ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၃၊ ၂၀၂၂
ခပ်ညံညံလူတွေဆက်တိုက်မွေးခဲ့တယ်
ခပ်ညံညံနိုင်ငံကြီးအဖြစ်
ခပ်ညံညံအစိုးရတွေရင်ခွင်ထဲ
ခပ်ညံညံဝန်တွေ
ခပ်ညံညံစစ်သားသစ်တွေ
ခပ်ညံညံပညာရှင်တွေလက်ထဲ
ခပ်ညံညံပြည်သူပြည်သားတယောက်လို
ရှင်ခဲ့တယ်
ဘယ်သူပြောလဲ
ကိုယ်နဲ့ထိုက်တန်တဲ့ထီးပဲဆောင်းရတယ်ဆိုတာ
အာပလာကလပ်တထောင်လောက်မှာ
ပါလာတဲ့ကျောက်ကောင်းတပွင့်ဟာ
ကိတ်မုန့်စားတဲ့လူတန်းစားတွေအတွက်ပဲ
ဒီမိုကရေစီစနစ်ဟာ
အေသင်မှာကတည်းက
ကြက်ဖကြီးတကောင်အကြွေးဆပ်လိုက်ပါဆိုတဲ့
ဆော့ကရေတီးရဲ့
နောက်ဆုံးမှာတမ်းနဲ့အတူကျဆုံးခဲ့ပြီးပြီ
အခုဝါဒဟာအားကြီးသူအနိူင်ယူစတမ်း
ဝါဒပဲ
ငွေကြေးစစ်
သယံဇာတစစ်
နည်းပညာစစ်
ယဥ်ကျေးမှုတောင်စစ်ပွဲထဲရောက်နေပြီမဟုတ်လား
တက္ကသိုလ်ဆိုတာလဲ
သာမန်လူတက်တဲ့တက္ကသိုလ်နဲ့
မွေးမြူရေးတက္ကသိုလ်ဆိုပြီး
နှစ်ခုပဲရှိရဲ့
ခု ....
မိတ်ဆွေကဘယ်တက္ကသိုလ်ဆင်းလဲ
ဘယ်လောက်တတ်မြောက်ခဲ့သလဲ
သူတော်ကောင်းတရားခုနှစ်ပါးက
တက္ကသိုလ်ပညာထဲတော့
ပါမလာခဲ့ဘူးမဟုတ်လား
မွေးမြူရေးတက္ကသိုလ်မတက်လိုက်ရတာပဲ
ကိုယ့်ဘဝကိုကျေနပ်ရဲ့
ဟာသပေါတဲ့တိုင်းပြည်ထဲ
ရယ်မောခြင်းရသနဲ့
နေတတ်စွာရယ်မောနေခဲ့ပါတယ်
ရွာထဲမှာ ....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar