Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၃၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၃၀ မြင်ကွင်း

(မိုးမခ) မေ ၃၁၊ ၂၀၂၂


ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ သဘောထားတချို့ထပ်မံထွက်ပေါ်၊ စစ်ဘေးရှောင်စခန်းတချို့မှာ ဝမ်းရောဂါဖြစ် 

အနိုင် အရှုံး မသဲကွဲသေးတဲ့ နယ်မြေစိုးမိုးမှုနဲ့ တည်ငြိမ်မှုမရှိသေးတဲ့ လတ်တလော ကာလရဲ့  ပညာသင်ကြားရေးနဲ့ပတ်သက်လို့ သဘောထားအမျိုးမျိုး၊ ယူဆချက် အမျိုးမျိုး ရှိနေကြတာ ဖြစ်ပြီး အခြေအနေလည်း ဒေသတခုနဲ့ တခု မတူညီသလို မြို့နဲ့ ကျေးလက်တွေရဲ့ အခြေအနေလည်း မတူညီကြပါဘူး။  

တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးနယ်မြေတွေရဲ့ အခြေအနေနဲ့ ဗမာလူမျိုးတွေ အများစုဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဒေသတွေက အခြေအနေ မတူညီကြသလို ရန်ကုန် ၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေက အခြေအနေလည်း မတူညီကြတာ ဖြစ်ပါတယ်။  

 အဲဒီလိုအခြေအနေမှာ အားလုံးတပြေးညီ လုပ်ဆောင်သင့်တဲ့ ညွှန်ကြားချက် တိုက်တွန်းချက် အမိန့်တွေ ထုတ်ရင်လည်း သဘာဝမကျသလို လိုက်နာဖို့လည်း မလွယ်ကူတာ ဖြစ်ပါတယ်။ ယခင်နှစ်က အခုလို ကျောင်းဖွင့်ခါနီး ရာသီမှာ ကျောင်းအချို့ မီးလောင်တာတွေ၊ ဗုံးပေါက်ကွဲတာတွေ ပညာရေးဝန်ထမ်းတချို့ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ ရှိခဲ့ပြီး  အခုနှစ်မှာတော့ အလားတူ ကျောင်းတွေ မီးလောင်တာ၊ ဗုံးကွဲတာ သိသိသာသာ လျော့နည်းသွားတာလည်း တွေ့ရပါတယ်။ ခုရက်ပိုင်း ပေါက်ကွဲမှုဖြစ်ပွားတာဆိုလို့ မြိတ်မြို့က အထက်တန်းကျောင်းတကျောင်းရှေ့မှာ ဖြစ်ပွားတာနဲ့  ကလေးမြို့ ရပ်ကွက်တခုက အထက်တန်းကျောင်းဆောင် တဆောင် မီးလောင်တဲ့ အဖြစ်အပျက် ၂ ခုသာကြားသိရပါတယ်။  

ခုရက်ပိုင်းမှာပဲ PDF အဖွဲ့တချို့က ဘယ်စာသင်ကျောင်းကိုမှ ဖေါက်ခွဲမှု လုပ်မှာမဟုတ်ဘူးလို့ သဘောထား ထုတ်ပြန်ခဲ့တာလည်း သတင်းတပုဒ်မှာ ဖတ်ရှုရပါတယ်။ စာသင်ကျောင်းတွေ အနီးမှာ ဖြစ်စေ အတွင်းမှာဖြစ်စေ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရင် PDF တွေရဲ့ လက်ချက်လို့ အထင်မှားစရာ မဖြစ်ရအောင် ရှင်းလင်းအသိပေးတဲ့ သဘောလို့ ယူဆရပါတယ်။  

အထက်က သတင်းနဲ့  သဘောသွားချင်း မဆင်ပေမယ့် ပညာ သင်ကြားရေးအပေါ်သဘောထားနဲ့ ပတ်သက်လို့ BPLA လို့ခေါ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် က ပညာသင်ကြားရေး နဲ့ပတ်သက်တဲ့ သဘောထား ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။ ပညာရေးနယ်ပယ်က CDM တွေရဲ့ စွန့်လွှတ်မှု ပါဝင်မှုကို အသိအမှတ်ပြုထားပြီး လတ်တလော အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေဒေသတွေမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားလာတာ၊ မိဘတွေအနေနဲ့ ၄င်းတို့ရဲ့ ကလေးတွေရဲ့ ပညာရေးနှောင့်နှေးမှာ စိုးရိမ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်ကောင်စီ လက်အောက်မှာ အစားထိုး ပညာရေးကို လက်လှမ်းမမှီတဲ့ မိသားစုတွေ ကျောင်းသားတွေ အနေနဲ့ စစ်ကောင်စီကျောင်းတွေ တက်ရောက်တာကို လုံးဝရန်ပြုမှာ မဟုတ်ဘူးဆိုတဲ့ အချက်၊ စာသင်ကျောင်းတွေကို စစ်ရေးအရ အသုံးပြုခြင်းကို ဆန့်ကျင်တယ်ဆိုတဲ့အချက် အပါအဝင် ပညာရေး နဲ့ပတ်သက်တဲ့ သဘောထား အချက် ၄ ချက်ကို ဖေါ်ပြထားတာတွေ့ရပါတယ်။  

 အထက်က ရေးခဲ့သလို အခြေအနေ အမျိုးမျိုးမှာ မတူညီတဲ့ ရွေးချယ်မှုတွေ ရှိနေကြမယ့် အနေအထား လူထုအနေနဲ့ သူတို့ရဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် ရွေးချယ်နိုင်တဲ့ လက်လှမ်းမှီတဲ့ အခြေအနေမျိုးကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်သလို နကိုကတည်းက ရှိနေပြီးသား ပညာရေး ကွာဟမှု ပိုကြီးမားမလာအောင် ဝိုင်းဝန်းကြိုးစား ကြဖို့ ကူညီကြဖို့ကိုလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။  

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ကယားပြည်နယ်က ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတချို့မှာ ဝမ်းရောဂါ ဖြစ်ပွားနေပြီး ကလေးငယ် တဦးသေဆုံးသွားတဲ့သတင်းတွေ ခုရက်ပိုင်း ဖေါ်ပြထားတာတွေ့ရပါတယ်။ လနဲ့ချီနေပြီဖြစ်တဲ့ စစ်ဘေးတိမ်းရှောင်နေရသူတွေ အဖို့ မိုးရာသီကာလဟာ အခြားရာသီ ၂ ရာသီထက်ပိုခက်ခဲတဲ့ အချိန် ကာလဖြစ်ပါလိမ့်မယ်။ ဆောင်းရာသီ အအေးဒဏ်ခံရပြီး နွေရာသီပူပြင်းတဲ့ဒဏ်ခံရတာ မှန်ပေမယ့် မိုးရာသီမှာတော့ မိုးရွာသွန်းမှု ၊ စိုစွတ်တဲ့ဒဏ်ကြောင့် ဖျားနာနိုင်တာ၊ သောက်သုံးရေ မသန့်ရှင်းမှုကနေ ဝမ်းရောဂါတွေ ဖြစ်ပွားနိုင်တာတွေကို ခံစားကြရတဲ့ အနေအထားဖြစ်ပါတယ်။  

ရောဂါဖြစ်ပွားလာတဲ့အခြေအနေမှာ ဆေးဝါးသယ်ယူမှုကိုလည်း စစ်ကောင်စီဘက်က ဖြတ်တောက်ထားတာကြောင့် ဆေးဝါးရှားပါးတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် အသက်အန္တရာယ် ထိခိုက်မှုတွေ အထိရှိလာတဲ့ သဘောလည်း ဖြစ်ပါတယ်။  

ဒီနေ့အဖို့ နောက်ဆုံး သတင်းအကြောင်းအရာတခုကတော့ မြန်မာနိုင်ငံမှာ နိုင်ံရေး မတည်မငြိမ်ဖြစ်တာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေး ထုတ်လုပ်မှုတွေ အဆများစွာ မြင့်တက်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ UNODC က အစီရင်ခံခဲ့ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ သုံးနိုင်ငံဆုံရာ ရွှေတြိဂံနယ်မြေက တဆင့် နိုင်ငံတကာကို ဖြန့်ချိဖို့ သယ်ဆောင်ကြရာမှာ သက်ဆိုင်ရာနိုင်ငံတွေမှာ ပြီးခဲ့တဲ့ တနှစ်တာ ဖမ်းဆီးရမိတဲ့ ပမာဏဟာ ဆယ်စုနှစ် တခုစာ ဖမ်းမိတဲ့ ပမာဏလောက်နဲ့ ညီမျှနေတယ်လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ တနှစ်တာလုံး မြန်မာနိုင်ငံမှာ မတည်မငြိမ်မှု တိုက်ခိုက်မှု ဆန္ဒပြမှု ပစ်ခတ်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ မြို့နယ်အများအပြားမှာ ရှမ်းပြည်ကနေ ပင်လယ်ထွက်ပေါက် ရန်ကုန်၊ မွန်ပြည်နယ် ကရင်ပြည်နယ် နယ်စပ်ဒေသ စတဲ့ ဒေသတွေဆီဦးတည် သယ်ဆောင်တဲ့ စိတ်ကြွဆေးပြား ဖမ်းဆီးရမိတဲ့ သတင်းတွေ သီတင်းပတ်တိုင်း တခါတရံ နေ့တိုင်းလိုလို ဖတ်ရှုနေရတာ ဖြစ်ပါတယ်။  

တရားဥပဒေ စိုးမိုးမှု အရင်ထက်လျော့လျဲလာတာကို အခွင့် အခါကောင်းအနေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေ ဂိုဏ်းတွေက လှုပ်ရှားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအပြီး တရားဥပဒေစိုးမိုးမှု အခြေအနေ ပျက်ပြားတာကို အခွင့်ကောင်းယူ လုပ်ကိုင်ကြတဲ့အထဲ မူးယစ်ဆေးဝါး အပြင်၊ သစ်ခိုးထုတ်မှု၊ စက်ယန္တယားတွေနဲ့ ရွှေကျင်တာ မြစ်ချောင်းတွေ ပျက်စီးသည်အထိ မြစ်တွေ ချောင်းတွေထဲ ရွှေမျော လုပ်တာ၊ ကျောက်စိမ်း ခိုးတူးတာတွေ လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာ ဖြစ်ပြီး ဒီဆုံးရှုံးမှုတွေကို တိုင်းတာဖို့ မလွယ်ကူလောက်အောင် ပမာဏများပြားနေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar