Breaking News

နိုင်ငံတကာသာဂိ - အမုန်းနဲ့လူသတ်တဲ့ အစားထိုးသီအိုရီ (Replacement Theory)

နိုင်ငံတကာသာဂိ - အမုန်းနဲ့လူသတ်တဲ့ အစားထိုးသီအိုရီ (Replacement Theory) 
(မိုးမခ) မေ ၁၈၊ ၂၀၂၂

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က ရွှေ့ပြောင်းခိုလှုံမြန်မာတိုင်းရင်းသားများ နေထိုင်ကြတဲ့ ဘတ်ဖဲလိုးမြို့မှာ သေနတ်ပစ်ခတ် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၁၈ အရွယ် လူဖြူလူငယ်တဦးက လူမည်းအများစုစျေးဝယ်လေ့ရှိတဲ့ မားကက်ထဲဝင်ပြီး လူမည်းတွေကို အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ပါတယ်။ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြတယ်။ လူသတ်သမားက ကျည်ကာအကျီတွေ ခမောက်တွေ အကာအကွယ်တွေ အပြည့်အစုံဝတ်ထားတော့ သူ့ကို လုံခြုံရေးရဲတွေက ပစ်ခတ်နှိမ်နင်းဖို့ရာ ခဲယဉ်းခဲ့တယ်။ နောက်ဆုံး သူက လက်နက်ချအဖမ်းခံလို့ အရှင်ဖမ်းမိတယ်။ သူက လူမည်းတွေကို ပစ်ခတ်သတ်ဖြတ်နေချိန်တလျောက်လုံး ခမောက်ထိပ်မှာ အွန်လိုင်းကင်မရာတတ်ပြီး လိုက်ဗ် ထုတ်လွှင့်ပြသနေခဲ့တယ်။ အင်တာနက်ကုမ္မဏီတွေက ၂ မိနစ်အတွင်း ဖြတ်တောက်နိုင်ခဲ့ပေမယ့် သူ့လူသတ်ပွဲကို လူပေါင်း သန်းချီ ကြည့်ပြီး ဆက်လက်ကူးယူ ဖြန့်ဝေပြီးသွားခဲ့ပြီ။ 

သူ ဘာလို့ ဒီလို လူသတ်မှု လုပ်ကြံသတ်ဖြတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ အများသိအောင် ကျုးလွန်ခဲ့ရတာလဲ။ အမုန်းတရားနဲ့ အစွန်းရောက်အယူအဆတွေ၏ တွန်းကန်မှုကြောင့် သူ လူသတ်တာ ဖြစ်ပါတယ်။ လူမည်းတွေကို မုန်းတယ်၊ လူမည်းတွေဟာ လူဖြူတွေကို ဖယ်ရှားပစ်ပြီး သူတို့ကို လူ့ဘောင်မှာ မရှိတော့အောင်လုပ်နေတယ်။ အခြားအသားအရောင်ရှိတဲ့ အခြားလူမျိုးတွေနဲ့ အစားထိုးဖို့ လုပ်နေတယ်ဆိုတဲ့ လုပ်ကြံဝါဒဖြန့်မှု အမှားသီအိုရီ - Replacement Theory ကို ကိုင်စွဲပြီး တရားဥပဒေမဲ့ မင်းမဲ့စရိုက် အကြမ်းဖက်မှုကို ကျုးလွန်တာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုကြီးက အစွန်းရောက်လူဖြူအုပ်စုတွေကလွဲလို့ ကျန်တဲ့ပြည်ထောင်စုသားတွေ အားလုံး အံ့ဩတုန်လှုပ် စက်ဆုပ် ထိခိုက်သွားကြတယ်။ ခေါင်းဆောင်တွေ အများအပြားက ဒီလူဖြူအစွန်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက်မှု လူသတ်ဝါဒကို တခဲနက် ရှုတ်ချပြစ်တင်ကြတယ်။ အစားထိုးသီအိုရီဟာ လူဖြူအစွန်းရောက် လူမျိူးကြီးဝါဒီတွေ ကေသုံးလုံးဂိုဏ်းသားတွေ နာဇီတွေ ဟစ်တလာမျိုးဆက်တွေရဲ့ အမုန်းလူသတ်ဝါဒအဖြစ် လူအများက သတ်မှတ်ပြီး တိုက်ထုတ် ဖယ်ရှားကြဖို့ တိုက်တွန်းကြတယ်။ ကြွေးကြော်ကြတယ်။

အစားထိုးသီအိုရီဆိုတာ လူဖြူ လူမျိုးကြီးဝါဒီတွေ နှစ်ပေါင်းများစွာ ယုံကြည်သက်ဝင်ကိုင်စွဲတဲ့ အစွန်းရောက်ဝါဒဖြစ်တယ်။ ဂျုးလူမျိုးတွေကို မုန်းတီးတာလဲ ပါဝင်တယ်။ ဂျုးတွေက လူနည်းစုတွေဖြစ်တဲ့ အာရှသားတွေ လူမည်းတွေ လူညိုတွေ တောင်အမေရိကန်သားတွေကို နောက်ကွယ်က ကြိုးကိုင် အားပေးထောက်ခံပြီး လူဖြူတွေရဲ့ နေရာ ပျောက်ဆုံးသွားအောင် လုပ်နေတယ်ဆိုတဲ့ conspiracy theory မုသားဝါဒကို လူဖြူလူမျိုးကြီး ဆင်းရဲချမ်းသာမရွေးက ယုံကြည်နေကြတယ်။ ဒေါ်နယ်ထရန့်အပါအဝင် ရီပတ်ဘလစ်ကန်ပါတီထဲက အစွန်းရောက်တွေကလည်း ဒါကို ကိုင်စွဲပြီး နိုင်ငံရေးလုပ်စားတယ်။ Fox News လို သွေးထိုးလှုံ့ဆော်မီဒီယာတွေကလည်း သူတို့အကျိုးစီးပွားအတွက် အဲသည်ပရိသတ်ကို ဆွဲဆောင်တယ်။ လူဖြူအရင်းရှင်အစွန်းရောက်တွေကလည်း လူဖြူ ပညာမဲ့ ပစ္စည်းမဲ့တွေကို သည်လုပ်ကြံမှုတွေနဲ့ သွေးထိုးလှုံ့ဆော်ပြီး အမြတ်ထုတ် ခြယ်လှယ်ကြတယ်။ 

လူဖြူအစွန်းရောက်ဝါဒီတွေက ဘာတွေ လုပ်ကြံခဲ့ကြသလဲ။ စိးပွားရေးအရ အရင်းရှင်ကြီးတွေ ကိုယ်တိုင် အမေရိကန်အပြင်ထွက်ပြီး ငွေရှာကြတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အောက်ခြေအလုပ်သမားလူတန်းစား လူဖြူတွေကို ပြည်ပက နိုင်ငံသားတွေက မင်းတို့အလုပ်တွေ လုယူကုန်ပြီလို့ ဝါဒဖြန့်တယ်။ လုပ်ခလစာ စျေးပေါပေါနဲ့ အလုပ်လာလုပ်တဲ့ ပြည်ပကလူမျိူးပေါင်းစုံကိုလည်း ရန်သူလိုမြင်အောင် ပြည်တွင်းက မင်းတို့အလုပ်တွေ လာလုတယ်လို့ မှိုင်းတိုက်တယ်။ လူမဖြူတဲ့သူတွေက စီးပွားရေး လူမှုရေး နိုင်ငံရေး ဩဇာတွေ ထူထောင် အာဏာတွေ လုယူပြီး လူဖြူတွေကို မောင်းထုတ်တော့မယ် ဖယ်ရှားတော့မယ်လို့လဲ ဝါဒဖြန့်ကြတယ်။ အမုန်းတရားကို မွေးဖွားပြီး လူနည်းစုတွေ လူမျိုးမတူတဲ့သူတွေကို လက်နက်နဲ့ တိုက်ခိုက် သတ်ဖြတ်ပစ်ရမယ်လို့လဲ ကြိတ်ပြီး တရားဟောကြတယ်။  

ထရန့် အမေရိကန်သမတ ဖြစ်ပြီးနောက်မှာ လူဖြူကြီးစီုးရေးအစွန်းရောက်ဝါဒဟာ ရှေ့တန်းရောက်လာတယ်။ ပေါ်ပေါ်ထင်ထင်ကို နေရာယူတယ်။ ၂၀၂၁ ဇန်နဝါရီ ၆ အမေရိကန်လွှတ်တော်ကို လူဖြူအစွန်းရောက်တွေ စုဝေးပြီး ကျုးကျော်အာဏာလုဖို့ ကြိုးစားခဲ့ကြတာဟာ သက်သေဖြစ်ပါတယ်။ အမေရိကန်ပြည်မှာ ပြည်သူတွေအားလုံး သာတူညီမျှဖြစ်ဖို့ စောင့်ရှောက်ဖို့ လုပ်ခလစာ လောက်ငှဖို့၊ လူမှုအဆင့်အတန်း ပညာရေး ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ကြဖို့ အစိုးရတွေကြိုးစားတိုင်းမှာ အဲသည် လူဖြူအစွန်းရောက်တွေက အစားထိုးသီအိုရီထုတ်လာပြီး တိုးတက်ပြုပြင်ရေးတွေ နှောင့်နှေးအောင်လုပ်ကြတယ်။

ဒီနောက်ဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ နောက်ဆုံးတော့ ဖြစ်မှာမဟုတ်ပါဘူး။ အမေရိကန်ပြည်သူတွေ အမေရိကန်အစိုးရ၊ နှစ်ဘက် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ နိုင်ငံရေးသမားတွေကိုယ်တိုင်က ကိုယ်ကျိုးကို ဘေးဖယ်ပြီး တိုင်းပြည်အကျိုး အများအကျိုးကို ရှေ့တန်းတင် ဆွေးနွေး တိုင်ပင်ကြဖို့ လိုပါတယ်။ လူဖြူကြီးစိုးရေး အစွန်းရောက်ဝါဒတွေ ဝါဒီတွေကို ကန့်သတ် ဖယ်ရှား အားနည်းသွားအောင် လုပ်ဖို့ လိုနေပါတယ်။

မြန်မာပြည်မှာဆိုရင် ဗမာတွေချည်းကနေ တိုင်းရင်းသားတွေကို လှောင်ပြောင် ပြက်ရယ်ပြုတာ၊ မိန်းမ၊ ကလေး၊ အခြောက်၊ ယောကျားလျာ၊ လူမျိုးခြားဆိုပြီး ခွဲခြား နှိမ်ချ ဆက်ဆံတာ၊ ဘာသာမတူလို့ ချုပ်ခြယ်တာတွေ၊ လူနည်းစုတွေနဲ့ လူများစုတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ နိုင်ငံရေး စီးပွားရေး ဘာသာရေးခေါင်းဆောင်တွေက လုပ်ကြံသွေးခွဲ ဖန်တီးနေကြတာတွေ အခု နွေဦးတော်လှန်ရေးကာလမှာ မြန်မာအများစုက သဘောပေါက် ရိပ်မိ မြင်သိလာကြပါပြီ။ ဂျင်းတွေဆိုပြီး ဖယ်ရှားလို့ စစ်အာဏာရှင် စစ်ခေါင်းဆောင်တွေ စစ်အုပ်စုတွေ အလိုတော်ရိတွေ နောက်လိုက်တွေကိုလည်း တွန်းလှန်ကြဖို့ လိုတယ်ဆိုတာ သိနေကြပါပြီ။ ဒီခရီးက တိုတိုလေး မဟုတ်ပါဘူး။ အခု အမေရိကန်ပြည်ထောင်စုမှာ အမြစ်စွဲနေပြီး အမြဲတမ်း ခြိမ်းခြောက် နှောက်ယှက် အမုန်းပွား လူသတ်ခိုင်းနေတဲ့ အစားထိုးသီအိုရီ လူဖြူကြီးစိုးရေး အစွန်းရောက်ဝါဒ သဘောတရား ကိုယ်တိုင် နှစ်ပေါင်း ရာချီ ရှိနေတာ အခု ဖြစ်ရပ်က သက်သေပြလျက်ရှိပါတယ်။

မြန်မာပြည်သူတွေကိုယ်တိုင်လဲ အစားထိုးသီအိုရီတွေနောက် ငါးပါးမမှောက်ကြဖို့ လိုအပ်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar