ညိုထွန်းလူ - လွမ်းစံပယ်
(မိုးမခ) မတ် ၃၊ ၂၀၂၂
ရေပြာ ရွှေကြာ
ဝေဆာမွှေးသပ
ရွှေညာကျေးကတက္ကသိုလ်။
ရတနာပုံစာဆို
အညာကိုပြုတော့
ရတနာပုံမြို့ကတက္ကသိုလ်။
နံ့သာမွှေးမြ ပန်းတစ်ခက်လို
အညာကျေးကမန်းတက္ကသိုလ်။
နေခြည်အဆောင်း
ရွှေရည်လောင်းတော့
ဆွေမဒီအပေါင်းက
လမ်းလျှောက်လာ
ရေနီမြောင်းက
လွမ်းလောက်စရာ။
ကျွန်တော်က စာတွေ ကဗျာတွေ ဖတ်လေ့ဖတ်ထမရှိဘဲ ဘောလုံးကို တဖုန်းဖုန်းကန်နေပေမယ့် ဆရာကြီးဦးတင်မိုးရဲ့ အဲဒီကဗျာကလေးကိုတော့ ရင်ထဲမှာစွဲနေမိတယ်။ ကျွန်တော့်အတွက်တော့ အဲဒီကဗျာရယ် မန္တလေးတက္ကသိုလ်ရယ် ပြီးတော့ သူရယ်ပေါ့လေ။ အားလုံးကို သတိရနေမိတာပါ။ သူနဲ့ကျွန်တော်က ညနေစောင်း ရေနီမြောင်းဘေးမှာ အတူတူလမ်းလျှောက်ခဲ့ကြတာကိုးဗျာ။ သတိမရဘဲနေပါတော့မလား။ ကျွန်တော့်ဘဝမှာ သူကလွဲပြီး တခြားအမျိုးသမီးတွေ ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ပါဘူး။ ကျွန်တော်က ဘောလုံးကန်နေရရင်ပဲပျော်နေခဲ့တာမို့ တခြားစိတ်ဝင်စားစရာတွေလည်းမရှိဘူးလေ။ ဒေသကောလိပ်နှစ်နှစ်တက်ပြီး မန္တလေးတက္ကသိုလ်ကိုရောက်သွားတယ်။ မနက်ကျောင်းသွား ညနေဆိုရင် ဘောလုံးကန်၊ ကလပ်စ်တော့ သိပ်မမှန်ဘူးပေါ့။
ဒီလိုနဲ့နေလာရင်း တနေ့တော့ သူနဲ့ ဆုံစရာဖြစ်လာတယ်။ မေဂျာအလိုက်ဘောလုံးပြိုင်ပွဲမှာ သူက ကျွန်တော်တို့ကိုအားပေးဖို့ရောက်လာခဲ့ပါတယ်။ အမှန်တော့ သူကဘောလုံးကိုစိတ်မဝင်စားသလို နားလည်းမလည်ပါဘူး။ သူငယ်ချင်းတွေကခေါ်လို့ လိုက်လာရတာတဲ့။ နောက်တော့ ကျွန်တော်ကန်တဲ့ဘောလုံးပွဲတိုင်းကို လိုက်ပြီးအား ပေးဖြစ်လို့ လူလည်းမြောက်ချင်ချင်ဖြစ်သွားတယ်။ တကယ်တော့ ကျွန်တော်ပါလို့မဟုတ်ဘဲ အတန်းထဲက အေးအေးသိန်းတို့ မြင့်မြင့်ဝေတို့က သူ့ကို ဇွတ်အတင်းခေါ်လို့ပါလာခဲ့ရတာကိုး ဘယ်သိပါ့မလဲ။
ဘောလုံးပွဲကိုသူတို့လိုက်အားပေးကြရင်းနဲ့ သူနဲ့ ခင်မင်သွားတယ်။ ခင်မင်တယ်ဆိုပေမယ့် မေးထူးခေါ်ပြောသာသာပါ။ သူက သိပ်အေးတယ်။ စကားဝိုင်းမှာ သူ့ကိုပြောမှ ပြန်ပြောတာရယ်။ အဝတ်အစားတွေကလည်းခပ်ရိုးရိုးပဲ။ ဆံပင်ရှည်ကြီးကိုနောက်လှန်ဖားလျားချပြီး စံပယ်ပန်းတကုံးကို ဆံပင်တွေပေါ်မှာ ကလစ်တချောင်းနဲ့တွယ်ပြီး တွဲလောင်းချထားတယ်။ တခါတလေ ကျောင်းလာရင် ပါးကွက်ကြားကြီးနဲ့ဗျာ။ မသိရင် သူ့ကို တက္ကသိုလ်ကျောင်းသူရယ်လို့တောင်မထင်ရဘူး။ ဒါပေမယ့် သူ့မျက်လုံးတွေကထူးခြားတယ်။ အီတလီရုပ်ရှင် မင်းသမီးကြီး ဆိုဖီရာလောရင့်ရဲ့မျက်လုံးလိုပဲဗျ။ အေးအေးသိန်းက သူတို့အုပ်စုမှာ ဆရာကြီး။ တရက်တော့ ကျွန်တော့်ကိုဗြောင်ဖွင့်ပြောတယ်။ ကျော်သင်း နင့်ကိုငါတို့အားလုံးက မဝင်းနွဲ့နဲ့ သဘောတူနေကြတာ။ နင်တို့နှစ်ယောက်စလုံးက ခပ်အေးအေးနေတဲ့သူချင်းမို့ လိုက်ဖက်တယ်တဲ့။ ကျွန်တော်ဘာပြောရမှန်းမသိဖြစ်သွားတယ်။ သူငယ်ချင်းတွေက သဘောတူပေမယ့် သူကလည်း ကျွန်တော့်ကိုစိတ်ဝင်စားဦးမှကိုး။
မဝင်းနွဲ့က ပါးကွက်ကြားကြီးနဲ့ တောသူမကြီးလိုပါဗျာဆိုပြီးပြောလိုက်တော့ အေးအေးသိန်းက တဟားဟားရယ်လိုက်တာ။ နင့်ကိုလည်း မဝင်းနွဲ့က ကိုကျော်သင်းက ပုဆိုးဝတ်ရင် ခါးပုံစကိုရှေ့ထုတ်ထားတာနော်လို့ ပြောတာဟ နင်လည်းတောသားကြီးပေါ့ဟာ။ တောသားနဲ့တောသူပဲလေ ဘာငြင်းစရာရှိသေးလို့လဲ။ ကျွန်တော်လည်း အေးအေးသိန်းနဲ့ ရောယောင်ရယ်မိလိုက်တယ်။ ဟုတ်ပါရဲ့ ပြောစရာဖြစ်လောက်အောင် ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ပုဆိုးဝတ်ရင် ဘယ်တော့မှခါးပုံစကိုမသိမ်းဘဲ ဝတ်နေမိတာကိုးဗျာ။ နည်းနည်းတော့ထူး ဆန်းတယ်။ အဲလိုအပြောခံရတာ မကျေနပ်ပေမယ့် ကြည်နူးသလိုဖြစ်နေမိပြန်တယ်။
× × × × ×
ဆောင်းဦးပေါက်ချိန်ပေါ့။ တနင်္ဂနွေနေ့မနက်ခင်းမှာ ဘုရားကြီးကိုသွားချင်တယ်ဆိုလို့ သူတို့နေတဲ့ ဗောဓိကုန်းအဆောင်ကိုသွားခေါ်ရတယ်။ ကျွန်တော်တို့အားလုံး စုစုပေါင်းခြောက်ယောက်။ စက်ဘီးသုံးစီး။ ယောကျ်ားလေးဆိုလို့ ကျွန်တော်တယောက်တည်းပါတယ်။ မဝင်းနွဲ့ ကျော်သင်းရဲ့စက်ဘီးနဲ့ လိုက်ခဲ့နော်ဆိုပြီး ဆရာကြီးအေးအေးသိန်းက စီစဥ်လိုက်တယ်။ ကျွန်တော့်စက်ဘီးက ဘားတန်းပါတဲ့ယောက်ျားစီး ဟန်းဘားစက်ဘီး။နောက်မှာကယ်ရီယာခုံတပ်ထားတယ်။
မနက်ငါးနာရီကျော်လောက်ရှိပေမယ့် နှင်းတွေမှုန်မှုန်နဲ့ မှောင်လို့ကောင်းနေတုန်းပါ။ လမ်းမီးတိုင်တွေရှိပေမယ့် ဖန်ချောင်းတွေကလည်း ဓာတ်တိုင်ရှိတဲ့နေရာလောက်ပဲလင်းနေတယ်။ မန္တလေးတက္ကသိုလ်ကြီးကိုကျော်လိုက်တော့ ဆင်ဖြူကန်သင်္ချိုင်းနားက လမ်းပေါ်ကိုရောက်သွားတယ်။ အဲဒီလမ်းက အခုတော့နာမည်ကြီးသိပ္ပံလမ်းပေါ့။ ဟိုတုန်းကတော့ လမ်းကကျဥ်းကျဥ်း။ ကတ္တရာလမ်းဟာ မန္တလေးတက္ကသိုလ်ထဲချိုးကွေ့တဲ့နေရာမှာပဲဆုံးသွားခဲ့တယ်။ နို့ပြီး ကတ္တရာလမ်းကလည်း ကျင်းတွေချိုင့်တွေနဲ့။ မှောင်လည်းမှောင် အေးလည်းအေး ဒီအချိန်ဆင်ဖြူကန်သင်္ချိုင်းနားကဖြတ်ရတော့ စိတ်ထဲမှာတမျိုးကြီးဘဲ။ ခဏနေတော့ အေးအေးသိန်းက စက်ဘီးစီးရင်း ကျွန်တော်တို့နှစ်ယောက်အနားကိုကပ်လာပြီး မဝင်းနွဲ့ လိမ့်ကျလိမ့်မယ် ကျော်သင်းရဲ့ခါးကိုဖက်ထားလို့အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ တကယ်စေတနာနဲ့ပြောတာလား အချွန်နဲ့မတာလား ဘာမှန်းမသိဘူး။ ကျွန်တော့်မှာဗျာ အမှောင်ထဲမှာ ကျင်းတွေချိုင့်တွေထဲမကျအောင် စက်ဘီးကိုဂရုစိုက်နင်းနေရတဲ့အထဲ အဲလိုပြောတာကြားလိုက်ရတော့ ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားမိတယ်။ ဒီလိုအချိန်မှာ သူက တိုးတိုးလေးပြောလိုက်တယ်။
"ကိုကျော်သင်း ကျွန်မဖက်ထားမယ်နော်"
ကျွန်တော့်မှာ ရင်တွေခုန်ထွက်သွားတယ်။ အဲဒီမနက်တုန်းက ဘုရားကြီးကို ဘယ်လိုရောက်သွားမှန်းတောင်မသိလိုက်ဘူး။ ပြီးတော့ သူက ဘုရားကြီးကိုရောက်တော့မှ ခါးဖက်ထားတာကိုလွှတ်လိုက်တာဗျ။ ခက်ဖူးလား။
သူငယ်ချင်းတွေကပြောကြတယ်။ ဒီကောင်က စကားတိုးတိုးလေးပြောတော့ ကောင်မလေးတွေက မကြားရတာနဲ့ ဘာရယ် ဘာရယ်လို့ သူ့အနားတိုးကပ်လာတာကိုမသိဘဲ သူ့ကိုကြိုက်နေတယ်လို့ထင်နေတာတဲ့။ မဟုတ်ရပါဘူးဗျာ။ ဒါပေမယ့် မဝင်းနွဲ့က ကျွန်တော့်အနားကိုတိုးကပ်ပြီး ကျွန်တော်ပြောတာကိုနားထောင်ရင်း ကြည် နူးသွားတယ်။ ပြီးတော့ သူ့စကားသံတွေကိုလည်း နားထောင်ချင်နေမိတယ်။ သူကစကားပြောရင် ဘယ်သူ့ကိုမဆို သိမ်သိမ်မွေ့မွေ့ လေသံအေးအေးနဲ့ပြောတတ်တယ်။ တမင်လုပ်ပြီး နွဲ့တာမဟုတ်သလို သူ့စကားသံတွေကမေတ္တာငွေ့တွေနဲ့ နှလုံးသားထဲကစီးဆင်းလာတယ်လို့ ကျွန်တော်ထင်တယ်လေ။
မန္တလေးက စာရေးဆရာကြီးတယောက်ကလည်းပြောဖူးတယ်။ အသံရဲ့သာယာချိုမြမှုဟာ သိပ်ကိုအရေးပါတယ်။ သမီးရည်းစားဖြစ်တုန်းကတော့ ဒါတွေကိုထည့်မတွက်ခဲ့ကြဘူး။ ကိုယ့်ရည်းစားမို့ အရာခပ်သိမ်းလှတယ် ချစ်စရာတွေချည်းပဲလို့ထင်နေတာ။ အိမ်ထောင်သက်ကလေးရလာတော့မှ မနက်လင်းရင် ပွက်နေတဲ့ရေနွေးအိုးကြီးအနားကိုရောက်နေရသလိုပဲတဲ့။ ပြီးတော့ ရုပ်ရည်လှပမှုဆိုတာခဏလေးပဲ အသံရဲ့ချိုမြမှုက တော့ ဘယ်တော့မှပြောင်းမသွားဘူးတဲ့။ ဒီတော့ဗျာ သူ့ရဲ့စကားပြောသံတွေဟာ သူ့ရဲ့သိမ်မွေ့တဲ့နှလုံးသားကိုဖော်ပြနေပြီး ဒါတွေကို ငါဘာဖြစ်လို့ မမြင်ခဲ့မိတာလဲလို့တွေးရင်း ကိုယ့်နဖူးကို တူနဲ့ထုပစ်လိုက်ချင်စိတ်တောင်ပေါက်သွားမိတာပါပဲ။
တရက်တော့ ကျွန်တော်တို့တတွေ ပုပ္ပါးကိုတညအိပ်သွားကြတယ်။ သူတို့မိန်းကလေးအုပ်စုထဲမှာ ယောက်ျားဆိုလို့ ကျွန်တော်တယောက်ပဲ ကန့်လန့်ကန့်လန့်ပါလာတယ်။ ညနေစောင်းမှာ ပုပ္ပါးတောင်ကလပ်ကိုတက်ကြတယ်။ တောင်ကလပ်ထိပ်ကိုရောက်သွားတော့ မောသမျှတွေပြေသွားတယ်။ ကြည့်စမ်းပါဦးဗျာ လှလိုက်တဲ့ သဘာဝပတ်ဝန်းကျင်ရှုခင်းကြီးက ကျွန်တော်တို့ကို အသက်ရှူရပ်မတတ် အံ့သြငေးမောသွားစေခဲ့တယ်။ နေလုံးဟာ တန့်ကြည်တောင်ရဲ့နောက်ကို ဝင်လုဆဲဆဲ။ ပြန့်ပြူးနေတဲ့ပုပ္ပါးလွင်ပြင်ကြီးဟာ တဖြည်းဖြည်းနိမ့်ဆင်းသွားပြီး ပုဂံလွင်ပြင်ဖက်ဆီကိုရောက်သွားတယ်။ ပြောရရင် မြေပြန့်လွင်ပြင်နှစ်ထပ်လိုဖြစ်နေတာပါ။
လေတဟူးဟူးတိုက်နေပြီး သူ့ဆံပင်တွေက ကျွန်တော့်မျက်နှာဆီကိုဝဲကျလာတယ်။ စံပယ်နံ့သင်းသင်းကလေးကိုရလိုက်တယ်။ အေးအေးသိန်းတို့တတွေ တောင်အောက်ကို ဘယ်အချိန်ကတည်းကပြန်ဆင်းသွားကြမှန်း မသိပေမယ့် ကျွန်တော်တို့နှစ်ယောက်ကတော့ ပတ်ဝန်းကျင်အလှထဲမှာ နစ်မြောနေမိကြတယ်။ စကားမပြောမိကြဘဲ အဝေးကိုငေးနေမိကြတာပေါ့။ ပြီးတော့ လေနှင်ရာလွင့်ပြေးနေတဲ့တိမ်တွေထဲကိုရောက်နေသလိုလိုခံစားနေမိတယ်။ လုံးဝကိုမှောင်သွားတော့မှ တောင်အောက်ကိုပြန်ဆင်းလာခဲ့ကြတာပါ။
ဒီညနေခင်းကလေးဟာ ခဏဆိုပေမယ့် ဘယ်တော့မှမမေ့တော့ပါဘူးလို့ပြောလိုက်တော့ မဝင်းနွဲ့ကလည်း ဟုတ်တယ်နော် ကျွန်မလည်း အမြဲအမှတ်ရနေမှာပါရှင်တဲ့။ တောင်ခြေရောက်တော့ တည်းခိုတဲ့ဇရပ်ထဲမဝင်ခင် မတ်တတ်ရပ်ရင်း တယောက်ကိုတယောက် စကားမပြောဖြစ်ကြဘဲ အကြာကြီးငေးစိုက်ကြည့်နေကြတယ်။ တခုခုတော့ ကျွန်တော်ပြောဖို့ကောင်းပေမယ့် ရင်တွေတဒိန်းဒိန်းခုန်နေပြီး အသံမထွက်ပဲဖြစ်နေမိတယ်။
ညရောက်တော့ သူတို့ဖဲရိုက်ကြတယ်။ ဆယ့်သုံးချပ်ပိုကာဝိုင်းပါ။ အပျော်ပေါ့။ ကျွန်တော်တို့နှစ်ယောက်အဖြစ်က ရုပ်ရှင်ထဲကလိုမဟုတ်ဘူး။ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဂီတာတီးကြ သီချင်းတွေဆိုကြနဲ့ လွမ်းစရာလေးပေါ့ဗျာ။ သူတို့ဖဲရိုက်နေကြတုန်း အနှောင့်အယှက်မပေးဘဲ ကိုယ့်အိပ်ရာပေါ်မှာပဲလှဲနေမိတယ်။ ဒါပေမယ့် နာရီဝက်လောက်ကြာတော့ အေးအေးသိန်းက ကျွန်တော့်ကို ကျော်သင်းရေလာဦးဟ မဝင်းနွဲ့က ဖဲကောင်းကောင်းမရိုက်တတ်ဘူး။ ဝင်ကူပေးဦးဆိုပြီး လှမ်းအော်ခေါ်လို့ ဖဲဝိုင်းထဲကိုရောက်သွားတယ်။ အဲဒီခေတ်တုန်းက ဘောလုံးသမားတော်တော်များများဟာ ဖဲနဲ့သိပ်မကင်းကြဘူး။ ခရီးဝေးကိုဘောလုံးသွားကန်ကြရင် ညနေပိုင်းမှာဘော လုံးကန်ပြီး ညပိုင်းမှာ မအိပ်ခင် နှစ်နာရီသုံးနာရီလောက်ဖဲရိုက်ကြတာလေ။ မဝင်းနွဲ့ရဲ့နဘေးမှာထိုင်ပြီး ဖဲချပ်တွေကို စီစဥ်ပေးတယ်။ ပြီးတော့ ဘယ်ဖဲချပ်ကိုပစ်လိုက်ပေါ့။ ဝိုင်းထဲကို ကိုယ်တိုင်ဝင်မထိုင်ရုံတမယ်ပါပဲ။ မကြာပါဘူး။
ဒေါင်းသွားလို့ မဝင်းနွဲ့ပျော်သွားတယ်။ ကျွန်တော်ရောက်လာပြီးမှ ဖဲကလည်းကောင်းလိုက်တာ။ ပိုက်ဆံဖဲတွေလည်း အလှည့်တိုင်းပါတယ်။ တုတ်ကလည်း ခဏခဏပေါက်တယ်။ ဖဲနိုင်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးပျော်နေကြပြီး ပတ်ဝန်းကျင်ကိုသတိမထားမိခဲ့ကြဘူး။ ခန္ဓာကိုယ်ချင်းထိကပ်နေပြီး ကျွန်တော့်မျက်နှာက သူ့ပခုံးပေါ်မှာ။ ပါးချင်းလည်း ထိလုထိခင်။ အေးအေးသိန်းတို့က ကျွန်တော်တို့ကိုကြည့်ပြီး ပြုံးနေကြတာကို သတိမပြုမိခဲ့ဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ပုပ္ပါးရဲ့တညကလည်း ကျွန်တော့်ရင်ထဲမှာရှိနေခဲ့ပါတယ်။နောက်ဆုံးဖိုင်နယ်စာမေးပွဲကြီးမဖြေခင် နှစ်လလောက်အလိုမှာ မဝင်းနွဲ့တို့ရွာကို ကျွန်တော်တို့သွားခဲ့ကြတယ်။လူတွေ ကုန်တွေနဲ့ ပြွတ်ကျပ်သပ်နေတဲ့ မန္တလေး - မြစ်ကြီးနားရထားကို တညလုံးစီးခဲ့ကြပြီး မနက်လင်းတဲ့အချိန် မဲဇာဘူတာရောက်တော့မှ ရထားပေါ်ကဆင်းကြရတယ်။ မဝင်းနွဲ့ရဲ့အိမ်က လှည်းနဲ့လာကြိုနေတယ်။ ရွာနဲ့မဲဇာဘူတာက နှစ်မိုင်လောက်ပဲဝေးပါတယ်။
လှည်းပေါ်ထိုင်လိုက်ရင်း နဘေးဝဲယာက နေကြာခင်းနဲ့မြေပဲခင်းတွေကို ငေးကြည့်နေမိတယ်။ တညလုံးပင်ပန်းသမျှတွေပျောက်ကုန်ပြီး လူလည်းပေါ့ပါးသွားတယ်။ အဲဒီဖက်က သစ်ဝါးတွေပေါတော့ တရွာလုံးလိုလို ကျွန်းတိုင်တွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေ တော်တော်များများရှိတယ်။ မဝင်းနွဲ့တို့အိမ်ကလည်း တအိမ်လုံးကို ကျွန်းတွေနဲ့ချည်းဆောက်ထားတာပါ။ ကုန်စုံဆိုင်လည်းဖွင့်ထားတယ်။ ကုန်စုံဆိုင်အတွက် ရောင်းရမယ့်ပစ္စည်းတွေကို မဝင်းနွဲ့က မန္တလေးကနေပြီးပို့ပေးရတာတဲ့။ ဆီစက်လည်းထောင်ထားသေးတယ်။ ယာရောလယ်ရော ဧက ၂၀ လောက်ရှိတယ်တဲ့။ ဒါတွေကို မဝင်းနွဲ့ကပြောပြလို့ သိရတာပါ။ သူ့မိဘတွေက ရိုးရိုးအေးအေး တောသူ တောင်သားတွေပါ။ မိသားစုထဲမှာ မဝင်းနွဲ့က သမီးအကြီးဆုံး။ သူ့အောက်မှာ မောင်နှမလေးယောက်ရှိတယ်။ ညနေစောင်းမှာ ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ မဲဇာမြစ်ကမ်းနဘေးကိုသွားခဲ့ကြတယ်။ မြစ်ရေဟာ မြေပဲခင်းတွေရှိတဲ့သဲသောင်ပြင်တွေကြားမှာ ကွေ့ဝိုက်စီးဆင်းနေတယ်။
ရေလည်းရပြီး မြေကလည်းကောင်းတော့ စိုက်သမျှအပင်တွေက အောင်မြင်တယ်။ မိုးအခါမြစ်ရေတွေ တရှိန်ထိုးစီးပြီး မြေသြဇာတွေပို့ချပေးတဲ့ သဘာဝရဲ့လက်ဆောင်ရှိနေလို့ စိုက်ပျိုးရတာအဆင်ပြေနေကြတယ်။ တောဆိုတော့ သားငါးနဲ့အသီးအရွက်တွေကိုလည်း လတ်လတ်ဆတ်ဆတ်စားခဲ့ရတယ်။ ပြောရရင်နေစရာနဲ့စီးပွား ရေးအတွက် ဘာမှပူပန်စရာမရှိတဲ့နေရာကလေးပါ။ ရွာမှာသုံးရက်နေပြီး ကျွန်တော်တို့ မန္တလေးကိုပြန်လာခဲ့ကြတယ်။
တရက်တော့ အေးအေးသိန်းနဲ့စကားပြောကြရင်း ဖိုင်နယ်ဖြေပြီးရင် ငါတို့အားလုံးခွဲကြရတော့မှာ။ မဝင်းနွဲ့က ငါတို့ကို သူ့ရွာဆီခေါ်သွားတာ အကြောင်းမဲ့မဟုတ်ဘူး။ အထူးသဖြင့် နင်ပေါ့။ သူ့အကြောင်း သူ့မိသားစုနဲ့စီး ပွားရေးအကြောင်း နင့်ကိုသိစေချင်လို့။ ငါ့ကိုပွင့်ပွင့်လင်းလင်းမပြောပေမယ့် ငါသိနေတယ်။ မိန်းမသားချင်းလည်း ကိုယ်ချင်းစာတယ်။ နင်တခုခုဆုံးဖြတ်ရတော့မယ်။
သူငယ်ချင်းလည်းမက သမီးရီးစားလည်းမကျတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်ကို အေးအေးသိန်းက နား လည်နေလို့ ကျွန်တော့်ကိုပြတ်ပြတ်သားသားဆုံးဖြတ်ခိုင်းလိုက်တာပါ။ ကျွန်တော်ငိုင်နေမိတယ်။ မဝင်းနွဲ့နဲ့ဝေးရတော့မယ်ဆိုတဲ့အသိကြောင့် စိတ်မောသွားခဲ့ရတယ်ဗျာ။
× × × × ×
နှစ်ပေါင်းလေးဆယ်ကျော်ကာလခရီးဟာ ပြန်တွေးကြည့်လိုက်ရင် မနေ့တနေ့ကလိုထင်ရပေမယ့် တကယ်တော့ဖြတ်သန်းခဲ့တဲ့နှစ်ကာလတွေမှာ အဖြစ်အပျက်တွေကအများရှိခဲ့တာပါ။ မိတ်ဆွေသူငယ်ချင်းအချို့ လမ်းခုလတ်မှာပဲ ခွဲခွာသွားခဲ့ကြတယ်။ ကျန်တဲ့သူတွေကလည်းမြေးမြစ်တွေရပြီး အိုကုန်ကြပါပြီ။ ကျွန်တော့်အသက် ၆၂ နှစ်ရှိပေမယ့် တချိန်က ဘောလုံးကန်ခဲ့တဲ့ကျေးဇူး တနည်းပြောရရင် ကျန်းမာရေးလိုက်စားခဲ့လို့ အခုအချိန်အထိ အိုရုပ်မထွက်သေးပါဘူး။ ဆံပင်တွေက နက်မှောင်သန်စွမ်းနေတုန်း။ သူငယ်ချင်းတွေက ကျွန်တော့်ကိုမနာလိုဖြစ်ပြီး ဒီကောင် ဆံပင်တွေကိုဆေးဆိုးထားတာပါကွာလို့ပြောကြတော့ ဟေ့ကောင်တွေ အော်ကွအော် အော်ရဂျင်နယ်နော် ဘာမှတ်နေလဲလို့ပြန်ပြောလိုက်တယ်။ သတင်းဆက်သွယ်ရေးဖွံ့ဖြိုးလာတော့ကျွန်တော်တို့လည်း တယောက်နဲ့တယောက် ဆက်သွယ်မိသွားခဲ့ကြတယ်။ မဝင်းနွဲ့နဲ့ ပထမဆုံးအကြိမ်တယ် လီဖုန်းပြောခဲ့တုန်းက စိတ်လှုပ်ရှားနေမိတယ်။
သူ့အသံချိုချိုအေးအေးကလေးက အကြားအာရုံကတဆင့်နှလုံးသားထဲကိုရောက်သွားခဲ့တယ်။ သူအိမ်ထေင်
မပြုပါဘူး။ ရွာမှာပဲ တူတွေ တူမတွေနဲ့နေတာပါလို့ကြားလိုက်ရတော့ မသိစိတ်ထဲမှာ ပျော်သွားခဲ့တယ်။
ဖေ့စ်ဘွတ်တွေပေါ်လာတော့ အဆက်အသွယ်တွေရပြီး သူငယ်ချင်းတွေ တစုတဝေးကြီးပြန်ဖြစ်သွားကြတယ်။ အေးအေးသိန်းကတော့ မြေးတပြုံကြီးနဲ့ အဘွားအိုကြီးဖြစ်နေပါပြီ။ မဝင်းနွဲ့ကတော့ အရင်ကလိုပဲ လှနေဆဲ။ ဒါပေမယ့် သူ့ပရိုဖိုင်းကိုဖွင့်ကြည့်လိုက်တော့ တရားစခန်းဝင်တာတွေ တရားစာအုပ်တွေအကြောင်းချည်းတွေ့ရတယ်ဗျာ ခွကျလိုက်တာ။
တနှစ်က မန္တလေးတက္ကသိုလ်ရဲ့မိန်းရှေ့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားဟောင်းတွေရဲ့ တွေ့ဆုံပွဲကျင်း ပခဲ့ကြတယ်။ ဘယ်သူမှ သီးသန့်စီစဥ်ကြတာမဟုတ်ပါဘူး။ လူမှုကွန်ယက်မှာ ဟိုတုန်းက တက္ကသိုလ်ရဲ့ပုံရိပ်တွေနဲ့အလွမ်းကိုပြောကြရင်း ပြန်လည်ဆုံတွေ့ကြမယ့် နေ့ရက်တရက်ကိုသတ်မှတ်ပြီး ပွဲတခုလိုကျင်းပလိုက်ကြတာပါ။
မြစ်ကြီးနားတို့ လားရှိုးတို့ကဆိုရင် အုပ်လိုက်ကြီးကို ဘာ့စ်ကားတွေနဲ့ချီတက်လာခဲ့ကြတယ်။ မိန်းအဆောက်အဦရဲ့ရှေ့မှာ အသက် ၆၀ ကျော် အဘိုးအို အဘွားအိုပေါက်စတွေ သီချင်းတွေဖွင့်ပြီး ကလိုက်ကြတာများ၊ နဘေးကကြည့်တဲ့သူရော ကနေကြတဲ့သူရောပျော်လို့။ ညရောက်တော့လည်း မေဂျာအလိုက် တွေ့ဆုံစားသောက်ပွဲတွေကျင်းပပြီး စင်ပေါ်မှာသီချင်းတွေဆိုကြ တဖွဲ့ပြီးတဖွဲ့ ကကြ ခုန်ကြ၊ တကယ့်ကိုပျော်စရာကြီး။ ဒါပေမယ့် အဲဒီတွေ့ဆုံပွဲကို မဝင်းနွဲ့ရောက်မလာခဲ့လို့ ကျွန်တော်မပျော်နိုင်ခဲ့ပါဘူး။ သူ့ကိုတွေ့ချင်နေမိတယ်။ တက္ကသိုလ်ထဲက သစ်ပင်ရိပ်အောက်မှာ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောချင်မိတယ်။
လမ်းပန်းဆက်သွယ်ရေးကလည်းကောင်းပြီ။ သူတို့ရွာအထိ ကတ္တရာလမ်းခင်းထားပြီးပြီတဲ့။ ဒီတော့ဗျာ သူမလာနိုင်ရင်လည်း သူ့ဆီကို မော်တော်ကားနဲ့သွားရကောင်းမလားလို့ တွေးလိုက်မိတယ်။ နေ့တဝက်ခရီးမို့ မော် တော်ကားမောင်းရမှာ သိပ်မပင်ပန်းပါဘူး။ ဘယ်လောက်ပင်ပန်းပင်ပန်း သူ့မျက်နှာကလေးကိုမြင်ရရင် ချိုနွဲ့တဲ့သူ့အသံကလေးကိုကြားလိုက်ရရင် မောသမျှတွေပြေသွားမှာပါ။ ခက်တာက စိတ်ကူးကြံစည်နေပေမယ့်အကောင်အထည်ကိုမဖော်နိုင်ခဲ့ဘူး။ ကျွန်တော်က ဒီလိုပဲဗျာ ဘယ်တော့မှပြတ်ပြတ်သားသားမရှိဘဲ ချီတုံချတုံလုပ်နေတာလေ။
သင်္ကြန်ပြီးတော့ မဝင်းနွဲ့ မန္တလေးကို ရုတ်တရက်ရောက်လာလို့ ကျွန်တော်အံ့အားသင့်ပြီး ပျော်သွားခဲ့တယ်။တူမကလေးတယောက်ရဲ့မင်္ဂလာဆောင်ကိုလာတာတဲ့။ သူနဲ့တွေ့တွေ့ချင်း စကားမပြောနိုင်ဘဲ ငေးကြည့်နေမိတယ်။ နည်းနည်းလေးဝလာတာကလွဲပြီး အရင်အတိုင်းပါပဲ။ ဆံပင်တွေကိုတော့ ဖားလျားချမထားဘဲ ခေါင်းရဲ့နောက်မှာ ကလစ်ပြားကလေးနဲ့ စုပြီးချီထားတာကိုတွေ့ရတယ်။ စံပယ်ပန်းလည်းမပန်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော့်အတွက်တော့ ကြည့်လိုက်တိုင်းလှနေဆဲပါ။
"ကိုကျော်သင်းက အရင်အတိုင်းပဲနော် သိပ်ပြောင်းမသွားဘူး။ ပြောင်းလဲတာဆိုလို့ ပုဆိုးဝတ်တာတော့ သပ် သပ်ရပ်ရပ်ဖြစ်သွားပြီနော်" တဲ့။ ကျွန်တော်ကပြုံးရယ်လိုက်ရင်း "မဝင်းနွဲ့လည်း နည်းနည်းလေးဝလာတာကလွဲပြီး အရင်လိုပါပဲ ပါးကွက်ကြားကြီးနဲ့မဟုတ်တော့ဘဲ မိတ်ကပ်တွေလိမ်းနေတော့လည်း လှနေတာပါဗျာ"
အဲလိုပြောလိုက်တော့ အသက်ကြီးလာခဲ့ပြီကိုးရှင် အိုလာတော့ မျက်နှာပေါ်က အတွန့်တွေအကွေးတွေကို မိတ် ကပ်တွေနဲ့ဖြည့်ပြီး လှလိုလှငြား ပြင်ကြည့်ရတာပေါ့ကိုကျော်သင်းရယ်တဲ့။ ပြီးမှ ကျွန်တော်တို့နှစ်ယောက်စလုံးရယ်စရာမရှိဘဲနဲ့ တခစ်ခစ်ရယ်မောနေမိလိုက်ကြတယ်။
မင်္ဂလာဆောင်ပွဲပြီးတော့ သူ့ကိုနေရာအနှံ့လိုက်ပို့ဖြစ်တယ်။ သင်္ကြန်အကြိုနေ့ မြို့တွင်းကို လှည့်လည်မဖြေ ဖျော်ခင် အလှပြကားတွေနဲ့သံချပ်ကားတွေ ဘုရားကြီးကိုဦးတိုက်ကြသလိုမျိုး ကျွန်တော်တို့လည်း မဟာမုနိဘုရားကြီးကို အရင်ဆုံးဖူးမြော်ခဲ့ကြတယ်။ ပြီးတော့မှ တောင်သမန် အင်းဝ စစ်ကိုင်းတောင်ရိုးနဲ့ မင်းကွန်းပေါ့။နောက်တစ်ရက်တော့ ရန်ကင်းတောင် ရေတံခွန်တောင်နဲ့မန္တလေးတောင်။
အဆိုတော်မစိမ်းစိမ်းရဲ့ ရွှေမန်းဆီသို့သီချင်းထဲကလိုပေါ့ဗျာ။ တက္ကသိုလ်မှာနေတုန်းက ဘယ်မှမသွားနိုင်ခဲ့သမျှတွေ အခုမှအတိုးချပြီး နေရာအနှံ့သွားခဲ့ရတာလေ။ ကျွန်တော့်အတွက်တော့ မော်တော်ကားမောင်းရင်း ဘယ် ကိုပဲသွားသွား အနားမှာမဝင်းနွဲ့ရှိနေရင်အ ားလုံးပြည့်စုံသွားပါပြီ။ ပြင်ဦးလွင်ကိုသွားမလားမေးတော့ သူကသွားလေတဲ့။
တကယ်တော့ အမှန်အတိုင်းဝန်ခံရရင် မဝင်းနွဲ့နဲ့အတူ ပုပ္ပါးတောင်ကလပ်ဆီကိုသွားချင်နေမိတာပါ။ အရင်ကလိုပဲ ကျွန်တော်တို့နှစ်ယောက်သား ညနေစောင်းမှာ တောင်ကလပ်ထိပ်ပေါ်ကနေပြီး ပတ်ဝန်းကျင်ကို တမေ့တမောငေးမောနေချင်မိတယ်။ ဒါပေမယ့် အသက်တွေကြီးလာကြတော့ နှစ်ယောက်စလုံး တောင်ကလပ်ပေါ်မတက်နိုင်ကြတော့ပါဘူး။
သူမပြန်ခင်တရက်က ညနေစောင်းမှာ သေချာမှာထားတဲ့စံပယ်ပန်းကုံးတွေကို ငှက်ပျောဖက်စိမ်းနဲ့ထုပ်ပြီးမော် တော်ကားဒက်ရှ်ဘုတ်ပေါ်တင်လာခဲ့တယ်။ ပြီးတော့ ကန်တော်ကြီးစောင်းကဆိုင်တဆိုင်မှာ ညစာစားကြတယ်။ ဆိုင်ကလူသိပ်မကျသေးတော့ တိတ်ဆိတ်နေတယ်။ ငှက်ပျောဖက်ထဲက စံပယ်ပန်းကုံးတကုံးကိုယူပြီး သူ့ဆံ ပင်ပေါ်ကို အဆင်သင့်ယူလာခဲ့တဲ့ကလစ်ကလေးနဲ့တွယ်ပေးလိုက်တော့ သူ့ခမျာအံ့အားသင့်သွားပြီး ဟင်-လို့ဆိုလိုက်ရင်း ကျွန်တော့်ကိုငေးကြည့်နေတယ်။ ရွှန်းလက်တဲ့သူ့မျက်ဝန်းထောင့်မှာ မျက်ရည်စကလေးတွေကိုမြင်လိုက်ရတယ်။
"စံပယ်ပန်းကုံးလေးကိုပန်ပေးချင်တာ အခုမှပဲဆန္ဒပြည့်ခဲ့ရပါတယ် မဝင်းနွဲ့ရယ်" စိတ်လှုပ်ရှားနေလို့ ကျွန်တော့်အသံတွေက တုန်ယင်နေပါတယ်။ နှစ်ယောက်သားရှေ့မှာချထားတဲ့ထမင်းဝိုင်းကြီးကိုမေ့လျော့ပြီး အတွေးကိုယ်စီနဲ့တိတ်ဆိတ်နေကြတယ်။ စားသောက်ဆိုင်ကပြန်လာကြတော့လည်း စကားမပြောဖြစ်ပဲနေမိကြတယ်။ သူတည်းခိုတဲ့ဟော်တယ်ရှေ့ရောက်တော့ ကျွန်တော်မနေနိုင်တော့ဘူး။
"မဝင်းနွဲ့ရယ် ကျွန်တော်လေ တချိန်က စံပယ်ပန်းကုံးလေးနဲ့ ခင်ဗျားကို အမြဲတန်းမြင်ယောင်နေခဲ့တယ်။ ဖြစ်နိုင်ရင် မဝင်းနွဲ့ကို နေ့တိုင်းစံပယ်ပန်းကုံးကလေးတွေ ပန်ပေးချင်မိတာပါ"
သူက မော်တော်ကားပေါ်ကဆင်းပြီး ကျွန်တော့်ဖက်ကိုလှည့်ကြည့်လိုက်တယ်။ တဖြည်းဖြည်းပြုံးရယ်လိုက်တဲ့ သူ့မျက်နှာကို လျှပ်စစ်မီးရောင်ထဲမှာတွေ့လိုက်ရတယ်။
"ကိုကျော်သင်းရယ် ကျောင်းပြီးကတည်းက ကျွန်မစံပယ်ပန်းတွေမပန်ဖြစ်တော့ပါဘူး။ စံပယ်ပန်းတွေကိုကျွန်မ အနှစ်သက်ဆုံးပါ။ ကျွန်မကို ကိုယ်တိုင်ပန်ပေးတဲ့သူရှိမှပဲ ပန်တော့မယ်လို့ဆုံးဖြတ်ထားတာလေ။ ကျွန်မဆန္ဒပြည့်သွားပါပြီရှင်။ စံပယ်ပန်းကလေးတွေညှိုးသွားရင်လည်း ကျွန်မလွှင့်မပစ်ဘဲ တစ်ခါက ကျွန်မရဲ့အော် တိုစာအုပ်ထဲကို ကိုကျော်သင်းအမှတ်တရရေးပေးခဲ့တဲ့ စာရွက်နေရာမှာညှပ်ထားမှာလေ။ သွားတော့မယ်နော်'
ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ကိုကျောခိုင်းပြီး ဟော်တယ်ဧည့်ခန်းထဲကိုဝင်သွားပါတယ်။ ကျွန်တော်ငေးငိုင်ပြီးကျန်ရစ်ခဲ့တယ်။ ပြီးမှ သူ့ရဲ့အော်တိုစာအုပ်ထဲမှာ ကျွန်တော်ရေးမိတာတွေကိုပြန်စဥ်းစားကြည့်လိုက်မိတယ်။ မဝင်းနွဲ့ရယ် စံပယ်ပန်းကုံးကလေးတွေ သိပ်လှတယ်ဗျာ ... အဲဒီလိုပဲရေးခဲ့တာပါ။ ဟုတ်ပါတယ်။ စံပယ်ပန်းကုံးကလေးတွေလှနေတယ်။ မဝင်းနွဲ့ကလည်း သိပ်လှတယ်။ မဝင်းနွဲ့က စံပယ်ပန်းကုံးတွေ တနေ့ပန်ဆင်ပေးမယ့် ကျွန်တော့်ကိုမျှော်နေရှာတယ်။ အဲသမှာပဲ ကျွန်တော့်ရဲ့မပြတ်သားမှုတွေ မိန်းမသားတယောက်ရဲ့အချစ်ကို နားမလည်ခဲ့တာတွေ တွေးရင်းနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသဖြစ်လာခဲ့မိတယ်။ မော်တော်ကားပေါ်ကဆင်းပြီး မဝင်းနွဲ့ကို ပြန်တွေ့ရကောင်းမလား။ ကျွန်တော့်မှာ ပြောစရာစကားတွေရှိနေသေးတယ်။
မော်တော်ကားစီရာတိုင်ကိုဆုပ်ကိုင်ရင်း တွေးနေတုန်းလက်ကိုင်ဖုန်းကမြည်လာလို့ ကောက်ကိုင်လိုက်မိတယ်။မြေးကလေးကဖုန်းဆက်နေတာပါ။ ငါးနှစ်ကျော်မြေးကလေးက ဖိုးဖိုး ပြန်မလာသေးဘူးလားတဲ့။ အရေးထဲမင်းကလည်းတမှောင့်ကွာလို့ စိတ်ထဲကပြောလိုက်မိတာပေါ့။ ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့မြေးကလေးနှစ်ယောက်ရှိပါတယ်။ ကိုကျော်သင်းရဲ့မြေးကလေးနှစ်ယောက်က ချစ်စရာကလေးတွေနော်။ မျက်လုံးရော နှာတံရော နှုတ်ခမ်းရော ကိုကျော်သင်းနဲ့တစ်ထေရာတည်းပဲလို့ တရက်က လူမှုကွန်ယက်မှာတင်ထားတဲ့မြေးတို့ရဲ့ပုံကိုကြည့်ရင်း မဝင်းနွဲ့ပြောလိုက်တာကို ပြန်သတိရလိုက်မိခဲ့တယ်။
ချစ်စရာမြေးကလေးတွေကလည်း အဖိုးနဲ့တူတယ်ဆိုတော့လည်း ကြည်နူးစိတ်ကလေးဖျတ်ကနဲရောက်လာပြီး အသာအယာပြုံးမိလိုက်ပြန်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိပ်ပင်ပန်းနေပြီဗျာ။ ပျော်တာနဲ့ စိတ်မောရတာတွေထဲမှာလုံးထွေးနေရတဲ့ ကိုယ့်ကိုယ်မြင်ယောင်သွားရင်း အင်အားတွေဆုတ်ယုတ်သွားသလိုဖြစ်နေမိတယ်။
သက်ပြင်းတချက်မှုတ်ထုတ်လိုက်ပြီး ဖိုးဖိုးပြန်လာနေပါပြီကွာလို့ မြေးကလေးကျေနပ်အောင်ပြောလိုက်ရပေမယ့် ကျွန်တော့်အသံက ပင်ပန်းနွမ်းလျနေတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော့်ရဲ့စံပယ်ပွင့်ကလေးတွေက ညှိုးခြောက်သွားပေမယ့် မဝင်းနွဲ့ရဲ့အော်တိုစာအုပ်ကလေးထဲမှာရှိနေမှာပါ။ တရက်တော့ အဲဒီလွမ်းစံပယ်ကလေးတွေဆီကို ကျွန်တော်သွားဦးမှာပါ။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar