Breaking News

မိုးမြင့်ယံ - အကျဉ်းသား

အကျဉ်းသား
မိုးမြင့်ယံ
(မိုးမခ) မေ ၁၆၊ ၂၀၂၂

နာရီသံချောင်းခေါက်သံငါးချက်ကြားလိုက်ပြီးနောက် အဆောင်ထဲရှိလူအားလုံးတို့သည် အိပ်မှုန်စုံမွှားနဲ့ နိုးထလာကြရလေပြီ။
ထိုနောက် ငါးယောက်တတန်းစီတန်း၍ စနစ်တကျထိုင်ပြီးလူစစ်ခံကာ ဘုရား ရှိခိုးခြင်းအမှုကို ဝတ်မပျက် ညီညီညာညာဦးချကန်တော့ကြရပေတော့သည် ။
ပြီးနောက် အကျဉ်းထောင်စည်းကမ်းချက် ၁၈ ချက်ကိုရွတ်ဆို၍ အဆောင်တံခါးဖွင့်ရန် စောင့်ဆိုင်းကြရပြန်ပါသည်။
မကြာခင် ထမင်းကြော် သို့မဟုတ် ဆန်ပြုတ် တခုခုကိုတာဝန်ကျ အကျဉ်းသားတို့က လာရောက် ပေးဝေကြပေတော့မည်။
ထိုနောက် ရေနွေးလာပို့သော အကျဉ်းသားတို့သည် သတ်မှတ်ထားသောပုံးအတွင်းသို့ရေနွေးမပူတပူများကို သွန်းလောင်း၍ ထည့်ပေးခဲ့ကြလေသည်။
ရေနွေးစောင့်နေသောကျွန်တော်သည် ကော်ဖီမစ်ထုပ်လေးကိုကိုင်ကာ ရေနွေးရှိရာနေရာသို့ ဖြည်းဆေးညင်သာစွာ တရွေ့ရွေ့။
နိုင်ငံတော်ကကျွေးသောထမင်းကြော်နဲ့ ဆန်ပြုတ်သည် ကျွန်တော့်အတွက်တော့ သဟာဇာတမတည့်သော မနက်စာများပင်ဖြစ်နေသည်လေ။
အရာအားလုံးပြီးစီးသွားသောအခါ ၌ ကျွန်တော်တို့သည် ငြိမ်သက်တိတ်ဆိတ်စွာ ကိုယ့်နေရာလေးမှာဝိုင်းဖွဲ့လျက် ဆွေးမြေ့စရာကောင်းသော အတိတ်နေ့ရက်တို့ကိုပြန်လည်မျှဝေရင်း ငိုချင်စရာနေ့ရက်တို့အား ရီမောပစ်ခဲ့ကြရလေသည်။
မနက်ခင်း ၇ နာရီ၏နေရောင်ခြည်သည် သံတိုင်များကြားကဖြာကျလာကာ ကျွန်တော့်မျက်နှာပေါ်သို့ ဦးစိုက်ဆင်းသက်လာခဲ့ပြန်သည်။
နေ့သစ်တခုရဲ့အစပြုခြင်းမှာ အိမ်ပြန်ချိန်တွေကို ငေးမျှော်အကြည့် မေမေနေမှကောင်းပါရဲ့လား။
စိုးထိတ်မှု့တို့သည် ရင်မှာတနင့်နင့်ဖြင့် စိတ်တို့၏လားရာသို့ ရုပ်ခန္ဓာသည်လိုက်ပါနိုင်စွမ်းမရှိကာ ပကတိအသက်မဲ့စွာ ငြိမ်သက်။
အလင်းရောင်တို့သည် စူးရှလင်းပွင့်မှု နှင့် အတူ ကမ္ဘာမြေပေါ်သို့  ပြိုဆင်းကျလာလေပြီ၊ နေရောင် အောက်က အရိပ်များသည်ပင် အတိတ်တို့ဖြစ်လေမည်လား။
မေးခွန်းတို့သည်ပင် အဖြေမရှိနိုင်သော ပုစ္ဆာများပင်ဖြစ်နေသည်လားမသိ။ .
အချိန်နာရီတို့သည် အဘယ်ကြောင့်များ ကုန်နိုင်ခဲကြလေသနည်း။ .
မနက်ဖြန်တို့ သည် ဒီလို နေရာ၌ ဝေးကွာလွန်းလှပေသည်။
ဘုရားဟော တရားဓမ္မတို့၌ ဝဋ်ကြွေးဟု သိမှတ်ခဲ့ဖူးပါရဲ့လေ  သို့သော် ငယ်စဉ်ခလေးဘဝကတည်းက ကြက်ကလေး ငှက်ကလေးများကိုလှောင်ချိုင့်ထဲမှာ ရှိနေခြင်းမျိုးကို ကျွန်တော်သည် မမြင်လိုခဲ့ပါပေ။
သို့ပါသော်လည်း  ဘဝရဲ့တဆစ်ချိုးသည် ရုပ်ရှင် ပိတ်ကားထက်ပေါ်က မိုးထစ်ချုန်းသော မှောင်မိုက်နေ့ရက်တို့ကဲ့သို့ ဖြစ်နေသည်ပင်။
လင်းပွင့်မှုကို အာသာငမ်းငမ်းဆာလောင်နေမိသော လူငယ်တယောက်ရဲ့ နေ့ရက်တို့သည် အဘယ်ကြောင့်များ အခန်းကျဉ်းလေးထဲ၌ ကုန်ဆုံးရမည်နည်း ။
စိတ်တို့ကိုရွက်လွှင့်ကြည့်ဖို့ရာ အခန်းထောင့်လေး၌ တကိုယ်ရေ တိတ်တဆိတ် ငြိမ်သက်နေမိပြန်သည်။
ပြင်ပကမ္ဘာနဲ့ ပြတ်တောက်မှုမှာ ကျွန်တော့်ရဲ့ဆိုးသွမ်းမိုက်မဲမှုတို့သည်လည်း တထောင့်တနေရာက အားဖြည့်ပေးခဲ့ခြင်းပင်ဖြစ်မည်ထင်ပါရဲ့။
မကြာခင်မှာပင် ဝဋ်ကောင်များကိုရချိုးခွင့်ပေးဖို့ရာအတွက် အဆောင်တံခါးကို ဖွင့်ပေးတော့မည်။
ရေချိုးချိန်နာရီဝက်အတွင်းဟာ နရသိန်စံတို့ရဲ့တဒင်္ဂလွတ်လပ်ခွင့်ပင်ဖြစ်သည်။
ထို့နောက် ထမင်းစားဖို့ရန်အတွက် ကော်ခွက်လေးတွေ ကိုယ်စီကိုင်ကာဖြင့် ထပ်မံ၍ စောင့်ဆိုင်းရပြန်ဦးမည်။
သက်ရှိကျောက်ရုပ်တို့ရဲ့စီတန်းမှု မြင်ကွင်းသည် ရိုးမသွားနိုင်သောသက်ငြိမ်ပန်းချီကားတချပ်အလား။
ထမင်းရယူပြီးနောက်မှာတော့ အခန်းကျဉ်းလေးထဲမှာ ကိုယ့်အစုလေးနဲ့ကိုယ် အသက်ဆက်ဖို့ကြိုးစားရင်း အားတင်းကြိတ်မှိတ်ကာ အသက်ဓာတ်ကလေးကိုမွေးယူကြရပြန်ပေသည်။
နာရီသံတချပ်ချပ်တို့သည် ဝဋ်ကောင်များအတွက်တော့ တစ္ဆေတကောင်ရဲ့ ညည်းညူသံများလို ခြောက်လှန့်ကြောက်ရွံ့စေသည်ပင်။
မနက်ဖြန်တွေကိုလှမ်းမျှော်အကြည့် ငှက်ကလေးတကောင်ကဲ့သို့သာ လွတ်လပ်စွာပျံသန်းခွင့်ကိုရချင်မိနေပြန်သည် ယုံကြည်ရာတွေကိုထမ်းပိုးရင်းဖြစ်ပေါ့လေ။
ဘဝတူတွေကို ဝေ့ဝဲအကဲခတ်မိပြန်တော့ တချို့က အိမ်လွမ်းစိတ်နဲ့ မှိုင်တွေငးမောတချို့ကြပြန်တော့လည်း ပျော်စရာတွေကို ရှာကြံဖန်တီးရင်း စိတ်ဒဏ်ရာတွေကို မေ့ပျောက်ဖိုကြိုးစား ဒါပေမဲ့ စိတ်ရောရုပ်ပါအကျဉ်းကျနေရတဲ့ ဘဝတွေမှာ ပျော်စရာဆိုတာ စကားလုံး သက်သက်သာဖြစ်နေခဲ့ပြန်သည်ပဲလေ ။
ပြစ်မှုအမျိုးမျိုး ပြစ်ဒဏ်အဖုံဖုံနဲ့ ဘဝတူအကျဉ်းသားတို့ကိုကြည့်ရင်း လောကရဲ့ဓမ္မကို ဆန်းစစ်ကြည့်နေမိပြန်သည်။
လှလှပပလေးကင်ပွန်းတပ်ထားသော နရသိန်ဆိုတဲ့ စကားစုနောက်က လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသော အကျဉ်းသားတို့ မည်ရွေ့မည်မျှရှိနေနိုင်ပေမည်နည်း ။
ထိုထိုသောအတွေးစတို့အား ဖြတ်တောက်ပြီး ကျွန်တော်သည် ကိုယ့်နေရာလေးမှာ လှဲလျောင်းကာသာ  စိတ်တို့အားဖြေလျော့၍ မနက်ဖြန်တို့အား အားတင်းရင်း စောင့်ဆိုင်းရပေဦးတော့မည် ။

                             ချစ်ခြင်းမေတ္တာများဖြင့်
                             မိုးမြင့်ယံ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar