ဖိုးကျော် - ၂၀၂၂ရဲ့မေလမှာ...
ဖိုးကျော်
(မိုးမခ) မေ ၃၊ ၂၀၂၂
မနက်နေထွက်လာကတည်းက ပူတော့မယ်ဆိုတာ သိလိုက်ရတယ်။ နေရဲ့အရောင်ကြီးကိုက ပြူးခနဲပြဲခနဲ ရင့်လွန်းတယ်။ ရန်ကုန်ဟာ တချိန်တုန်းက မနက်လင်းစမှာ သိပ်ကိုလှသတဲ့။ လှိုင်မြစ်ရေဟာ ဒီရေကြောင့်နှောက်ကျိနေလည်း မနက်ခင်းအလင်းစက်တွေ ရေပြင်ကိုပက်ထားသလိုဖြစ်တော့ ကဗျာဆန်သတဲ့။ အခုတော့ နေရောင်ဟာသက်တမ်းရနေတဲ့ ကွန်ဒိုတိုက်ခန်းထဲကို ဓားနဲ့ထိုးသလိုကြီးဝင်လာခဲ့တယ်။
ခန်းဆီးတွေသာ စကားပြောတတ်ရင် တဖျစ်တောက်တောက် ပြောလိုက်ကြမှာ။
အိပ်ရာက လူးလဲထ၊ဝရန်တာကနေ မျှော်ကြည့်လိုက်တဲ့အခါ မြစ်ကိုဖြတ်ထိုးထားတဲ့ တံတားနှစ်စင်းရဲ့သံဘောင်ရက်မကြီးတွေဟာ စူးစူးလက်လက်ဖြစ်ဖို့ အရှိန်ယူနေကြပြီ။ မကြာပါဘူး။ မကြာတော့တဲ့အချိန်အတွင်းမှာ သူတို့ဆီကနေ အပူရှိန်တွေနဲ့အတူ စူးစူးလက်လက်ရောင်ပြန်တွေကို ထုတ်လွှတ်ကြလိမ့်မယ်။ မကြည့်ချင်ဘူး။ ကြည့်လည်းမနေချင်တော့ဘူး။ မျက်စိပသာဒဖြစ်စရာ အလှအပမှဖြစ်မလာနိုင်တော့တာ။ တံတားကြီးနှစ်စင်းရဲ့အလယ်က ပိတ်စရောင်စုံဟာ ရွက်တွေလား။ ရွက်ချထားတာဆိုလည်း အဲဒီရွက်တွေကို အမြန်ဆုံးသာတင်လိုက်ပါလားကွာ။ နေကပူလာပြီ။ စူးလက်လက်ရောင်စဉ်တန်းတွေကို မျက်စိက မကြည့်နိုင်ဘူး။ ဒီလိုနဲ့ မျက်နှာလွှဲထားခဲ့ရတယ်။ ခဲနဲ့လှမ်းပစ်လိုက်ဖို့လည်း ဝေးတယ်။
လှေကားကနေဆင်းလာခဲ့ရင်း ချာနိုဗိုင်းပေါက်ကွဲတာကြောင့် ဓာတ်ရောင်ခြည်သင့်ခဲ့ရတဲ့ ကန့်သတ်ဇုန်ထဲက မြို့ပျက်ကြီးကိုသတိရမိတယ်။ လှေကားကို အသံအကျယ်ကြီးမြည်အောင် မနင်းခဲ့ပါဘူး။ ဒါပေမယ့် တိတ် ဆိတ်လွန်းတဲ့နေရာမို့ ခြေသံတရှပ်ရှပ်ဟာလည်း အကျယ်ကြီးပဲ။
"ဟေ့..ဘယ်သူမှမရှိကြဘူးလား၊ ဟေ့..မေးနေတယ်လေ၊ ဘယ်သူမှ မရှိကြဘူးလားကွ" ဆိုပြီး ရုပ်ရှင်ထဲကအတိုင်း အော်ဟစ်ပစ်လိုက်ချင်မိတယ်။ ရုပ်ရှင်မဟုတ်တာတော့ သေချာပါတယ်။ အဲဒီတော့ အော်လို့မရခဲ့ပါဘူး။ အော်လည်း မနေချင်တော့ပါဘူးလေ၊ ရုပ်ရှင်မှမဟုတ်တာဘဲကိုး။
ပျင်းစရာကြီး။ ဟုတ်တယ်ပျင်းစရာကြီးပဲ။ အခုဆိုရင်ပျော်နေတဲ့သူတွေကို စိတ်မူမမှန်လို့ဆိုပြီး ပြောနေကြတယ်။
စိတ်မူမမှန်တာရယ်၊စိတ်ပေါ့သွပ်တာရယ်၊ကျပ်မပြည့်တာရယ်၊ ရူးနေတာရယ်ဟာ အတူတူပဲလို့ တချို့က ပြောကြတယ်။ လူတိုင်းဟာအရူးလို့လည်း ပြောကြတာပါပဲ။ လူတိုင်းဟာအရူးဆိုပေမယ့် တပါးသူကိုမထိခိုက်ဘဲ အေးအေးလူလူရူးနေရင်တော့လည်း ဘာပြဿနာမှမရှိပါဘူးလေ။ အခုတော့ အရူးဟာ ပျင်းစရာအဖြစ်အပျက်တွေကို ယူခဲ့တာ။ ယူခဲ့တယ်ဆိုတာထက် ဖြန့်ကြဲပစ်လိုက်တာ။
အဲဒီအရူးဟာ မိုးပေါ်ကကျလာတာတော့ မဟုတ်ဘူးပေါ့။ အဲဒါဆိုရင် မြေကြီးထဲကထွက်လာခဲ့တာလား။ မြေကြီးထဲကထွက်လာခဲ့တာဆိုရင်လည်း ခပ်နက်နက်ထဲ ပြန်ဝင်သွားစမ်းကွာ။ ရှုပ်ပါတယ်ကွာ သိပ်ပြီးနက်တဲ့.. အလွန်တရာနက်တဲ့..ဟိုး အဝီစိအထိပျင်းစရာကြီးကိုပြန်ယူသွားပြီး ဆင်းသွားလိုက်စမ်းပါ။ အော်ပစ်ချင်စိတ်ဟာ ရင်ဘတ်ထဲမှာ စုလာတယ်။ အော်လို့မရပေမယ့် ကန်လို့တော့ ရပါသေးတယ်။ လမ်းပေါ်က ချမ်းဘီယာဘူးခွံဟာ အုတ်တံ တိုင်းအပြင်ဖက်ကိုလွှင့်ထွက်သွားတယ်။
မနိုင်ရင် နိုင်ရာကိုမည်းတဲ့အကျင့်ဟာမကောင်းဘူးတဲ့။ ဒါပေမဲ့ ဘီယာဘူးခွံဟာ မျက်စိနောက်စရာကောင်းနေတာကြီးကို။ နောက်တယ်လေ၊ သောက်မှမသောက်နိုင်တော့တာ။ အဲဒီတော့ ကန်လွင့်ပစ်လိုက်တယ်၊ အေးရော။
အုတ်တံတိုင်းရဲ့အပြင်မှာက စည်ကားနေတာလား စည်ကားချင်ယောင်ဆောင်ထားတာလား ဒါမှမဟုတ် စည် ကားသွားရတာလား။ ကားတွေဟာ အရှိန်နဲ့ပြေးဆင်းနေတယ်။ ပြေးတက်နေကြတယ်။ ပင်လယ်ဆီသွားမလို့လား၊ ပင်လယ်ကပြန်လာကြတာလား။ မြို့ပျက်ကြီးရဲ့အပြင်မှာရော မြို့ပျက်နေတာလား။ ကားတွေဟာမကုန်နိုင်ဘူး။ လမ်းကိုကူးဖို့သိပ်ခက်ခဲတယ်။ သိပ်ခက်ခဲလည်းကူးရမယ်။ ဆူးလေလမ်းမကြီးပေါ်ကရိုက်ကွင်းမဟုတ်ဘူး။ ကားတွေအနှေးမောင်းလာပြီး ကင်မရာကမြန်ထားတာမဟုတ်ဘူး။ သူ့ဘာသာ နှေးနှေးမြန်မြန်ပေါ့ လမ်းကိုကူးရမယ်။ ခိုတွေဆူညံလွန်းနေတယ်။ ခိုတွေကိုအစာမကျွေးပါနဲ့။ ကြွက်တွေက သောင်းကျန်းလွန်းလို့ ခိုတွေကိုအစာမကျွေးပါနဲ့။ ရေထဲကသမ္ဗာန်နဲ့မိုးပေါ်ကလေယာဉ်ပျံဟာ တိုက်ဆိုင်မှုတခုကြောင့် တိုက်ဆိုင်သွားကြတယ်။ လူတွေဟာ တခုခုကိုအကြောင်းပြချင်တဲ့အခါ တခုခုကိုဆွဲခေါ်လာတတ်ကြတယ်။
တကယ်တော့ နောဧရဲ့လှေကြီးဟာ လှိုင်မြစ်ထဲကိုရောက်လာစရာအကြောင်းကိုမရှိဘူး။ နောဧဆီမှာ လှိုင်မြစ်ရဲ့ကြမ်းပြင်ကို သုတေသနပြုထားတဲ့ စာ တမ်းရှိတယ်လို့ မကြားဖူးခဲ့ဘူး။ မြစ်ကိုဖြတ်ထိုးထားတဲ့တံတားနှစ်စင်းကြားက ရွက်တွေချထားတာ နောဧရဲ့လှေကြီးလား။ နောဧရဲ့လှေကြီးဟာ ဟိမဝန္တာတောင်ထိပ်မှာရှိနေတယ်လို့ဘယ်သူပြောလို့လဲ။ စုံတွဲတွေအရင်တက်ကြ၊ လုမတက်ကြနဲ့၊ အားလုံးအတွက်နေရာရှိတယ်။ အသံတွေဟာ ဆူညံနေတာပဲ။ ကုန်းမြေကိုသူတို့လိုက်ရှာကြမယ်တဲ့။ ခိုတွေညည်းနေပြန်ပြီ။ ခိုတွေကိုအစာမကျွေးနဲ့။ ကြွက်တွေသောင်းကျန်းလွန်းလို့ ခိုတွေကိုအစာမကျွေးပါနဲ့။
နေရောင်စူးစူးလက်လက်ကြီးဟာ ကျူးကျော်လွန်းလာပြီ။
"အကို...ကျနော်ကားသိမ်းလာပြီ။ အကိုထတော့လေ"
ညီငယ်ကဗျာဆရာက ကားသော့ကို စားပွဲပေါ်ပစ်တင်လိုက်ပုံရတယ်။ ဒါမှမဟုတ် ခပ်ကြမ်းကြမ်းချလိုက်ပုံပဲ။ ဒေါက်ခနဲမြည်သွားသံက အတော်ကျယ်တယ်။ သူမနိုးခင်ကတည်းက ကျနော်ကနိုးနေပြီးသားပါ။
"နိုးနေတာကြာပြီကွ..ဝင်းအပြင်ဖက်ကိုတောင် ငါရောက်ခဲ့သေးတယ်"
"ဟာ..အကိုကလုပ်ပြီ"
"အေး...လှေကြီးက ရွက်မလွှင့်သေးဘူးလား၊ မြန်မြန်သွားရင် မြန်မြန်အေးတာပါပဲ"
"အကို...မပြေသေးဘူးလား၊ ဖြေမလား၊ ဖြေမယ်ဆို အောက်ဆင်းပြီး သွားဆွဲလိုက်မယ်"
"မဖြေဘူး..မလိုဘူး။ ဘာမှ မဖြစ်ဘူးလေ။ အခုဟာက ဟိုလှေစုတ်လှေပဲ့ကို မြင်ပြင်းကပ်လွန်းလို့"
"ဘယ်ဟာကြီး...."
"လာစမ်းကွာ...၊ ငါပြမယ်"
သူလက်ကိုဆွဲပြီး ဝရန်တာကိုခေါ်ထုတ်ခဲ့တယ်။ အဝေးမှာမြင်နေရတဲ့ စူးစူးလက်လက်တံတားကုန်းတွေကြားမှာ ရွက်ချထားတဲ့လှေကြီးကို ကြည့်ခိုင်း လိုက်တယ်။
"ကျနော်..မမြင်ရဘူးအကို"
"အေး..၊ငါမြင်တယ်၊ ငါသိတယ်၊ သူတို့အသံကိုတောင် ငါကြားလိုက်ရသေးတယ်"
"အကို..၊ဖြေမလား၊ ခေါင်းကိုက်နေသလား၊ မူးသေးလား"
"မဖြေဘူး၊ မကိုက်ဘူး၊ မမူးဘူး၊ ငါသိတာ၊ မင်းမသိဘူး၊ မင်းသိတာလည်း ငါသိဖို့မလွယ်ဘူး၊ မနက်က ပါစင်ဂျာရသေးလား"
"ရသေးတယ်၊ အတိုနှစ်ခေါက် ၊ အရှည်တခေါက်၊ အကိုသောက်မလား..ကျနော် ပြန်ဆင်းပြီး ဝယ်လိုက်မယ်"
"အာ...ငါမသောက်ချင်ဘူး၊ ဟိုကောင်တွေရှိတယ်ကွ"
"ဘယ်ကောင်တွေလဲ အကိုရာ"
ကဗျာဆရာညီငယ်ဟာ စိတ်အတော်
ညစ်သွားပုံနဲ့ ဆေးပေါ့လိပ်ဖင်စီခံကို ခပ်ကြမ်းကြမ်းဆောင့်နေတယ်။
"ဟိုကောင်တွေ လှေစုတ်လှေပဲ့ကြီးပေါ်မှာ ရှိနေကြတယ်..မင်းသေချာကြည့်လိုက်၊ မင်းက ကဗျာဆရာပဲ မင်းမြင်ရမှာပေါ့..မျက်စိမှိတ်ပြီး ကြည့်လိုက်ကွာ"
"ဟာ...အကိုက လုပ်ပြန်ပြီဗျာ"
^^^^^
လှေစုတ်လှေပဲ့ကြီးဟာ ရွက်တွေဖြန့်ပြီး လှိုင်မြစ်ထဲကထွက်သွားတာလား၊ ထိုးဝါးနဲ့ထိုး၊ ခတ်တက်နဲ့သာသာခတ်ပြီး တအိအိခွာသွားတာလား၊ ဒီရေစစ်ချိန်မှာပါသွားတာလား ကျနော်တို့ညီအကို မသိလိုက်ကြဘူး။
"အကို...လှေစုတ်ကြီးမရှိတော့ဘူး"
"နောဧရဲ့လှေကြီးလား"
"မဟုတ်တာအကိုရာ၊ နောဧရဲ့လှေကြီးက ဒေါက်တင်ထားတုန်းပါဗျာ၊ အခုဟာက လှေစုတ်ကြီးမရှိတော့တာ"
ဟုတ်တယ်၊ လှေစုတ်ကြီးမရှိတော့ဘူး။ တိတ်တိတ်လေးခွာသွားပုံပဲပေါ့။
အဲဒီမနက်မှာ မေလနှောင်းရဲ့နေရောင်ခြည်ဟာ အံဩစရာနုပျိုနေခဲ့တယ်။
ကျနော်နဲ့ညီငယ်ကဗျာဆရာဟာ ကွန်ဒိုဟောင်းကြီးပေါ်ကနေ ဘီယာဘူးကိုယ်စီနဲ့လှိုင်မြစ်ထဲကို ငေးနေခဲ့ကြတယ်။ ပျော်စရာဟာလေပြေထဲမှာ ပါလာခဲ့တယ်။
မိတ်ဆွေတို့ရေ..၊ ကိုကိုးကျွန်းအနီးတဝိုက်မှာ စပ်ပျဉ်တချပ်စီကွာသွားတဲ့လှေစုတ်ကြီးတစင်းအကြောင်းကိုဂဃဏနသိရရင် ကျနော်တို့ကိုပြောပြပါဦးနော်။
ဖိုးကျော်
ဧပြီ၊၂၀၂၂
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar