မြန်မာနွေဦး ခရိုနီကယ် - မေ ၂ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂ မြင်ကွင်း
(မိုးမခ) မေ ၃၊ ၂၀၂၂
သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပညာသည်ဆန်မှု ကျဆုံးချိန်
မနက်ဖြန် မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်လို့လည်း ခေါ်ဆိုကြတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ယူနက်စကိုက အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဥ် နိုင်ငံအတော်များများမှာ သတင်းလွတ်လပ်ခွင့်အတွက် ရပ်တည်နှိုးဆော်တာ၊ သတင်းသမားတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတာ ၊ သတင်းအလုပ်ကို လုပ်ရင်း အသက်ဆုံးရှုံးသွားကြရတဲ့ သတင်းသမားတွေကို ဂုဏ်ပြုတာတွေ လုပ်ဆောင်ကြတဲ့နေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံအဖို့တော့ ယခင်နှစ် အခုလို မေလ ၃ ရက်နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ကလည်း သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေ မကျင်းပနိုင်ခဲ့သလို ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့် တောင်းဆိုတာ၊ တိုက်တွန်းတာတွေကို လူသိရှင်ကြားလုပ်ဖို့ မလွယ်ကူတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ သတင်းလွတ်လပ်ခွင့်က ကျဆုံးခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ သတင်းဌာနတွေရဲ့ လိုင်စင်ကို ပယ်ဖျက်လိုက်တာ၊ သတင်းဌာနတွေရဲ့ ရုံးခန်းတွေကို ဝင်စီးပြီး သတင်းစာဆရာတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ ဆန္ဒပြမှုတွေ ဖြိုခွဲမှုတွေ ပစ်ခတ်မှုတွေကို သတင်းရယူနေစဥ် ဖမ်းဆီးခံရတဲ့ သတင်းသမားတွေကို ရိုက်နှက်တာတွေ ကင်မရာတွေကို ဖျက်ဆီးတာ သိမ်းယူတာတွေက မနှစ်က အခုလိုကာလတွေမှာ ဖြစ်ပျက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သတင်းသမားတွေ မိသားစုလိုက်သော်လည်းကောင်း၊ သတင်းသမားတဦးတည်းသော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်နယ်မြေ သို့မဟုတ် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနိုင်ငံတို့ဆီ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရေအတွက်ရာဂဏန်းတွေအထိ ရောက်ရှိလာကြပြီး အချို့သော သတင်းဌာနကြီးတွေကတော့ တတိယ နိုင်ငံတွေမှာ သတင်းခန်းစီမံခန့်ခွဲတဲ့ ရုံးအဖြစ်နဲ့ ပြောင်းရွှေ့ကြတဲ့ အခြေအနေမျိုးတွေလည်း တွေ့မြင်ကြားသိနေရပါတယ်။
ဒီတနှစ်တာအတွင်း သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ဗြုန်းကနဲရော တတိတိပါ ကျဆင်းလာနေတာ အခုအချိန်ထိ ဖြစ်ပြီး ပြည်တွင်းမှာ သတင်းကို လွတ်လွတ်လပ်လပ် ရေးသားထုတ်လုပ်ဖို့က မလွယ်ကူတော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ထုတ်နေတဲ့ သတင်းစာတွေကို ကြည့်လိုက်တဲ့အခါ စကားလုံးအသုံးအနှုန်း ရွေးချယ်ပြီးသုံးစွဲရတာ၊ စစ်ကောင်စီ စစ်အာဏာသိမ်းမှု စတဲ့ အသုံးအနှုန်းတွေကို ရှောင်ပြီး နစက၊ စစ်အာဏာထိန်းမှု စတဲ့ အသုံးအနှုန်းမျိုးနဲ့ အစားထိုးရင်ထိုး မဟုတ်ရင်လည်း စကားလုံးကို ရှောင်ပြီး သတင်းကို ဖော်ပြတာမျိုးတွေ လုပ်ကြရတာတွေ့ရပါတယ်။
စစ်ကောင်စီအနေနဲ့ သတင်းစီးဆင်းမှု ပလက်ဖောင်း တနည်းအားဖြင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းကို မထိန်းချုပ်နိုင်တာကြောင့် သတင်းသမားတွေကို ဖမ်းဆီးတဲ့နည်းကို သုံးပြီး သတင်းသမားအလုပ်ကို စွန့်လွှတ်ကြအောင် ဖိအားပေးတာတဲ့ နည်းဗျူဟာကို သုံးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပြီး လက်ရှိကာလမှာလည်း သတင်းသမား ၅၀ ကျော်က အကျဥ်းထောင်ထဲ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
ဒီနည်းနဲ့ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထိန်းချုပ်နေသလို တဖက်မှာလည်း သတင်းလွတ်လပ်ခွင့် ကျဆင်းလာတာနဲ့အမျှ ပညာသည်ဆန်တဲ့ သတင်းတင်ဆက်မှုတွေ နည်းပါးလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးလာနေတာကြောင့် ရော ဆန္ဒပြမှုတွေကို ဖြိုခွဲတဲ့ သတင်းအဖြစ်အပျက်တွေကို တင်ဆက်တဲ့အခါမှာ စစ်ကောင်စီတပ်တွေ ရဲတွေရဲ့ ရက်စက်တဲ့ ဖြိုခွဲမှုတွေကို တွေ့မြင်ရပြီး သတင်းသမားရဲ့ ဘက်မလိုက်မှု ရပ်တည်ချက်တွေကို လွှတ်ချလိုက်ကြပါတော့တယ်။ အများအပြားသော သတင်းသမားတွေလည်း ဓမ္မနဲ့ အဓမ္မဆိုတဲ့ နိုင်ငံရေး ရပ်တည်မှုဘက်ကို ရွေးချယ်လိုက်ကြပြီး တော်လှန်ရေးလို့ ခေါ်ဆိုကြတဲ့ နိုင်ငံရေးဘက် ဖက်က ရပ်တည်ကာ ရေးသားတင်ဆက်ကြပါတော့တယ်။
အသုံးအနှုန်းတွေမှာ နာမဝိသေသတွေ အများအပြား ထည့်သွင်းကာ တင်ဆက်လာတာ၊ အချို့သော ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို သုံးနှုန်းကာ တင်ဆက်လာတာတွေ အများအပြားတွေ့လာရပါတယ်။ သတင်းတွေတင်မကပဲ သတင်းကာတွန်းတွေမှာလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ ကျား၊ မ ရေးရာ ရှုထောင့်ကကြည့်ရင် အမျိုးသမီးတွေကို စော်ကားရာရောက်တဲ့ ကာတွန်းအချို့လည်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြတာ တွေ့လာကြရပါတယ်။ ခံစားချက်က အခုလို ပညာသည်ဆန်မှု စံနှုန်းတွေ ကျင့်ဝတ်တွေကို လွှတ်ချလိုက်ကြဖို့ စေ့ဆော်ပြီး နိုင်ငံရေးမှာ အမှန်တရားဘက် လိုက်ရမယ်ဆိုတဲ့ ယုတ္တိစကားလုံးနဲ့ ရေးသား တင်ဆက်ကြတာမျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါး လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ ပညာသည်ဆန်တဲ့ သတင်းစာပညာ အတတ်ပညာ ရပ်တည်ချက်တွေကို မိတ်ဆက်ခဲ့ကြ ထူထောင်ခဲ့ကြရာမှာ စစ်အာဏာသိမ်းမှုက အားလုံးကို တိုက်စားသွားခဲ့ပြီး ဝါဒဖြန့်မီဒီယာသဘောဆောင်တဲ့ ရပ်တည်ချက်၊ အများပြည်သူ အကျိုးစီးပွားဆိုတဲ့ ပထမဆုံး ဦးစားပေးရည်ရွက်ချက်ထက် နိုင်ငံရေး အဖွဲ့အစည်းတခု လက်နက်ကိုင် အဖွဲ့အစည်းတခု အတွက် ရပ်တည်လုပ်ဆောင်ပေးတာ သမိုင်းလိုအပ်ချက်အရ မှန်ကန်တယ်ဆိုတဲ့ အယူအဆရေးရာ ရှုပ်ထွေး ဝေဝါးမှုတွေ ဖြစ်လာတာတွေ့ရမှာ ဖြစ်ပါတယ်။
ချုံ့ပြောရရင်တော့ စစ်အာဏာသိမ်းမှုက သတင်းလွတ်လပ်ခွင့်ကိုသာ တိုက်စားသွားတာမဟုတ်ဘဲ လွတ်လပ်တဲ့ သတင်းနယ်ပယ်မှာ နဂိုက ကိုင်စွဲထားတဲ့ လစ်ဘရယ် သတင်းစာစံနှုန်းတွေ၊ ဘက်မလိုက်တဲ့ ရပ်တည်ချက်တွေ၊ ပညာသည်ဆန်မှုတွေကိုပါ တိုက်စားသွားတာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar