မြန်မာနွေဦး ခရိုနီကယ် - မေ ၂၆ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၆ မြင်ကွင်း
(မိုးမခ) မေ ၂၇၊ ၂၀၂၂
မြစ်ကြီးနားက စစ်ဘေးရှောင်ဒုက္ခသည် ရာဂဏန်းအချို့ နေရပ်ပြန် SNLD ရဲ့ ညီလာခံ
တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ သတင်းတွေ နေ့စဥ်ကြားသိနေရပြီး လူရာဂဏန်းကနေ ထောင်ဂဏန်း သောင်းဂဏန်းအထိ ရက်အနည်းငယ်ဖြစ်စေ လနဲ့ချီဖြစ်စေ ဘယ်လောက်ကြာမယ်မှန်းမသိပဲ နေအိမ်၊ ကျေးရွာ၊ မြို့တွေကို စွန့်ခွာတိမ်းရှောင်နေကြရချိန်မှာ မြစ်ကြီးနားမြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာ ဆယ်စုနှစ်တခုကျော်ကြာ တိမ်းရှောင်နေထိုင်လာခဲ့သူတွေထဲက အရေအတွက် ၆၀၀ လောက်သော စစ်ဘေးရှောင်တွေ နေရပ်ပြန်တဲ့ သတင်းက သတင်းထူး ဖြစ်ပါတယ်။
သူတို့အဖို့ နေရပ်ကို စွန့်ခွာလာတာ ၂၀၁၁ ခုနှစ် ဇွန်လမှာ ကေအိုင်အေနဲ့ စစ်တပ်တို့ တိုက်ပွဲစဖြစ်ပွားပြီးကာလက စလို့ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပြီး ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တခုကျော်ကြာ နေထိုင်ဖြတ်သန်းခဲ့ကြရတာ ဖြစ်ပါတယ်။
စပြီး စစ်ဘေးရှောင်စဥ်က မွေးခါစကလေးငယ် ဆိုခဲ့ရင် အခုအခါ ၁၁ နှစ်ကျော် ၁၂ နှစ်ထဲအရွယ်ရောက်တော့မှာ ဖြစ်သလို စစ်ဘေးရှောင်စဥ်က အသက် ၁၀ နှစ် ၁၁ နှစ်အရွယ်ဆိုခဲ့ရင် အခုအခါ အသက် ၂၀ ကျော် ကျောင်းနေမယ်ဆို တက္ကသိုလ် ကောလိပ်ကျောင်းသားအရွယ်နဲ့ အလုပ်လုပ်မယ်ဆိုလည်း မိသားစုကို ကူညီရအောင် အလုပ်လုပ်ရမယ့်အရွယ် ရောက်နေလောက်ပါပြီ။
၁၀ ပေ ၊ ၁၂ ပေ လောက်ရှိတဲ့ တဲတွေ၊ အချို့လည်း ၁၅ ပေပတ်လည်လောက် သွပ်မိုးအကာနဲ့ ယာယီ စစ်ဘေးရှောင်အိမ်ခန်းတွေထဲ မိသားစုဝင် အားလုံး ကလေးငယ်ကစလို့ အဖိုး အဖွားတွေအထိ စုပေါင်းနေရတဲ့ အခြေအနေမျိုးအောက်မှာ ဆယ်စုနှစ်တခုကြာနေထိုင်ကြီးပြင်းကြရတဲ့ အဖြစ်ကို စဥ်းစားကြည့်ရုံနဲ့တင် လွတ်လပ်မှုဆုံးရှုံး၊ ကျဥ်းကြပ်မှု၊ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ချက်ပြုတ်တဲ့နေရာနဲ့ အိပ်တဲ့နေရာ တဆက်တစပ်ထဲ၊ အများသုံး ဘုံအိမ်သာတွေ၊ စခန်းတွေမှာဆောက်ထားတဲ့ ဘုရားဝတ်ပြုကျောင်း စတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြရတာဖြစ်ပါတယ်။
ဒီလိုအခြေအနေထက်ဆိုးတဲ့ စစ်ဘေးရှောင်နေရသူတွေလည်း လက်ရှိ ကယားပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ ရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်။ အဲဒီလတ်တလော အဖြစ်အပျက်ကြောင့် တိမ်းရှောင်နေရသူတွေက နောက်ဘယ်လောက်ကြာမယ်ဆိုတာ မမှန်းဆနိုင်သေးတဲ့ အခြေအနေမျိုးမှာ ရောက်နေတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တဲ့သူတွေရဲ့ အကြောင်းမေးကြည့်တဲ့အခါ အချို့လည်း တိုက်ပွဲဖြစ်လာတဲ့အခါ တပ်တွေဝင်လာတဲ့အခါ နာရီပိုင်း ရက်ပိုင်းလောက် ရှောင်ရမယ်လို့ ထင်ပြီး ဘာမှ များများစားစား မသယ်နိုင် မယူနိုင်ဘဲ အသက်ဘေးလွတ်ဖို့အဓိက ဆိုပြီးသဘောထားကာ လက်လွတ်ထွက်ပြေး တိမ်းရှောင်ရင်း မြို့တွေ ရောက်လာတာ လနဲ့ချီမှ ပြန်နိုင်သူတွေ ရှိသလို အခု မြစ်ကြီးနား စစ်ဘေးရှောင်စခန်းကသူတွေအဖို့တော့ ဆယ်စုနှစ်တခုကျော်ကြာမှ ပြန်နိုင်ကြသူတွေ ဖြစ်ပါတယ်။
အခုလို ဆယ်စုနှစ်တခုကျော်ကြာ အိမ်ပြန်ချိန်ကလည်း တိုင်းပြည်အေးချမ်း ငြိမ်သက်သွားတဲ့အခြေအနေမဟုတ်သေးပါဘူး။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအကြား နှုတ်အားဖြင့် သဘောတူညီမှု လိုမျိုးရှိကောင်းရှိမယ့် အနေအထားမှာ ပြန်သွားကြရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင် စခန်းမှာ ဆယ်စုနှစ်တခုကျော်နေလာသူတွေရဲ့ စိတ်အခြေအနေကို မှန်းဆကြည့်ရုံနဲ့တင် နားလည်ခံစားနိုင်ပါတယ်။ မိမိကိုယ်တိုင် ရပ်တည် လုပ်ကိုင် စားသောက်ဖို့ မြေမရှိ ၊ မြို့ပေါ်မှာ အရင်းအနှီးနဲ့ စျေးရောင်းစျေးဝယ်လုပ်နိုင်တဲ့အနေအထားလည်းမဟုတ်ကြပဲ ယောင်္ကျားသား သန်သန်မာမာရှိတဲ့ မိသားစုတွေက အပြင်မှာ နေ့စားအလုပ်ထွက်လုပ်ကြရတာမျိုး၊ ကျန်တဲ့မိသားစု အနေနဲ့ လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါးတွေကို အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ပေါ်မှီခိုနေကြရတဲ့ ဘဝမျိုးမှာ စိတ်ဓါတ်ခွန်အား ပြည့်ပြည့်ဝဝ ရှိဖို့မလွယ်ကြသလို ကလေးတွေရဲ့ ပညာရေး ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကိုလည်း ထိခိုက် သက်ရောက်မှုတွေ ရှိကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒုက္ခသည်စခန်းအချို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခန်း၊ နမ့်ဖတ်ကာတို့မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ ၃/၄ နှစ်တုန်းက ရောက်ခဲ့စဥ် မြင်တွေ့ရတဲ့ မြင်ကွင်းတွေ၊ စကားပြောဆိုကြည့်တဲ့အခါ ကြားသိရတဲ့ သူတို့ဘဝအကြောင်းတွေက ကြားရသူအဖို့ စိတ်ထဲ နင့်နေအောင် ခံစားကြရတာ အမှတ်ရနေဆဲ ဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးက စခန်းတွေမှာ နေထိုင်နေကြတဲ ကချင်ပြည်နယ် မံစီဘက်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ကျဥ်းကြပ်တဲ့ အိမ်ခန်း၊ ချက်ပြုတ်စရာ နေရာ ရေသုံးစရာနေရာ အိပ်ယာနေရာ အားလုံးရဲ့အကျယ်က ၁၅ ပေ x ၁၀ ပေပတ်လည် နေရာ၊ ဘုံအိမ်သာ ဘုံနားနေ နေစာလှုံတဲ့နေရာ မြေကွက်လပ် ၊ ကလေးတွေအဖို့ ဆော့ကစားစရာ တာလပတ်မိုး တဲတွေရဲ့ အကြား လွတ်နေတဲ့ မြေတလင်းမှာ ဆော့ကစားနေကြတဲ့ မြင်ကွင်းတွေက မျက်စေ့ထဲ မထွက်နိုင်သေးပါဘူး။ စစ်ဘေးရှောင်တဦးက သူတို့ရွာဘက်ကို တချို့သော နှစ်ကာလတွေမှာ နေအိမ်တွေ ပြန်သွားကြည့်ခဲ့ဖူးပြီး ရွာမှာ စစ်တပ်က နေရာယူထားကာ အချို့ ကိုယ့်ရွာ ကိုယ့်အိမ် အစွဲအလန်းကြီးသူ ပြန်သွားပြီး ခေတ္တခဏ နေထိုင်သူတချို့လည်း ပစ်သတ်ခံကြရတဲ့ အဖြစ်တွေ ရှိတဲ့အကြောင်း ကြားသိခဲ့ရပါတယ်။
တကြောင်းထဲသော ဝါကျနဲ့ ပြောရရင်တော့ စစ်ဘေးရှောင်တယ်ဆိုတဲ့ ဘဝဟာ အသက်ဆုံးရှုံးမယ့်အရေးကို ရှောင်ရှားဖို့ ဘာမှန်းမသိတဲ့ အနာဂတ်ကို မျက်စေ့မှိတ်တိုးဝင်ရတဲ့ဘဝ၊ လူ့မာနတွေ၊ လူ့ဂုဏ်သိက္ခာတွေ အားလုံးချထားခဲ့ရတဲ့ ဘဝလို့ဆိုရင် မှားမယ် မထင်ပါဘူး။
မြစ်ကြီးနားမြို့ စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်သွားသူ မိသားစုတွေအတွက် ကံကောင်းပါစေလို့ ဆန္ဒပြုရင်း ကျန်နေသေးတဲ့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေလည်း အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ ဆန္ဒပြုရုံပဲ တတ်နိုင်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရှမ်းပြည်နယ် နိုင်ငံရေးမှာ အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို တောင်ကြီးမြို့မှာ ၂ ရက်တာ ကျင်းပနေတဲ့ သတင်းဖြစ်ပါတယ်။
SNLD ရဲ့ နာယက ဖြစ်သူ ရှမ်းနိုင်ငံရေးတင်မက မြန်မာနိုင်ငံရေးမှာပါ ထင်ရှားလေးစားမှု ရရှိထားတဲ့ ခေါင်းဆောင်ဖြစ်သူ ခွန်ထွန်းဦး မကြာသေးခင်က ကွယ်လွန်ခဲ့ပြီး ၊ ပါတီကို စာရင်းစစ်ဖို့ ခေါ်ဆိုမှုကို စစ်ဆေးခံမယ့် နေရာနဲ့ပတ်သက်လို့ သဘောတူညီမှုမရပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခေါ်ဆိုမှုကို ငြင်းပယ်ထားတဲ့ အခြေအနေတွေက လတ်တလော အခြေအနေအောက်မှာ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဟာ နယ်မြေအရ မြန်မာ့နိုင်ငံမှာ အကြီးဆုံး ပြည်နယ်ဖြစ်ပြီး နိုင်ငံရေး အစဥ်အလာအရလည်း သြဇာရှိတဲ့ လူမျိုးစု ဖြစ်ပါတယ်။ လတ်တလော လက်နက်ကိုင် ပဋိပက္ခတွေမှာတော့ ရှမ်းလက်နက်ကိုင်နဲ့ စစ်ကောင်စီအဖွဲ့တို့ အကြားတိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားနေတာမရှိပေမယ့် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား တင်းမာမှု ရံဖန်ရံခါ တိုက်ခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို လူထုတွေက အရေးမထားကြချိန်၊ လက်နက်ကိုင် တိုက်ခိုက်မှုကိုသာ စိတ်အားသန်ကြချိန်မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေးချိန်လည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေအောက်မှာ SNLD ပါတီအဖို့ နိုင်ငံရေးရပ်တည်မှု ပါတီရပ်တည်မှုကို ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ကလည်း အရေးကြီးလိမ့်မယ်လို့ မှန်းဆကြည့်မိပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar