Breaking News

နေချိုသွေး - အလံတော်လို လူငယ်လေးတွေ

နေချိုသွေး - အလံတော်လို လူငယ်လေးတွေ
(မိုးမခ) မေ ၃၊ ၂၀၂၂

နိုင်ငံတော်သီချင်းနဲ့ နိုင်ငံတော်အလံရဲ့ ကြီးမြတ်ခြင်းဟာ
လူငယ်လေး အပေါ်မှာ မူတည်တယ်...။
နိုင်ငံတော်ရဲ့ ကြီးကျယ်ခမ်းနားခြင်းဟာ
လူငယ်လေးအပေါ်မှာ သန္ဓေတည်တယ်...။
ပြည်သူတွေရဲ့
မျက်ရည်မျက်ခွက်နဲ့ ခြေမဆေးပဲ
ရဲရဲရင့်ရင့်နဲ့ ချီတက်ပါ
လူငယ်လေးရဲ့ ရိုးသားဖြောင့်မတ်တဲ့ အဇ္ဈတ္တတွေနဲ့
နိုင်ငံတော်ကြီးကို အလှဆင်ပါ
အမှန်တရားတွေနဲ့ ထုံမွှန်းမွှေးပျံ့သွားတဲ့အထိ။
လူငယ်လေးရေ...
မင်းဟာ
ချေဂွေဗားရား
ဗီဇမှာ မင်းဟာ တော်လှန်ရေးသမား
မဟုတ်မခံစိတ်နဲ့ ကြီးထွားလာနေတဲ့ မင်းဟာ
အမှန်အမှားကို ခွဲခြားနိုင်ပြီး
လူထုကောင်းကျိုးကို သယ်ပိုးနိုင်သူ ဖြစ်ပါစေ...။
အကြမ်းဖက်သမား အာဏာရှင်စိတ်ရှိသူ လူတန်းစားတွေကို
နှိမ်နင်းနိုင်သူ ဖြစ်ပါစေ...။
အဓမ္မနဲ့ ဓမ္မယှဉ်ပြိုင်လာတဲ့ပွဲမှာ
ဓမ္မဘက်တော်သား
လူထုယုံကြည် အားကိုး အားထားရသူ ဖြစ်ပါစေ...။
လူငယ်လေးရေ...
မင်း မျှော်မှန်းတဲ့ အနာဂတ်နိုင်ငံတော်ကြီးနဲ့
ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေ...။
နိုင်ငံတော်တည်ဆောက်ခန်းမှာ
ကမ္ဘာကြီးတောင် အားကိုးတကြီးဖြစ်နေရလောက်အောင်
လူငယ်လေးအနေနဲ့
အုတ်တချပ်ဖြစ်ဖြစ်
သဲတပွင့်ဖြစ်ဖြစ် ပါဝင်နိုင်သူ ဖြစ်ပါစေ...။
လူငယ်လေးရေ...
ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေရတယ်လို့
ဘယ်သူထင်မှာလဲ
နိုင်ငံတော်မှာ
ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်လာဖို့
တိုက်ပွဲဝင်နေရတယ်လို့
ဘယ်သူထင်မှာလဲ။
လူငယ်လေးရေ...
ယုံကြည်ရာ တော်လှန်ရေးအတိုင်း ချီတက်ပါ
ဖြတ်သန်းနေရတဲ့ခေတ်ကြီးထဲမှာ
သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာထမ်းရွက်ပါ...။
လူငယ်လေးရေ...
ရဲရင့်တဲ့ ခြေလှမ်းတွေကို ဘယ်လိုခြောက်လှန့်မှုမျိုးကမှ
မတားဆီး မပိတ်ပင်နိုင်ပါဘူး
လူထုကသာ အားကိုးယုံကြည်ရာ ဖြစ်လာတဲ့အခါ
ဘယ်လိုအရာကမှ တော်လှန်ရေးကို မတားဆီးနိုင်ပါဘူး...။
အာဏာရှင်တွေ ကျရှုံးပြီး
အာဏာရှင်စနစ် ပျက်သုဉ်းတဲ့နေ့
မလွဲမသွေ ရောက်လာမှာပါ
လူငယ်လေးရေ....
လူငယ်လေးရေ....
လူငယ်လေးရေ....။

နေချိုသွေး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar