Breaking News

ခါနွေဦး - တော်လှန်ရေးရဲ့ အနှစ်သာရနဲ့ ပုံသဏ္ဍာန်

ခါနွေဦး -  တော်လှန်ရေးရဲ့ အနှစ်သာရနဲ့ ပုံသဏ္ဍာန်
(မိုးမခ) မေ ၉၊ ၂၀၂၂

‘”စစ်အာဏာရှင်စနစ် ကျဆုံးရေး”နဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စု ပေါ်ထွန်းရေး” ဆိုတဲ့ ပန်းတိုင် နှစ်ခုဟာ ကွဲလွဲစရာ မလိုတဲ့ ပန်းတိုင်တွေ ဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဗျူဟာ၊ နည်းနာတွေကို ပြောတဲ့နေရာမှာတော့ အငြင်းပွါးစရာတွေ ကြုံလာကြရပါတယ်။

“စစ်ကို မုန်းလို့ စစ်တိုက်ရတယ်”ဆိုတဲ့ သဘောထားဟာ တကယ်တော့ သဘောတရားအရ ပိတ်မိနေတဲ့ သဘောပါပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ စစ်အစုအဖွဲ့အသစ်ပေါင်းများစွာ လိုအပ်/ပေါ်ထွက် လာရတာဟာ အင်မတန် ထိတ်လန့််ဖွယ် အနေအထားပါပဲ။ စစ်က အဖြေ ဖြစ်သွားရအောင် တွန်းပို့ခဲ့တဲ့ အခြေအနေတွေကို နားလည်ထားသလောက် စစ်ကိုပဲ အဖြေအဖြစ် ရွေးချယ်လိုက်ကြရတာကို နာကျင် စွာ တွေ့ကြုံနေရတာပါ။ အမှန်ကိုဆိုရရင် စစ်အာဏာရှင်စနစ်ကိုသာမက ‘စစ်ကို အဖြေ’အဖြစ် လက်ခံ ပေးရခြင်း အခြေအနေကိုပါ မလိုလားပါဘူး။ 

စစ်ဟာ ငြိမ်းချမ်းရေးအတွက် မဖြစ်မနေ ဖြတ်သန်းရမယ့် အနေအထားဆိုတာကိုက မှောင်လွန်းမည်း လွန်းတဲ့ အမှောင်ခေတ်ကို ရည်ညွှန်းနေတာ မဟုတ်ပါလား။ စစ်ဆိုရင် ရေကိုတောင် စစ်ပြီး မသောက် ချင်ဘူးလို့ ပြောခဲ့ကြသူတွေက ‘စစ်’ကို ကယ်တင်ရှင်အဖြစ် သဘောထားပြောင်းလိုက်ကြရတာဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် ပြောင်းလဲတိုးတက်လာမှုလို့ ပြောနိုင်မှာတဲ့လား။ ငြိမ်းချမ်းရေးကို စစ် မပါဘဲ ရအောင် မလုပ်နိုင်ကြတာဟာ လူ့အရာကျသွားကြတာမျိုးများလား။ လူသားတွေအနေနဲ့ ဒီ့ထက် လူသားဆန်ပြီး လူ့ဂုဏ်သိက္ခာ ပြည့်ဝတဲ့ ဖြေရှင်းမှုမျိုးတွေကို ရွေးချယ်လို့ မရလောက်အောင် အမှောင် ခေတ်ဟာ မှောင်မိုက်လွန်းနေပြီကိုး။ 

တကယ်တော့ ခုခံစစ်သက်သက်ဆိုရင် ဒီလောက်မှောင်တယ်လို့ ပြောရ ခက်မှာပါ။ ခုတော့ တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ ကိုယ့်ဘက်က မဟုတ်သူ၊ ကိုယ့်ရန်သူကို အားပေးသူဆိုတဲ့ အသိတစ်ခုတည်းနဲ့ တခြား လေ့လာစိစစ်စရာ အချက်အလက်တွေကို သိပ်အလေးမထားတော့ဘဲ ‘သတ်ဖြတ်စီရင်’လိုက်ကြဖို့ လွယ်ကူသလိုဖြစ်နေတဲ့ အနေအထားကသာ မှောင်လွန်းတဲ့အမှောင်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။ အမေကို မတွေ့လို့ သုံးနှစ်သားကို ဖမ်းခေါ်သွားတာမျိုး၊ ပီဒီအက်ဖ်ကို အားပေးတယ်လို့ သံသယ ရှိရုံနဲ့ သတ်ဖြတ်ဖမ်းဆီးလိုက်တာမျိုး၊ ဒလန်ဖြစ်သူလို့ သတ်မှတ်လိုက်ပြီး ပစ်ခတ်သတ်ဖြတ်လိုက်တာမျိုး ဒါတွေအားလုံးဟာ တည်ငြိမ်အေးချမ်းရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ရော ခုခံကာကွယ်မှုခေါင်းစဉ်နဲ့ပါ အကျုံးဝင်နေရဲ့လားလို့ မေးချင်စရာတွေပေါ့။ ‘စစ်’ကို အဖြေအဖြစ် သတ်မှတ်တာနဲ့ ဒါကိုပဲ ယုံကြည် ပေးဖို့ လှုံ့ဆော်တာကိုယ်တိုင်ဟာလည်း လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ကို ထိခိုက်နစ်နာစေတဲ့အရာ ပါပဲလေ။

တရားဥပဒေ စိုးမိုးမှုကို အာဏာလက်ဝယ်ကျင့်သုံးနေသူတွေက မျက်ကွယ်ပြုလိုက်တဲ့အတွက် အခုလို မှောင်လွန်းတဲ့ အနေအထားကို ရောက်လာရတယ်ဆိုတာလည်း သဘောပေါက်နိုင်ပါတယ်။ ဒါပေမဲ့ အနာဂတ်ပန်းတိုင်အတွက် ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို ဘယ်လိုမှ မေ့ချန်ထားလို့ မရတာကိုလည်း သတိပြုကြရတော့မှာပါ။ တော်လှန်ရေးကို အရင် လုပ်၊ စကစကို အမြစ်ဖြုတ်၊ ပြီးတော့မှ လူ့ရပိုင်ခွင့်နဲ့ တန်းတူညီမျှရေးဆိုင်ရာ သဘောတရား၊ အနှစ်သာရတွေ ကြွယ်ဝတဲ့ ဖက်ဒရယ်ဒီမိုကရက် လူ့အဖွဲ့အ စည်းကို တည်ထောင်ဖို့ စလုံးရေ စကြမယ်လို့ တွေးမယ်ဆိုရင်တော့ အချိန်တွေ ပုပ်ပြီး ခရီးရှည်ကြီးက ကျန်နေဦးမှာပေါ့။ တနည်းအားဖြင့် အရေးတော်ပုံကြီး မပြီးနိုင် မစီးနိုင် ဖြစ်ဦးမှာပေါ့။

အရေးတော်ပုံကြီး ပြီးဆုံးဖို့က လက်နက်ကိုင်တော်လှန်ရေးကို အခြေခံပြီး စစ်အာဏာရှင်စနစ် အမြစ် ပြုတ်နိုင်အောင် အားထုတ်တာက ပထမပိုင်း၊ နောက်မှ ဖက်ဒရယ်ဒီမိုကရေစီအတွက် လတ်တလော ဆွေးနွေးနေတဲ့ နိုင်ငံရေးပဋိဉာဉ်ကို ကျင့်သုံးလိုက်ကြရမှာက ဒုတိယပိုင်းလို့ တိကျပြတ်သားစွာ ပိုင်းခြားလို့ မရနိုင်ပါဘူး။ တော်လှန်ရေးဆိုရာမှာ အတွေးအခေါ် တော်လှန်ရေးကိုပါ ဆောင်ရွက်ကြရ မယ်ဆိုတာကို သဘောပေါက်ပြီး လုပ်နေသူတွေ ရှိနေကြပါပြီ။ ဒါပေမဲ့ တန်းတူညီမျှရေးဆိုင်ရာ အတွေးအခေါ်ပိုင်းကိုသာ ဆွေးနွေးမှု များနေပြီး ဒီမိုကရေစီရေးနဲ့ လူ့ရပိုင်ခွင့်ရေးရာတွေ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့တရားမျှတမှုဆိုင်ရာ အတွေးအခေါ်ပိုင်းမှာတော့ အားနည်းနေပါတယ်။ လူအုပ်ကြီးရဲ့ သဘောထားက အမှန်ပဲဆိုတာမျိုး ဖြစ်‌နေသေးသလိုတွေလည်း တွေ့မြင်နေရပါတယ်။ လွတ်လပ်စွာ တွေးခေါ်မြော်မြင်နိုင်ဖို့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုနိုင်ဖို့တွေမှာ လူအုပ်ကြီးရဲ့ဖိအားတွေ ရှိနေသေးတာကိုလည်း ဝန်ခံကြရပါမယ်။ 

အုပ်စုအင်အားကို လက်ခံယုံကြည်နေကြသေးတာဟာ လက်နက်အင်အားကို ဖက်တွယ်အားကိုးနေတာ လိုပဲ ယဉ်ကျေးမှု မရင့်ကျက်သေးတာပေါ့။ အုပ်စုတစ်စုနဲ့တစ်စုကြား အငြင်းပွါးကြတဲ့အခါ အချက် အလက် ခိုင်လုံရုံနဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးကောင်းပေးနိုင်မှာဖြစ်ပေမဲ့ အငြင်းပွါးမှုတစ်ခုလုံးရဲ့ နောက်ဆက်တွဲရလဒ်နဲ့ အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းတွက်ချက်ပြီး စဉ်းစားမယ်ဆိုရင်တော့ အငြင်းပွါးမှုကိုယ်တိုင်က အရှုံးဖြစ်သွားနိုင်တာပါပဲ။ ဒါကြောင့် အုပ်စုဖွဲ့ ငြင်းတဲ့အခါ တစ်စုကို တစ်စု ဝေ ဖန်ပြောဆိုတဲ့အဆင့်ထက် ကျော်လွန်ပြီး နှိမ်ချပြစ်တင်တာ၊ ခိုင်းနှိုင်းရှုံ့ချတာ၊ မခံချင်အောင် ထိုးနှက်ရင်း စော်ကားမော်ကား ဖြစ်သွားမိတာ အဲဒီလို တစ်ဖက်နဲ့တစ်ဖက် မမြင်ချင် မကြားချင် မရှိစေချင်လောက် တဲ့အထိ ဖြစ်မသွားဖို့ အရေးကြီးလှပါတယ်။ အဲဒီအထိ ဖြစ်သွားရင်တော့ လွတ်လပ်စွာ ပြောဆိုတာ မဟုတ်တော့ဘဲ အမုန်းစကား ပွါးများတာ ဖြစ်သွားတဲ့အတွက် အငြင်းပွါးမှုကိုယ်တိုင်က အရှုံး ဖြစ်သွား မှာပါပဲ။ 

ဒီနိုင်ငံနယ်နမိတ်ထဲမှာ မှီတင်းနေထိုင်နေကြသူတွေဟာ လူမျိုးအနေနဲ့ဆို ရှစ်မျိုးမကသလို အဲဒီလူမျိုး ခေါင်းစဉ်တွေအောက်မှာ အကျုံးဝင်ဖို့ခက်တဲ့ ကပြားတွေ ဘာသာရေးလူစုတွေလည်း အများကြီး ရှိနေတာပါ။ အဲဒီလို အစုအဖွဲ့တိုင်းမှာ သတ်မှတ်နယ်မြေဆိုတာမျိုး၊ အစုအဖွဲ့ပိုင် လက်နက်ကိုင်တပ်ဖွဲ့ဆို တာမျိုးလည်း ရှိမနေကြပါဘူး။ ဒီတော့ အဲဒီအရာတွေကို ပိုင်ဆိုင်ထားကြတဲ့ အစုအဖွဲ့တွေကသာ နိုင်ငံရေးတန်းတူခွင့်ကို အခွင့်ထူးခံကြရမယ့်သဘော ပြောဆိုနေကြတာဟာလည်း အတော်ကြီး စိတ် မကောင်းစရာပါပဲ။ ကျန်တဲ့ နယ်မြေလည်း မပိုင်၊ လူမျိုးလည်း အရော၊ ဘာသာလည်း အနည်းစုသမား တွေကို မစာနာရာ လျစ်လျူရှုရာလည်း ရောက်နေပါတယ်။ နောက်တစ်ခုကတော့ ဘယ်လိုပဲ အဲဒီ အချက်တွေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရကြ၊ နောက်ဆုံး ဖက်ဒရယ်ကို ကျော်ပြီး  ကွန်ဖက်ဒရိတ် ကိုတောင် အားမရလို့ ခွဲထွက်ကြမယ်ဆိုတာမျိုး ဖြစ်လာရင်တောင် အဲဒီလိုအနည်းစုတွေအတွက် ဒီမို ကရေစီဆိုတာကို ဘယ်လိုအာမခံပေးကြမှာပါလဲ။ နယ်နမိတ်တွေ ဘယ်လိုပဲ ပိုင်းခြားသတ်မှတ်လိုက် ပါစေ အချင်းချင်းတွေကြားမှာ အိမ်နီးချင်းဆိုတဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေဦးမှာပဲမို့ ရှေ့မှာ ဘယ်လိုပုံစံနဲ့ အိမ်နီးချင်း ဆက်လုပ်ကြမှာပါလဲ။ ဒီမေးခွန်းတွေကို ခုကတည်းက ဖြေထားကြမှ ဖြစ် မှာပါ။

ဒါကြောင့် တော်လှန်ရေးအတွက် စစ်ကို အဖြေအဖြစ် အားထည့်နေကြခိုက်မှာတင် ဒီမိုကရေစီဆိုတာကို လည်း မျက်ခြည်မပြတ် ကျင့်သုံးနေကြဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်နေကြဖို့ လိုပါတယ်။ ဒါမှပဲ ပန်းတိုင်အတွက် လမ်းခရီးကိုယ်တိုင်က အနှစ်သာရရော အသွင်သဏ္ဍန်မှာပါ အောင်မြင်တင့်တယ်မှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar