ဆု ဘိုး မိ - သမီးလေးဖတ်ဖို့ ရေးတဲ့စာ
သမီးလေးဖတ်ဖို့ ရေးတဲ့စာ
ဆု ဘိုး မိ
(မိုးမခ) မေ ၃၁၊ ၂၀၂၂
သစ်ရွက်နုနုလေးတွေပေါ်ကို
မိုးစက်လေးတွေရောက်လာတတ်တဲ့ ရာသီပေါ့ ။
ဟိုအရင်တုန်းက
ဒီအချိန်ဆို
ဝတ်စုံနဲ့ ရေဘူးကအသစ်
ကျောပိုးအိပ် နဲ့ ခြင်းလေးက အသစ်
သမီးတက်ရမယ့်အတန်းလေးက အသစ်
ဒီမေမေ နဲ့ ဒီသမီး
ဒီလမ်းအဟောင်းလေးအတိုင်း
စကားအသစ်တွေ ပြောရင်းပေါ့ ။
အရပ်မြင့်လာတဲ့သစ်ရိပ်တွေအောက်မှာ
သမီးလေးက ပျော်ပျော်ရွှင်ရွှင်ပြေးလို့
မေမေက ပြုံးပြုံးကြီးငေးလို့
ထီးတလှည့် မိုးကာတလှည့်နဲ့
မေမေ့သမီးရဲ့
အဖြူအစိမ်းနေ့ရက်တွေမှာပေါ့ .. သမီးလေးရယ် ။
အဲဒီအချိန်တုန်းကဆိုရင်လေ
ကလေးလေးတယောက်စီရဲ့ရှေ့ခရီးဟာ
စိတ်ကူးနဲ့မှန်းကြည့်ရင်တောင်
သိပ်ကို မျှော်လင့်ကြည်နူးဖွယ်ဖြစ်ခဲ့ဖူးတယ် ။
မေမေတို့ကလည်း
မေမေတို့ထက် ပိုကောင်းတဲ့စနစ်နဲ့
မေမေတို့ထက် ပိုမြင့်တဲ့အမြင်နဲ့
မေမေတို့ထက် ပိုသာတဲ့အတွေးနဲ့
မေမေတို့ထက် ပိုတောက်ပတဲ့ဘဝတွေကို
အလှဆုံးမြင်ရတော့မယ်ဟေ့ လို့
အနာဂတ်ကြီးတစ်ခုစာ စိတ်ချပစ်လိုက်တဲ့
မိဘတွေ အဖြစ်နဲ့ပေါ့ ။
ကိုယ်မြတ်နိုးရာရတနာရဲ့တန်ဖိုးအနဂ္လကို
ပကတိအတိုင်းတွေ့ခွင့်ရဖို့စိတ်ဝင်တစားစောင့်ရင်း
ကျေနပ်စွာရင်ခုန်နေမိတဲ့
မိဘတွေ အဖြစ်နဲ့ပေါ့ ။
သမီးလေးရေ ..
ကောင်းကင်ကြီးပြိုကျလာရင်
ဘယ်သူမှမလွတ်နိုင်တော့ဘူးဆိုတဲ့အကြောင်း
သမီးလေးအရွယ်မှာ နားလည်အောင်
မေမေပြောပြဖို့ သိပ်ခက်တယ် ။
အခုတော့ဖြင့်
မေမေတို့ဟာ
ဖြည့်ဆည်းထားသမျှ စွမ်းအင်တွေကို
အရင်းကနေ တိကနဲခုတ်ချခံလိုက်ရတဲ့ -
ရေသောက်မြစ်တည်းတည်းလေးသာကျန်တော့တဲ့ -
ရုတ်တရက်မိုးကြိုးမုန်တိုင်း အမွှေ့ခံလိုက်ရတဲ့ -
ထွက်ပြေးလို့လဲမရနိုင်တော့တဲ့ -
ပင်စည်ညိုညိုကြီးလို အဖုအထစ်တွေနဲ့
မိဘတွေအဖြစ်ပေါ့ သမီးလေးရယ်။
.
ခွင့်လွှတ်ပါသမီးရေ
မပြိုအောင်ကျားကန်ထားရတဲ့ ခွန်အားနဲ့
နိုင်ငံတကာအဆင့်မှီကျောင်းတွေမှာလည်း
သမီးကိုမေမေမထားနိုင်ခဲ့ပါဘူး
ပုဂ္ဂလိကပညာရေးလို့ မျက်နှာဖုံးတတ်ထားပြီး
ထူးမခြားနား ဓါတ်ပြားကိုပဲဖွင့်ပြမှာသိရက်နဲ့
ကိုယ့်လိပ်ပြာကို ကိုယ်
လက်တလုံးခြားလှည့်ဖျားလိုက်ဖို့လည်း
ခေါင်းမာတဲ့မေ့မေ့နှလုံးသားက
ခွင့်မပြုနိုင်ခဲ့ပြန်ဘူး
ကိုယ်တိုင်ကိုယ်ကျ
ခေတ်တခေတ်လုံး ပျောက်ဆုံးဖူးသူမို့ထင်ပါရဲ့
ဒီလိုနက္ခတ် နဲ့ကြုံတိုင်း
မေမေ့တကိုယ်လုံးမှာ
အချက်ပေးခေါင်းလောင်းသံတွေက
ထ ထ မြည်တတ်တယ်
'မယုံနဲ့ '
'မယုံလိုက်နဲ့ '
'မယုံနဲ့ - ရောက်အောင်သွား'
'မယုံနဲ့ - တွေ့အောင်ရှာ'
'မယုံနဲ့ -မြင်အောင်ကြည့်' တဲ့ ။
တွေ့တာပေါ့'
အသက်နဲ့အတန်းမခန့်မှန်းနိုင်တော့တဲ့
အကြောင်းပြချက်နဲ့
ကလေးတယောက်ရဲ့ ဖြစ်တည်မှုကို
ကစားပွဲအလယ်မှာ ချခင်းပြီး
တလှမ်းခြင်းနင်းတက်လာတော့မယ့်
ခြေလှမ်းတွေ ။
မြင်တာပေါ့'
နောင်တချိန်
ကောင်းကင်ကို ဖောက်ထွက်မသွားနိုင်အောင်
ဦးနှောက်ကိုသော့ခတ်ထားချင်လို့
ပွဲလန့်ဖျာခင်း မြှူဆွယ်ခြင်းတွေနဲ့
အနားအထိတဖြည်းဖြည်းရွေ့လာတတ်တဲ့
လက်ချောင်းတွေ ။
သမီးလေးရေ ..
ရင်းထား ရတာတွေ
တင်းထားရတာတွေ
ခင်းထား ရတာတွေ
သဲထဲရေသွန်မဖြစ်ဖို့ သိပ်အရေးကြီးနေတဲ့
ခုလို အ'ကာလ ကြီးမှာ
သုမနကျောက အနာရွတ်တွေအကြောင်း
အဲဒီ အရေပြားနုနုလေး သိအောင်
မေမေ ဘယ်လိုရှင်းပြရပါမလဲ ။
မေမေငိုတယ် သမီး
နေ့ဖက်တွေဆို
မေမေ့အနားမှာ ဖြူဖြူစင်စင်ဆော့နေတတ်တဲ့
သမီးလေးမမြင်အောင် အံကြိတ်ပြီး
ညဖက်တွေဆို
မေမေ့ဘေးမှာ အပူအပင်မဲ့အိပ်ပျော်နေတတ်တဲ့
သမီးလေးမျက်နှာကို ထိုင်ကြည့်ပြီး
မေမေလေ
ဝမ်းနည်းတကြီး ငိုပါတယ်
ရှိုက်ကြီးတငင် ငိုပါတယ်
ထွက်မပြေးနိုင်လို့ ငိုပါတယ်
ချန်မထားရက်လို့ ငိုပါတယ်
တွန်းမတင်နိုင်လို့လည်း ငိုပါတယ်
မ မရွှေ့နိုင်လို့လည်း ငိုပါတယ်
ဖြစ်ရလေခြင်းဆိုပြီး ငိုပါတယ်
လုပ်ရက်လေခြင်းဆိုပြီး ငိုပါတယ်။
အဲဒီ မျက်ရည်ဟာ
လောကသစ္စာကို တာဝန်ကျေချင်စိတ်နဲ့
ဓမ္မရဲ့အဓိပ္ပါယ်ကို တာဝန်ကျေချင်စိတ်နဲ့
အမှန်တရားအပေါ် တာဝန်ကျေချင်စိတ်နဲ့
ရင်သွေးအပေါ်မှာလည်း တာဝန်ကျေချင်စိတ်နဲ့
ဘယ်သူမှမသိအောင်
တိတ်တိတ်လေးစီးဆင်းဖောက်ထုတ်လိုက်ရတဲ့
သွေးအမျိုးအစားအသစ်တခုဖြစ်ကြောင်းကိုတော့
အသက်ကိုလောင်းကြေးထပ်ပြီး
မေမေ ရဲရဲကြီး ပြောခဲ့ပါရစေသမီးရေ ။
.ဟိုးမှာ
အခိုးအငွေ့တွေ တွေ့လားသမီး
တောင်တန်းတွေချမ်းလို့ မီးလှုံနေတာမဟုတ်ဘူး ။
ဖုန်မှုန့်တွေကြားက လူအုပ်တွေကိုရော သမီးမြင်လား
မြေပြန့်ဆိုပြီး
စိတ်ပြေလက်ပျောက်
ခရီးလျှောက်ထွက်နေကြတာမဟုတ်ဘူး ။
ဘုရားသခင်က
လူ့ပြည်မှာ လူသားဖြစ်ခွင့်ပေးခဲ့ပေမယ့်
အဲဒီလူသားတွေကပဲ
နိဗ္ဗာန် နဲ့ ငရဲကို ဖန်ဆင်းပစ်လိုက်ကြတာပဲ ..
မေမေတို့ရဲ့ နိုင်ငံငယ်ငယ်လေးမှာ
အပြစ်ဆိုတာတောင်နားမလည်သေးပဲ
ငရဲကျပေးနေရတဲ့ကလေးလေးတွေ
ဘယ်နှစ်ယောက်ထပ်ရောက်လာကြဦးမှာလဲ !
ဘာတခုမှမကျူးလွန်ရပါပဲ
ဝဋ်ကြွေးလို့သတ်မှတ်ခံနေရတဲ့မိသားစုတွေရော
ဘယ်လောက်များနေပါပြီလဲ !
ကမ္ဘာမှာ
စိတ်ကိုတဆုံးအသတ်ခံရတဲ့အခါတိုင်း
ဘယ်မှာတိုင်ကြားခွင့်ရှိဘူးလို့လဲ၊
ရက်စက်ဖို့သာသင်ကြားလာသူတွေဆီမှာ
ဘယ်လိုဆင်ခြင်တုံတရား ရှာတွေ့နိုင်မှာမို့လဲ၊
တကိုယ်စာလင်းထိန်စေဖို့
နိုင်ငံကိုမီးစာလုပ်နေသူတွေဆီက
ဘာတွေထပ်ပြီးမျှော်လင့်နိုင်မယ်ထင်သေးလဲ ။
သမီးရေ ...
အရာရာကို နားလည်တတ်လာတဲ့တနေ့မှာ
"တရားနဲ့ ကူဖြေလို့မရတဲ့အခါ
အမှားနဲ့အတူနေဖို့ ဆုံးဖြတ်ကြရုံပေါ့"လို့
တယောက်ယောက်ကပြောလာရင်
အဲဒီလူကို စေ့စေ့ကြည့်ပြီး
ချာခနဲလှည့်ထွက်ခဲ့နိုင်သူသာဖြစ်ပါစေ ။
သမီးလေး ရေ ..
ဒီစာဟာ
ဒီကမ္ဘာမှာ
မေမေတယောက်က ရင်သွေးတယောက်ကို
ပေးထားနိုင်ခဲ့တဲ့ အစစ်မှန်ဆုံး
အရိုးသားဆုံး ဖြောင့်ချက်တခုသာဖြစ်ပါတယ် ။
အမှောင်ထုကြီးထဲ ရုတ်ချဥ်းရောက်သွားရတဲ့
ခေတ်အစိတ်အပိုင်းရဲ့ ပြယုဂ်တခုလည်းဖြစ်တယ် ။
ခက်ခဲတဲ့အချိုးအကွေ့တခုကို
အတူဖြတ်ကျော်ခဲ့ရဖူးတယ်ဆိုတဲ့
မှတ်တမ်းတခုလည်း ဖြစ်တယ် ။
ပြီးတော့ ..
ရိုင်းကြမ်းတဲ့ သမိုင်းလှိုင်းတခုထဲမှာ
တွန်းတိုက်တိုးလှိမ့်ရင်း အတူလိုက်ပါနေရတဲ့
နှလုံးသားများစွာကို ကိုယ်စားပြုနိုင်ပါလိမ့်မယ် ။
သမီးရေ ...
ကျောပိုးအိပ်လေးလွယ်ပြီး
သစ်ပင်ကြီးတွေအောက်မှာ
အရင်လို ပြန်လျှောက်ကြဖို့ ဆို
တကယ့်အလင်းရောင်စစ်စစ်လိုတယ် သမီး ။
အခုတော့
လောကကို အမှောင်ချလိုက်ပြီးမှ
အလင်းအတုတွေနဲ့ ဖျားယောင်းပြတာမျိုး ..
အချိန်မရွေး ဖောက်ခွဲကောက်ကျစ်လိုက်နိုင်တဲ့
ချိန်ကိုက်ဗုံးတွေထောင်ထားပြီးမှ
စနက်တံကိုင်ထားတဲ့ လက်တွေနဲ့
လမ်းတွေဖန်ဆင်းပြတာမျိုး ..။
ခွင့်ပြုပါသမီးရယ် ..
အမှားတွေအသက်ရှည်ဖို့ ခင်းတဲ့လမ်းမှာ
သဲတစ်ပွင့်စာတောင် မသထာနိုင်တဲ့အထိတော့
မေမေ ခေါင်းမာပြခဲ့ချင်ပါသေးတယ် ။
သမီးရေ ..
ဒီစာကိုအခုအထိဖတ်ပြီးရင်တော့
သမီးလေးလည်း တွေးနိုင်လောက်ပြီပေါ့ ။
ဘယ်ခေတ်ကာလမှာမဆို
အမှန်အတိုင်းလျှောက်နေတဲ့လူဟာ
မျက်နှာမူရာအရပ်ပျောက်မသွားဖို့သာလိုပါတယ်
လမ်းကိုကွေ့ချ ခံလိုက်ရရင်တောင်
ဘယ်တော့မှနောက်ပြန်မလှည့်လေနဲ့
ရုတ်တရက်အလစ်အငိုက်မိခဲ့ရင်လည်း
ခဏ နားပြီးအားမွေးလိုက်
အမှောင်ဖက်ခြမ်းကိုနင်းမှ လှမ်းခွင့်ပြုမယ်ဆို
ရဲရဲတင်းတင်းသာ ရပ်ပစ်လိုက် ။
'အမှန်တရားကို ရရင်ရ
ပြန်မရရင် အဆုံးထိသွားမှာပါ' လို့
မေမေတို့ ဟစ်အော်ခဲ့ကြတာ
သမီးလေးလည်း ကြားတယ်မဟုတ်လား
အများကြီး စွန့်စားပြနိုင်စွမ်းမရှိရင်တောင်
ကိုယ့်ခွန်အားနဲ့တုန့်ပြန်နိုင်တဲ့အရာမှန်သမျှမှာ
တစ်နိုင်တစ်ပိုင် ဆုံးဖြတ်နိုင်တာမှန်သမျှမှာ
ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ -
သမီးလေးလည်း မြင်သာဖို့ -
ကိုယ့်စကားတော့ ကိုယ်တည်ပြဖို့လိုတယ်မဟုတ်လား ။
.
မေမေက
လက်ညှိုးလေးထိုးပြီးပြတဲ့အခါ
ခြေဖျားလေးထောက်ပြီး ကြည့်လိုက်ပါသမီး
မြင်ရလား
ပျပျလေးမြင်နေရတဲ့ စိမ့်စမ်းတောတန်းလေး '
ပြီးတော့ ထင်းကနဲဖြာပြနေတတ်တဲ့
အလင်းရောင်လေး '
ရောက်အောင်သွားနိုင်မှ
လွတ်မြောက် လုံခြုံမှာသေခြာတဲ့နေရာလေး '
မေမေတို့ကြားမှာ
ရုတ်တရက်ပိတ်ကျလာတာက
နတ်ဆိုးဖန်ဆင်းထားတဲ့ ကျောက်ရိုင်းထုထည်ကြီး'
ဤခရီး ဟာ
နီးသလား ။ ဝေးသလား ။
ရောက်မှာလား ။ ပျောက်မှာလား ။
ပြိုင်တူတွန်းမှ ရွေ့နိုင်မယ်ဆိုတဲ့အသိမှာ
ယုံကြည်ချက်တိုင်းဟာ ခွန်အားပဲမဟုတ်လား ။
လမ်းမရှိလည်း ထပ်ဖောက်ရုံပေါ့
လမ်းရှာရင်း ထပ်လျှောက်ရုံပေါ့
လမ်းတစ်ခုခုတော့ ရမှာပဲပေါ့
လမ်းတစ်ခုခုကတော့ ရှိနေမှာပဲပေါ့
သမီးလေးသာ
မေမေ့လက်ကို တွဲထား
မေမေ့စိတ်ကို ခိုထား
မေမေ့ယုံကြည်ရာကို နင်းထား ။
သမီးရေ ..
ဒီစာဟာ
အနာဂတ်ယုံကြည်မျှော်လင့်ခြင်းတွေကို
စနစ်တကျချေမွဖျက်ဆီးခံလိုက်ရတဲ့ကာလမှာ
မိခင်တစ်ယောက်ရဲ့ရင်နဲ့လွယ်ပြီးတီးခတ်ခဲ့တဲ့
အရိုးရှင်းဆုံး ဗျတ်စောင်းသံဖြစ်ပါတယ်
သမီးလေး ကြီးပြင်းလာတဲ့အခါ
ထိကြည့်တဲ့အခါ
တို့ကြည့်တဲ့အခါ
သမိုင်း စစ်စစ်မှန်သမျှ ဟာ
ထိခတ်လိုက်တိုင်း အသံမြည်တတ်တယ်ဆိုတာ
သမီး ခံစားနားလည်လာပါလိမ့်မယ် ။
အခုတော့
တဘဝလုံးစာ မှောင်မနေရဖို့အရေး
ခဏလေးသည်းခံပေးပါ .. သမီး ။
မေမေ့သမီးလေးကလေ
အတန်းအဆင့်သတ်မှတ်ချက်အရ
ဒုတိယ နေရာမှာ ရပ်တန့်နေရပေမယ့်
- ချစ်ခြင်းတရားနဲ့ ဉာဏ်ပညာမှာ
- လူသားဆန်မှု အနုပညာမှာ
- ရဲရင့်သူတို့သာရေးဆွဲနိုင်တဲ့ သမိုင်းတခုထဲမှာ
- လက်သီးဆုပ်သေးသေးလေးရဲ့ဘာသာဗေဒမှာ
တိတိကျကျ ဆာတီဖီကိတ်နဲ့
မူလတန်းအဆင့်အထိ အောင်မြင်ခဲ့တာပါ ။
အားမငယ်ပါနဲ့ သမီးလေး ရေ ...
အလင်းတခုခုကိုရတဲ့အထိ
အလင်းတနေရာရာကိုရောက်တဲ့အထိ
မေမေတို့ဆက်လျှောက်ကြဦးစို့လား
..
မေမေ့ လက်ကိုသာ တွဲထား
မေမေ့ စိတ်ကိုသာ ခိုထား
မေမေ့ ယုံကြည်ရာကိုသာ နင်းထား .. ။ ။
❤
ဆု ဘိုး မိ
( ၃၀.၅.၂၀၂၂ )
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar