှန်းမသိ ဖြစ်နေကြမည်သာ ဖြစ်သည်။ ကိုယ်တိုင်မသိရှိ နားမလည်၍ စဉ်းစားဆင်ခြင်ဉာဏ် အားနည်းစွာဖြင့်သူများ ပါစပ်ဖျားတွင် လမ်းဆုံးသူများအဖြစ်သို့ရောက်ရှိသွားလျှင် ဘာတွေဆက်ဖြစ်လာမည်ကိုကျွန်တော်ကိုယ်တိုင်လည်း မသိချင်တော့ပါ၊ သိလည်း မသိပါ။ သိရှိဖို့ရန်လည်း ကြိုးစားမည် မဟုတ်ပါ။
ကျွန်တော်သည် ငယ်စဉ်ကတည်းက မေးခွန်းပေါင်းများစွာကြား ကြီးပြင်းလာခဲ့သူဖြစ်သည်။ အခုချိန်တိုင် အောင်လည်း မေးခွန်းပေါင်းများစွာဖြင့် မသိခြင်းများကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။ တချို့ အကြောင်းအရာများသည် အဖြေရှိနေသည့်တိုင်အောင် လက်ခံနိုင်ဖို့ ခဲယဉ်းနေတတ်သည်။ ထိုကြောင့် မသိခြင်းများဖြင့် နေထိုင်သူများတွင်ကျွန်တော်ကိုယ်တိုင် ပါဝင်ခဲ့မိသည်။
သူတလူ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar