Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၃၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၃၁ မြင်ကွင်း

(မိုးမခ) ဇွန် ၁၊ ၂၀၂၂


လူသေဆုံးမှုနဲ့ ဒဏ်ရာရမှုများတဲ့ ပေါက်ကွဲမှုတွေ ၊ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ ရဲ့ ရပ်တည်ချက်  

မေလ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့လယ် လူစည်ကားဆုံးနေရာ တခုဖြစ်တဲ့ ၃၅ လမ်းနဲ့ အနော်ရထာလမ်းထောင့်က ကားမှတ်တိုင်ရှေ့မှာ ဗုံးပေါက်ကွဲပြီး ခရီးသွား ၉ ဦးဒဏ်ရာရကာ ၁ ဦး သေဆုံးခဲ့တဲ့ အဖြစ်အပျက် ယနေ့မွန်းလွဲပိုင်း မှာဖြစ်ပွားခဲ့ပါတယ်။ အရပ်သားတွေ အသက်ဆုံးရှုံးနေကြရတာ နေ့စဥ်နဲ့အမျှ တောနယ် ကျေးလက်၊ နယ်မြိုတွေမှာ နေ့စဥ် သေနတ်ထိမှန်တာ၊ ဖမ်းဆီးပြီး လက်နက်ကိုင်နဲ့ ဆက်သွယ် အားပေးတယ်လို့ စွပ်စွဲသတ်ဖြတ်တာ၊ သတင်းပေးတယ်လို့ သံသယနဲ့ စွပ်စွဲသတ်ဖြတ်တာတွေ နေ့စဥ်ဖြစ်ပွားနေတာ ပြီးခဲ့တဲ့ ၁နှစ်ကျော်ကာလမှာ နေ့စဥ်လိုလို ဖြစ်ပါတယ်။ တခါတရံ အရပ်သား ဒါဇင်နဲ့ချီသေဆုံးတဲ့ ဖြစ်ရပ်တွေလည်းဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကြာလာတဲ့အခါ အရပ်သား တဦးစ နှစ်ဦးစသေနတ်နဲ့ ပစ်သတ်ခံရတဲ့ သတင်းမျိုး ဒဏ်ရာရတဲ့ သတင်းမျိုးတွေက သတင်းထူး သတင်းကြီး မဟုတ်တော့ပဲ နေ့စဥ်လိုလို စာမျက်နှာ ထောင့်နားမှာ ၁ ကော်လံ သတင်းအကျဥ်း ဖေါ်ပြကြတဲ့ အဖြစ်အပျက်လို ဖြစ်လာနေပါတယ်။  

ဒီနေ့မွန်းလွဲပိုင်း ရန်ကုန် မြို့ပေါ်မှာ ဖြစ်ပွားတဲ့ ဗုံးကွဲမှုမှာ ၉ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးတဲ့ အဖြစ်အပျက်၊ နောင်ချိုမြို့မှာ ပညာရေးမှူးရုံး ဗုံးကွဲပြီး ကျောင်းအုပ်ဆရာမ တဦးသေဆုံးကာ အခြားပညာရေးဝန်ထမ်း ၅ ဦးလောက် ပြင်းထန်တဲ့ ဒဏ်ရာရတဲ့ အဖြစ်အပျက်တွေက အများအာရုံစိုက်ခံရတဲ့ သတင်း ထူးခြားတဲ့ သတင်းအဖြစ်အပျက် ဖြစ်လာတာပါ။  

ရန်ကုန်မြို့လယ်မှာ ဗုံးကွဲတဲ့အဖြစ်ထက် လူစည်ကားချိန် လူတွေကြားထဲ ဗုံးကွဲတဲ့ အဖြစ်အပျကက် ရန်ကုန်မြို့ရဲ့ လှုပ်ရှားသွားလာမှု စီးပွားရေး လုပ်ငန်းတွေ နဲ့ လူတွေရဲ့ စိုးရိမ်ကြောက်လန့်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တာဖြစ်လို့ ခုသတင်းက သက်ရောက်မှုက ကြီးတဲ့သဘောရှိပါတယ်။ ခုချိန်ထိ မြို့ပြပြောက်ကျားလို့ ယေဘုယျ ခေါ်ဝေါ်ကြတဲ့ မြို့ပေါ်လှုပ်ရှားတဲ့ PDF အဖွဲ့တွေအနေနဲ့ လူတွေကြားထဲ အခုလို ဖေါက်ခွဲမှုမျိုး လုပ်ဆောင်တာ မရှိသလောက်နည်းပါးပြီး လမ်းဆုံလမ်းခွ စစ်/ရဲ ကင်း အဆောက်အဦတွေကို ဖောက်ခွဲတာမျိုးသာ မကြာခဏ ဖြစ်ပွားလေ့ရှိတာပါ။  

ခုတကြိမ် ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက မှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။  

ဒီနေ့ တရက်ထဲမှာပဲ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှာ အစည်းအဝေး လုပ်ပြီးနောက်မကြာခင် အဆောက်အဦတွင်း ဗုံးကွဲခဲ့တာကြောင့် ပညာရေးဝန်ထမ်း ကျောင်းအုပ်ဆရာမကြီး တဦး သေဆုံးကာ အခြား အမျိုးသမီးပညာရေးဝန်ထမ်း အချို့လည်း ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ကြတယ်လို့ သတင်းတွေထဲ တွေ့ရပါတယ်။  

ဒီဗုံးဖေါက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သလဲဆိုတာ မသိရှိရသေးသော်လည်း ကျောင်းပြန်ဖွင့်တာကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက လုပ်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  

အချို့သော PDF အဖွဲ့တွေအနေနဲ့ ဘယ်ပညာရေး နဲ့ပတ်သက်တဲ့ အဆောက်အဦနေရာ လူပုဂ္ဂိုလ်ကိုမှ လက်နက်နဲ့ တိုက်ခိုက်တာ ဗုံးခွဲတာ မလုပ်ဆောင်ဘူးလို့ ထုတ်ပြန်ချက် ထုတ်ထားတာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် PDF အဖွဲ့အစည်းတွေ အရေအတွက်များစွာ ရှိကြပြီး မတူတဲ့ ရှုမြင်ချက်တွေလည်း ရှိနေကြတာမို့ ဒီလို ကိစ္စရပ်တွေမှာတော့ PDF တွေကို ဦးဆောင်မှုပေးနိုင်တဲ့ သြဇာရှိတဲ့အဖွဲ့အစည်းတွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သဘောထား မူဝါဒ ညွှန်ကြားတာ ထုတ်ပြန်တာ ထိန်းကျောင်းတာတွေ လုပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။  

ရန်ကုန်မြို့ လယ်ဗုံးကွဲတဲ့ အဖြစ်အပျက်ဟာ တိုင်းရင်းသား ဒေသတွေ စစ်ကိုင်းတိုင်း မကွေးတိုင်း ဒေသတွေက ကျေးရွာတွေမှာ သတ်ဖြတ်ခံကြရတဲ့ အရပ်သား အရေအတွက်နဲ့ နှိုင်းယှဥ်ရင် မပြောပလောက်ဘူးလို့ ဆိုနိုင်ပါတယ်။ သို့သော် လူဦးရေ သန်းနဲ့ချီနေထိုင်တဲ့ မြို့ပေါ်မှာ ဖြစ်ပွားတာ ရန်ကုန်မြို့ရဲ့ လုံခြုံမှု အခြေအနေ ထပ်မံကျဆင်းသွားတဲ့ ရှုထောင့်က ကြည့်ရင်တော့ အကျိုးသက်ရောက်မှုက ကြီးမားတယ်လို့ ပြောနိုင်ပါတယ်။  

စစ်ကောင်စီဘက်က ဂန္ဓမာဟိုးလ်ဆေး ကုန်တိုက်လို ရူဘီမတ်လို မီးလောင်မှုတွေ နဲ့ပတ်သက်လို့ ၁ နှစ်ကျော်ကြာတဲ့အထိ လက်သည်မဖေါ်ထုတ်နိုင်တာ ဖေါ်ထုတ်ဖို့ မကြိုးစားတာတွေကို ကြည့်ရင်လည်း အခုလို မြို့လယ်ခေါင် ကားမှတ်တိုင် ဗုံးခွဲတဲ့ အဖြစ်အပျက်က shadow organization တွေ ဖွဲ့စည်းပြီး အခြေအနေ ကို နားလည်မှုရှုပ်ထွေးအောင် လုပ်ဆောင်မှုလားဆိုတဲ့ ဖြစ်နိုင်ခြေ လည်း ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။  

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ UWSP လို့ အတိုကောက်ခေါ်ဆိုတဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌ ဖြစ်သူ ဦးလော့ယာကု က စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးနောက် သဘောထား ထုတ်ပြန်ခဲ့ရာမှာ အစိုးရဘက်မှ  မည်သူ အုပ်ချုပ်သည် ဖြစ်စေ ပဋိပက္ခပိုမို မတိုးပွားစေဖို့ အတွက် UWSP အနေနဲ့ ဘယ်ဘက်ကမှ ထောက်ခံပါဝင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။  

UWSP အနေအထားက ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီးနောက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရယူခဲ့တဲ့နောက် တကြိမ်မျှ ပြည်မက စစ်တပ်နဲ့ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့သလို ပြည်မကို အုပ်ချုပ်တဲ့ စစ်အစိုးရ၊ ၂၀၁၀ နဲ့ ၂၀၂၀ ကြား ရွေးကောက်ပွဲနဲ့ အာဏာရတဲ့အစိုးရတွေကလည်း ဝပြည် ရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက် ခဲ့တာမျိုးမရှိခဲ့တာကြောင့် ဝပြည် က အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ သဘောဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနက် စစ်အင်အားအကောင်းဆုံး လက်နက်အင်အား အတောင့်ဆုံး တိုင်းရင်းသား အဖွဲ့လည်း ဖြစ်ပါတယ်။  

ဝ ပြည် လိုအနေအထားမျိုးကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အားကျ လိုလားကြတာဖြစ်ပြီး ရခိုင့်တပ်တော် /ရခိုင်အမျိုးသားအဖွဲ့ချုပ် အနေနဲ့ ဝ လိုအနေအထားမျိုးကို အနိမ့်ဆုံးလိုလားတယ်လို့ ပြောဆိုခဲ့ဖူးတာလည်း ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ စစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စိုးမိုးနယ်မြေတွေကို အုပ်ချုပ်ရေးအားဖြင့် အမည်ခံဖြစ်စေ၊ လက်တွေ့ သြဇာသက်ရောက်တဲ့ အနေအထားဖြစ်စေ အုပ်ချုပ်ရေးထားရှိပြီး ဝ ပြည်ကတော့ ချွင်းချက်အဖြစ် ထားခဲ့တာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်စလုံး မှာ ဒေသအနည်းငယ်သာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အများစုကတော့ ရွေးကောက်ပွဲ ရဲ့ သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့တာတွေ့ရပါတယ်။  

ခုလို အခြေအနေမှာ ဝ ပြည်က သူ့ရဲ့ လက်ရှိရထားတဲ့ ပိုနေမြဲကျားနေမြဲ အနေအထားကို မဆုံးရှုံးရအောင် ပြည်မနဲ့ ပြည်နယ် အများအပြားမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး စစ်ရေး အားပြိုင်မှုမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နောက်ကွယ်မှာတော့ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်လက်နက် ကူညီတာမျိုးရှိကောင်း ရှိနိုင်ပြီး လူသိရှင်ကြား လက်ရှိ စစ်ကောင်စီနဲ့ NUG အကြား၊ စစ်ကောင်စီနဲ့ EAO စစ်ရေးပဋိပက္ခတွေအကြား ဝင်ပါမှာ မဟုတ်တဲ့သဘောလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar