Breaking News

ကိုကျော် (မြစ်ကြီးနား) - ယူကရိန်းစစ်ပွဲ တစ်ဆစ်ချိုးပြောင်းလဲမှု အရိပ်အယောင် အနည်းငယ်ရှိလာ


ကိုကျော် (မြစ်ကြီးနား) - ယူကရိန်းစစ်ပွဲ တစ်ဆစ်ချိုးပြောင်းလဲမှု အရိပ်အယောင် အနည်းငယ်ရှိလာ 
(မိုးမခ) မေ ၁၆၊ ၂၀၂၂

လွန်ခဲ့တဲ့တပတ်လောက်မှာပဲ ယူကရိန်းအရှေ့နဲ့တောင်ပိုင်းမှာ ရုရှားတပ်တွေရဲ့ အခြေအနေ အထွတ်အထိပ်တစ်ခုကို ရောက်ခဲ့တယ်လို့ မြင်ရပါတယ်။ ဆိုလိုတာက ရုရှားတပ်တွေက တိုက်စစ်ဆင်နွဲရာကနေ ခံစစ်အနေအထားသို့ ပြောင်းသွားခဲ့ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းတပ်တွေက ခံစစ်အခြေအနေမှ တိုက်စစ်အသွင်သို့ ကူးပြောင်းလာတာကို မြင်ခဲ့ရပါတယ်။

အထူးသဖြင့် Kherson နဲ့ Kharkiv ဒေသတို့မှာ ပိုပြီးထင်ရှားပါတယ်။ တောင်ပိုင်းဒေသ Kherson မှာဆိုရင် ယူကရိန်းက ရုရှားတွေ နောက်ဆုတ်သွားအောင် တွန်းထုတ်နိုင်ခဲ့ပြီး ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ရုရှားရဲ့ နယ်မြေသိမ်းပိုက်ဖို့ အစီစဉ်က အတော်လေးခက်ခဲသွားမှာ ဖြစ်ပါတယ်။

အရှေ့မြောက်ပိုင်းက Kharkiv မှာဆိုရင်လည်း မြို့ကို အမြောက်လက်နက်များနဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးမှ လွတ်ကင်းတဲ့နေရာအထိ ရုရှားကို တွန်းထုတ်နိုင်လုနီးပါး ရှိလာခဲ့ပါတယ်။ တစ်နေရာမှာဆိုရင် ရုရှားကို နိုင်ငံတကာနယ်နိမိတ်နဲ့ ၂-၃ ကီလိုမီတာအတွင်းအထိ တွန်းထုတ်နိုင်ခဲ့ပါတယ်။ ရုရှားမှ Izyum မှာရှိနေတဲ့ သူတို့ရဲ့တပ်ဖွဲ့ဆီသို့ ပို့ဆောင်ပေးနေတဲ့ အဓိက ထောက်ပံ့ရေးလမ်းကြောင်းတစ်ခုကို ဖြတ်တောက်နိုင်တဲ့ အနေအထား ရှိလာပါတယ်။

Izyum မြို့ဆိုတာက အရှေ့ပိုင်းမှ ယူကရိန်းတပ်ဖွဲ့များကို ဝိုင်းရံပိတ်ဆို့ဖို့ Kharkiv နဲ့ Mariupol မြို့များသို့ ချီတက်ပူးပေါင်းဖို့ ကြိုးစားခဲ့ချိန်က ရုရှားတပ်ဖွဲ့များ စုစည်းတပ်စွဲခဲ့တဲ့မြို့ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို လေ့လာစောင့်ကြည့်သူများက မြို့တော်ကိဗ် (Kyiv) တိုက်ပွဲကို အမှတ်ရနေကြမှာ ဖြစ်ပါတဘ်။ အဲဒီမှာ ယူကရိန်းတပ်ဖွဲ့များက ရုရှားတို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အဓိကအာရုံစိုက်ပြီး ဟန့်တားနှောင့်ယှက်ခဲ့တယ်၊ အရေအတွက်နည်းတဲ့ ရုရှားတပ်ဖွဲ့လေးတွေကို ဝိုင်းရံထားခဲ့ပြီး ချေမှုန်းနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ရုရှားတို့ကို ကိဗ်မြို့တော် မြောက်ဖက်ခြမ်းအထိ ဆုတ်ခွာသွားစေခဲ့ပါတယ်။ 

အခုအခါမှာလည်း အလားတူ အခြေအနေမျိုး စပြီးမြင်နေရပါတယ်။ ဘာတွေဆက်ဖြစ်လာနိုင်မလဲ? အကြမ်းဖျဥ်းပြောရရင် စစ်ပွဲက အချိန်ကြာရှည်လာလေ ရုရှားတွေထက် ယူကရိန်းတို့အတွက် အခြေအနေပိုကောင်းလာမှာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ စိတ်ဓာတ်ရေးရာပိုင်း မြင့်မားနေပြီး အနောက်နိုင်ငံများနဲ့ နေတိုးအဖွဲ့ဝင်တို့ရဲ့ စစ်လက်နက်ထောက်ပံ့မှုကလည်း အရှိန်အဟုန်မြင့်လာပါတယ်။ နောက်ပြီးတော့ ယူကရိန်းက တိုက်စစ်အနေအထား ဖြစ်နေပါတယ်။

ရုရှားတို့က စိတ်ဓာတ်ပိုင်းမှာ ကျဆင်းနေပြီး တချို့နေရာမှာ လုံးဝပျက်စီးနေပါတယ်။ သူတို့ရဲ့ထောက်ပံ့ရေးဖက်မှာ အခက်အခဲရှိနေပြီး ဥပမာအားဖြင့် ပစ်မှတ်တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်များ ပြတ်လပ်လာမှုလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် လက်နက်ပစ္စည်းကိရိယာအသစ်များ ထုတ်လုပ်နိုင်စွမ်း ပိုပြီးခက်ခဲလာပါတယ်။

ရုရှားတို့ရဲ့ အထွတ်အထိပ် အခြေအနေတစ်ခု ရောက်လာပြီလို့ ယူဆရပြီး စစ်မြေပြင်မှာ ယူကရိန်းရဲ့ထိုးစစ်ဆင်မှု ပိုပြီးရဲရင့်လာမှု ဥပမာ ရုရှားတပ်ကို ဝိုင်းရံထားနိုင်မှု နဲ့ ညွှန်ကြားကွပ်ကွဲမှု စခန်းများကို တိုက်ခိုက်မှု စသဖြင့် မြင်လာရပါတယ်။ စစ်ပွဲအခြေအနေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတယ်။

အကယ်၍ ယူကရိန်းဖက်မှ သေချာစီမံနိုင်ခဲ့ရင် အခုလို အနေအထားမျိုးမှာ ရုရှားတို့ကို ကြောက်ရွံ့ထိတ်လန့်သွားအောင် နဲ့ ပြိုကျသွားအောင် ဖန်တီးနိုင်ပါတယ်။ နေရာအများအပြားမှာ ရုရှားတပ်များ အလွန်အကျွံ ဖြန့်ကျက်ထားတာကြောင့် ဥပမာအားဖြင့် ဒွန်ဘတ်နဲ့ ခရိုင်မီးယားကြား ရုရှားတို့ရဲ ကမ်းရိုးတန်းချိတ်ဆက်ထားမှုကို အလွယ်တကူ ဖြတ်တောက်လိုက်လို့ ရပါတယ်။

ဒါကြောင့် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ခဲ့ရင် ရုရှားတပ်ဖွဲ့ကြားမှာ ကြောက်ရွံ့တုန်လှုပ်မှုများဖြစ်ပေါ်အောင် အာရုံစိုက်ပြီးဖန်တီးဖို့ ကြိုးစားသင့်ပါတယ်။ ဒီလိုနည်းအားဖြင့် ရုရှားတပ်ဖွဲ့များ လုံးဝပြိုပျက်သွားနိုင်ပါတယ်။ ဒါဟာ ယူကရိန်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရုရှားတို့ကို နယ်မြေမှမောင်းထုတ်ပစ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

(ကိုးကား။ ။ Dr Mike Martin ရဲ့ မေလ ၁၄ ရက်၊ ၂၀၂၂ မှ လေ့လာသုံးသပ်ချက်ကို ကိုးကားထားပါတယ်။ လန်ဒန် King's College London မှ စစ်ပွဲဆိုင်ရာဘာသာရပ် ပါရဂူဖြစ်ပြီး၊ စစ်ပွဲပဋိပက္ခများနှင့် ပတ်သက်ပြီး စာအုပ်ရေးသားသူ၊ သတင်းမီဒီယာများမှာ စစ်ပွဲဆိုင်ရာ လေ့လာသုံးသပ်သူလည်း ဖြစ်ပါတယ်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar