Breaking News

ကိုမြရည် - ဇွန်ဘီးယာဒ်ဝန်း

ဇွန်ဘီးယာဒ်ဝန်း
ကိုမြရည်
(မိုးမခ) မေ ၁၈၊ ၂၀၂၂

          အဖြစ်အပျက်တွေက ကြာခဲ့ပါပြီ။ ဘယ်လောက်အထိအောင် ကြာခဲ့ပြီလဲဆိုရင် သူ့ကျွန်မခံပြီဆိုတဲ့ ဝတ္ထုကြီးတောင် ရုပ်ရှင်မဖြစ်သေးဘူး။ ၃ပေရှည်တဲ့ သံလမ်းအတိုတချောင်းဟာလည်း ပေါင်၆၀လောက်ပဲ လေးလံလိမ့်ဦးမယ်။ 
           အဲသည်တုန်းက Zombies´ဇာတ်လမ်းတွေ မြန်မာပြည်မှာ ခေတ်မစားသေးဘူး။ စုန်း၊သရဲ၊တစ္ဆေ၊မှင်စာ၊ဖုတ်၊ပြိတ္တာလောက်ကိုပဲ ကြောက်ရမယ်လို့ ထင်နေကြတဲ့ အချိန်တုန်းကပေါ့။ 
          တကယ်တော့ အဲတာတွေဟာ ပါးပါးလေးပါပဲ။ သမိန်ဗရမ်းကို တစ္ဆေကိုက်လိုက်တော့ သမိန်ဗရမ်းတစ်ယောက်ပဲ သေသွားခဲ့တယ်လေ။ သမိန်ဗရမ်းက တစ္ဆေမဖြစ်ခဲ့ပါဘူး။ထပ်ပြီးလည်းမကိုက်တော့ပါဘူး။

(၁)
           လူတယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို မဝေဖန်သင့်ဘူးလို့ ဆိုကြတယ်။  ကုမ္ပဏီတချို့မှာ ဝန်ထမ်းအချင်းချင်း အဲလိုမျိုး ဝေဖန်မိရင် အလုပ်တောင် အဖြုတ်ခံရသတဲ့။ ဝတဲ့သူကို ပိန်လိုက်တာလို့လည်း ပြောလိုက်ရင် ခနဲ့တဲ့တဲ့ 'ရိ'သလို ဖြစ်သွားပြန်မှာ။ ပိန်တဲ့သူကိုလည်း ဝလိုက်တာလို့ ပြောလို့မရဘူး။ အဲတာဆိုလည်း သရော် သလိုပဲ ဖြစ်မှာပေါ့။ 
          ပြီးတော့ရှိသေးတယ် ဝနေတာကိုလည်း ဝတယ်လို့မပြောရဘူး၊ ပိန်နေတာကိုလည်း ပိန်တယ်လို့ မပြောရဘူးတဲ့။ သဘောကတော့ ဘာမှမပြောလေလေ ကောင်းလေလေပေါ့။
         အဲ့ဒီလိုကျင့်ဝတ်ဆိုတာမျိုးတွေကို မသိသေးခင်မှာပဲ လူကြီးတယောက်ကို မြင်ခဲ့တယ်။ လူကြီးဆိုမှတော့ သူ့ထက် အသက်ကြီးတာပေါ့။ ရာထူးကလည်း ကြီးတာပေါ့။ အောင့်အည်းစောင့်စည်းရတာမျိုးတွေကို သူက မသိသေးတော့...
       'အစ်ကိုရေ...အဲဒီလူကြီးက ပြိတ္တာကြီးနဲ့တူတယ်ဗျ'လို့ ပြောလိုက်မိတယ်။ ကိုဦးက သူ့ပါးစပ်ကို လှမ်းပိတ်တယ်။ အဲဒီလူကြီး ကြားသွားမှာစိုးလို့  ကိုဦးခမျာ မျက်စိပျက်မျက်နှာပျက်။
'သွားကြစို့ လက်ဖက်ရည်ဆိုင်' ဆိုပြီး ကိုဦးက ရှေ့ကထွက်သွားတော့ သူက နောက်က လိုက်သွားခဲ့တယ်။ 
        ပြိတ္တာကြီးနဲ့တူတဲ့ လူကြီးက ဘူတာရုံထဲ ဝင်သွားတယ်။
'မင်းထပ်ပြောနေမှာစိုးလို့ ငါလက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တာ အဲ့တာ ဆူဟောက်ယူကြီး'လို့ သံလမ်းတွေကို ကျော်နေရင်း ကိုဦးကပြောတယ်။ မျက်နှာကတော့ ပြုံးစိစိနဲ့ပါ။
'ဘာလဲဗျ၊ ဆူဟောက်ယူဆိုတာ'လို့ သူကမေးလိုက်တယ်။ အလုပ်ထဲဝင်တာ ရက်ပိုင်းပဲရှိသေးတော့ အသုံး အနှုန်းတွေကို မသိသေးဘူး။
'ဘာလဲကွ၊ စကားလိမ်မှတ်ပြီး ဘာသာပြန်ကြည့်နေတာလား၊ ဆူဟောက်ယူဆိုမှတော့ ဆူဟောက်ယူပေါ့ကွ၊ အဲ့တာ မီးရထားအရာရှိတဲ့။
        'ဆူဟောက်ယူ'ဆိုတာကိုလည်း နားမလည် ပါးမလည်နဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်ခဲ့ကြတယ်။
       လက်ဖက်ရည်ဆိုင်ကနေ ပြန်လာကြတော့ ကိုဦးက ပြောတယ်။ 
"မင်းက  ဆူဟောက်ယူကြီးကို ပြိတ္တာကြီးနဲ့တူတယ်လို့ပြောတယ်နော်၊ အေး...ပုံစံကသာ ပြိတ္တာကြီးနဲ့တူနေတာ၊ စားတာသောက်တာက ပြိတ္တာနဲ့ မတူဘူး"တဲ့။

        ကိုဦးပြောမှ စဉ်းစားမိတော့တယ်။ ပြိတ္တာဆိုတဲ့ အမျိုးအစားက ခန္ဓာကိုယ်ကြီး ကြီးသလောက် ပါးစပ်ပေါက်ကျဉ်းပြီး အစားတလုပ်အတွက် အတော်ကြီးဒုက္ခများကြရသတဲ့။
"ကြည့်နေပါ၊တခုပြီး တခု မှာစားလိမ့်မယ်၊ ပြန်ကာနီးကျရင် သူ့အိမ်အတွက်ပါ ထည့်ပေးလိုက်ရဦးမှာ"
        ကိုဦးက လက်ဖက်ရည်ဆိုင်က ပြန်လာရင်း တတွတ်တွတ်နဲ့ ပြောလာတယ်။ 

(၂)

'ရော့...အဲဒီစာရင်းတွေ သွားပို့ပေးလိုက်'

           ကိုဦးက စာရင်းစာရွက်တွေ ရှေ့ကို ချပေးတယ်။ စာရင်းတွေက သူလုပ်ထားတာတွေလည်း ပါတယ်။ 
         ရထားဝင်လာတဲ့အခါ ခရီးသည်တွေဆီက ရထားလက်မှတ်သိမ်းရတယ်။ သိမ်းပြီးရင် ရထားလက်မှတ်တွေကို အတန်းအစားခွဲပြီး နံပါတ်စဉ်အလိုက် စီထပ်ထားရတယ်။  ကြားထဲမှာ ပျောက်နေတဲ့ လက်မှတ်ရဲ့နံပါတ်တွေကိုတော့ အပျောက်စာရင်းထဲ ထည့်ရေးပေးရတယ်။ 

           စာရင်းလုပ်ရတာ ဘယ်လောက်မှ မခက်ခဲဘူး။ ခက်တာက ဘူတာရုံမှာ ဝင်ပေါက် ထွက်ပေါက်တွေက အများကြီး။ ခရီးသည်တွေက အဆင်ပြေတဲ့အပေါက်က ထွက်သွားကြတာ။ 
တချို့ခရီးသည်ကျတော့ ရထားဆိုက်ပြီဆို ဘူတာဖက်ကို မလာတော့ဘဲ သံလမ်းကျော်ပြီး ရွာထဲပြန်သွားကြတယ်။ 
         ခရီးသည်တွေဖက်က ကြည့်မယ်ဆိုရင် မှန်နေတာပဲ။ ရထားလက်မှတ်တစောင်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားကြရတယ်။ လမ်းမှာ လက်မှတ်စစ်တော့လည်း အိပ်နေတာပဲဖြစ်ဖြစ် ထမင်းစားနေတာပဲဖြစ်ဖြစ် လက်မှတ်ထုတ်ပြကြရတယ်။ ခရီးဆုံးရောက်မှတော့ အနီးဆုံးထွက်​ေပါက်ကနေ အိမ်ပြန်ချင်ကြမှာပဲ။
"သွားပို့လိုက်ကွာ၊ ငါ့မေးရင် အိမ်ခဏပြန်သွားတယ်သာ ပြောလိုက်"
       ကိုဦးကလည်း ခပ်မာမာပဲ။ ပြိတ္တာနဲ့တူတဲ့လူကြီးကို သိပ်မကြည်ဘူး။
       စာရင်းလုပ်ထားတွေကို ယူပြီး ပြိတ္တာကြီးရှေ့ကို ပို့ပေးလိုက်တယ်။ 

'ဟိုကောင်...မောင်ဦးကော'
ပြိတ္တာကြီးဆီက အစ်တစ်တစ် အသံကြီးထွက်လာတော့ သူလည်း တွန့်ခနဲ ဖြစ်သွားပြီး.. 

'အိမ်ခဏပြန်သွားတယ်'လို့ မှာထားတဲ့အတိုင်းပြောလိုက်တယ်။
'အေး...နက်ဖြန်မနက် ငါပြန်မယ်လို့ ပြောလိုက်'ဆိုပြီး စကားတခွန်းပဲ ပြောတယ်။

(၃)
           ဘူတာရုံလေးမှာ ရထားလက်မှတ်ရောင်းတဲ့နေရာရယ်၊ ကုန်တင်ကုန်ချလုပ်တဲ့နေရာရယ်ကတော့ ခရီးသည်တွေနဲ့ကုန်သည်တွေအတွက် ဆယ့်နှစ်ရာသီ အရေးပါနေတာပါပဲ။
ရာသီဥတုမကောင်းရင် ပိုလို့တောင် အရေးပါတတ်သေးတာ။ မိုးတွင်းဆို ရထားက လမ်းချော်တတ်တော့ မချော်ခင်လေး သွားကြလာကြ တင်ကြပို့ကြရတာ။
         မီးရထားဝန်ထမ်းတယောက် ဖြစ်လာခဲ့ပြီဆိုရင် "မင်းတို့လုပ်သလို ငါမလုပ်ဘူး"ဆိုပြီး တောင့်ခံထားနိုင်ဖို့ အတော်ခက်ခဲတယ်။ 'သူများမိုးခါးရေသောက်တိုင်း လိုက်မသောက်ဘူး'ဆိုတဲ့ ဝန်ထမ်းတွေ မရှိဘူးလို့ မဆိုလိုပါဘူး။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။
       ဘာဖြစ်လို့ ရှားရတာလဲ ဆိုတော့  အကျိုးနဲ့အကြောင်းကလည်း ဆက်စပ်နေတာကိုး။
     အထက်နဲ့အောက် ပြေးကြတဲ့ ရထားတိုင်းက ဘူတာလေးမှာ ရပ်နားကြရတယ်။ 
     ခရီးသည်တွေကလည်း မီးရထားကိုပဲ အားပြုပြီး ခရီးသွားနေကြရတဲ့ကာလ။
ဒါပေမဲ့ ခရီးသွားဖို့ လက်မှတ်ဟာ တခါတရံမှာ ရွှေထက်ရှားသေး။ တခါတရံမှာတော့ ရွှေလောက်နီးနီး စျေးကြီးနေတတ်တယ်။
"လက်မှတ်တွေက ကျူ့(လက်မှတ်သေတ္တာ)ထဲမှာ အများကြီး ရှိသေးတယ်၊ ရထားပေါ်မှာ ခုံမပါတော့ဘူး" ဆိုတဲ့စကားကို ဘူတာဝန်ထမ်းတွေက ရယ်စရာအဖြစ်ပြောလို့ရပေမဲ့ အကြောင်းကြီးငယ် ကိစ္စမျိုးစုံနဲ့ ခရီးသွားရမဲ့ သူတွေအတွက်က မောစရာကြီးပေါ့။
         ဘူတာရုံလေးက ရထားလက်မှတ်တွေကို အနီးကပ်ဆုံးဖြစ်တဲ့ စစ်တပ်ရယ်၊အုပ်ချုပ်ရေးဌာနရယ်က လက်ဝါးကြီးအုပ်ထားကြတယ်။ ဘူတာရုံလေးက ရောင်းပေးနိုင်တဲ့ ထိုင်ခုံလက်မှတ်အရေအတွက်ရဲ့ ထက်ဝက်လောက်ဟာ စစ်တပ်နဲ့အုပ်ချုပ်ရေးဌာနရဲ့ လက်ထဲမှာ ရှိနေကြတယ်။ အဲဒီခွဲတမ်းတွေပြီးမှ ကျန်တဲ့ထိုင်ခုံလက် မှတ်ကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ရောင်းကြရတယ်။

      စည်းကမ်းဆိုတာကလည်း မီးရထားကပဲ ထုတ်ထားတဲ့စည်းကမ်းဆိုတော့ အဲဒီစည်းကမ်းကြီးကို  သားရေကွင်းတကွင်းလို တင်းချင်တင်းလို့ရတယ်၊လျှော့ချင်လျှော့လို့ရတယ်၊ 'မထူးပါဘူးကွာ ငါ့သဘော'ဆိုပြီး ဆွဲဖြတ်ပစ်လိုက်လို့လည်း ရပါတယ်။ 

(၄)

         အဲဒီနေ့က ဘူတာဝန်ထမ်းတွေအကုန်လုံး သန့်ရှင်းရေး လုပ်ကြရတယ်။ အထူးသန့်ရှင်းရေးပေါ့လေ။ တံမြက်စည်းတွေလည်းကျင်းကြ၊ ထုံးတွေသုတ်ကြပေါ့။ 
"သေချာလုပ်ကြဟေ့...၊ အသန့်ကြိုက်တယ်ကွ" လို့ တွဲမှတ်စာရေးကြီးက ပြောတယ်။ သူက ပင်စင်လည်း နီးနေပြီဆိုတော့ အတွေ့ အကြုံက များနေပြီ။ အကြိုက်သိ ၊အလိုက်သိ ခဲ့ရတာ သူ့ဘဝမှာ များခဲ့ပြီ။
"နက်ဖြန်ညနေလောက် ရောက်လာမယ် ထင်တာပဲ၊ အတိအကျတော့ မသိရသေးဘူး" 

     နှုတ်သွက်လျှာသွက်နဲ့ ရုံပိုင်လေးကလည်း သူကြားထားတဲ့ သတင်းကို ပြောနေတယ်။ ရုံပိုင်လေးက ရာထူး တိုး ယူမယ်ဆို ရုံပိုင်ကြီးဖြစ်နေလောက်ပြီ။ ဒါပေမဲ့ ဒီဘူတာရုံလေးတဝိုက်မှာပဲ ရုံပိုင်လေးအဖြစ်နဲ့ လှည့် ပတ်နေတာ။ ရုံပိုင်တွေမှာ ဆိုရိုးစကား ရှိကြတယ်။ မကောင်း ၃ နှစ်၊ကောင်း ၃ နှစ် တဲ့။ ဝင်ငွေကောင်းတဲ့ဘူတာတခုမှာ ၃ နှစ်နေပြီးရင် ဝင်ငွေမကောင်းတဲ့ဘူတာတခုမှာ ၃ နှစ် နေရတယ်ပေါ့။ ရာထူးတိုးယူလိုက်ရင်တော့ တိုင်းပြောင်းတွေ ဘာတွေပါ ကြုံရပြီး အဝေးကြီးကို ရောက်သွားတတ်ကြတယ်။

"ဟန်နက်စီ အိတ်ခ်အို... မှ ကြိုက်တာနော်၊ ကားသမားတွေ ပြောထားပြီလား၊ ဒီကောင်တွေကားနဲ့ သွားဝယ်ရမယ်၊ပြီးမှ ဆီဖြည့်ပေးတာပေါ့"

           (V.I.P siding )လို့ ခေါ်ကြတဲ့ ရထားလမ်းမြှောင်ရဲ့စင်္ကြံပေါ်မှာ တောင်လျှောက် မြောက်လျှောက်လုပ်နေတာက ရုံပိုင်လေး။  စာမေးပွဲဖြေကာနီးကျောင်းသားလေး စာပြန်နွေးသလို ပါးစပ်တလှုပ်လှုပ်နဲ့။ ရုံပိုင်လေးကို ကြည့်ရတာလဲ သက်တောင့်သက်သာကို မရှိပါဘူး။

"ပြီးတော့ မျောက်ချေးခါးလည်း မှာထားသေးတယ်၊ မုဆိုးကတော့ 'စိတ်ချ'လို့ ပြောသွားတာပဲ"
        ရုံပိုင်လေးက တတွတ်တွတ် ရွတ်နေတုန်းပဲ၊ တစာစာ မြည်နေတုန်းပဲ။
      မျောက်ချေးခါးဆိုပါလား။ မျောက်ကလးတကောင်တော့ သေဦးမှာပဲလို့ သူတွေးမိတယ်။
"ဟေ့ကောင်တွေ သေချာလုပ်ကြဟေ့၊ ပြီးလို့ရှိရင် လက်ဖက်ရည်ဆိုင်မှာ သွားစားကြ၊ ငါ့နာမည်သာ မှတ်ခိုင်းထားလိုက်"

        ရုံပိုင်လေးထက်စာရင် ကုန်ရုံစာရေးကြီးက တော်သေးတယ်။ ကုန်ရုံစာရေးကြီးက သန့်ရှင်းရေးသာ ဝင်မလုပ်တော့တာ အကျွေးအမွေးတော့ ရက်ရောတယ်။ ကုန်ရုံစာရေးကြီးကလည်း ပင်စင်နီးနေပြီ။ 'အရင်ခေတ်နဲ့ မတူပါဘူးကွာ၊ခေတ်က ပျက်နေပြီ'လို့ ဘယ်သူနဲ့စကားပြောပြော အဲ့ဒီစကားကို ထဲ့ပြောတတ်တယ်။ အရင် ခတ်ဆိုတာကို သူလည်းမမီလိုက်တော့ ကုန်ရုံစာရေးကြီး ပြောတာတွေကို နားမလည်ပါဘူး။ ခေတ်ကပျက်နေပြီ ဆိုပေမဲ့ 'စာရေးကြီးရေ ၊ စာရေးကြီးရေ  စာရေးကြီးလုပ်ပေးမှဖြစ်မှာပါ' ဆိုတဲ့ ကုန်သည်တွေ သူ့အနားမှာ ဝိုင်းဝိုင်းလည်နေကြတုန်းပဲ။

       သန့်ရှင်းရေးလုပ်ပြီးတဲ့ည အဲဒီစင်္ကြပေါ်မှာ သူတို့စောင့်အိပ်ကြရတယ်။ စင်္ကြံက မိုးလုံပါတယ်။ ပြီးတော့လည်း ခြံဝင်းခတ်ထားသေးတာ။ ရထားအဝင်အထွက်အတွက် တံခါးတွေတပ်ထားတယ်။ ဝင်းကြီးထဲမှာ ငါးကန်လေးလည်း ရှိတယ်။ ပြီးတော့ သစ်ပင် ပန်းပင်တွေ ဝေဝေဆာဆာနဲ့။
ငါးကန်လေးကိုလှမ်းကြည့်ရင်း...
"ဘာငါးတွေ မွေးထားတာလဲဗျ"ဆိုပြီး သန့်ရှင်းရေးဝန်ထမ်း အဘိုးကြီးကို သူမေးမိတယ်။ အဘိုးကြီးအသက်က ခုနှစ်ဆယ်တောင် နီးတော့မယ်။ 
           ဝန်ထမ်းဘဝကနေ ပင်စင်ယူသွားပြီးမှ နားလည်မှုနဲ့ အလုပ်ပြန်ဝင်နေရှာတာ။ အခုစင်္ကြံဝင်းကြီးရဲ့ မာလီဆိုလည်း ဟုတ်တာပါပဲ။ သစ်ပင် ပန်းပင်တွေ ရေလောင်းပေါင်းသင်တာနဲ့ ငါးမွေးကန်ကို တာဝန်ယူထားရတယ်။

"မွေးတုန်းကတော့ ငါးသလဲထိုးတွေ မွေးထားတာ။ အခုတော့ ငါးရံ့တွေချည်း ဖြစ်နေပါပြီ။ ငါးရံ့က ဘယ်လိုက ဘယ်လို ပါလာတယ်မသိဘူး၊ ငါးသလဲထိုးတွေလည်း ကုန်ပါပြီ"လို့ အဘိုးကြီးက ငါးမွေးကန်လေးရဲ့ ဖြစ်စဉ်ကို ပြောပြတယ်။ သူကလည်း အဲသလိုမျိုး ရှေ့မီနောက်မီ အဘိုးကြီးတွေနဲ့ ကြုံပြီဆိုရင် သိချင်တာတွေ စပ်စုတတ်တယ်။ 

"ငါးသလဲထိုးများ မွေးရတယ်လို့ဗျာ...စျေးထဲမှာ ပေါမှပေါ"

        စျေးထဲမှာ ဒန်လင်ပန်းကြီးတွေနဲ့ ထဲ့ရောင်းနေတဲ့ ငါးသလဲထိုးအပုံကြီးကို မျက်စိထဲ မြင်လာရင်း အဘိုးကြီးကို ပြောလိုက်တယ်။
"အဲတာတော့ အဲတာပေါ့၊ လတ်လတ်ဆတ်ဆတ်မှ ကြိုက်တာတဲ့၊ဟော့... ဟိုမှာ သွားကြည့်ပါလား"
           အဘိုးကြီးက ငါးမွေးကန်ဘေးက စဉ့်အိုးကြီးကို သွားကြည့်ခိုင်းတယ်။ စဉ့်အိုးကြီးထဲကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော​့ ကူးခတ်နေကြတဲ့ ငါးသလဲထိုးလေးတွေ။ 
"မနက်ဖြန်အတွက်လေ. .. ၊လက်မှတ်ရောင်းစာရေးကြီးမိန်းမက တကူးတက ရှာဝယ်ထား ရှာတာ"
"ဟာ...အတော်စားတတ်ကြတဲ့သူတွေနော်၊ အစီအစဉ်တကျကို စားတတ်ကြတာ"
"သူတို့ကုသိုလ်ကံနဲ့သူတို့ပေါ့ ငါ့လူရာ၊ မနာလိုလည်း မဖြစ်ချင်ဘူး၊ ပြိတ္တာဖြစ်မှာကြောက်တယ်"
"ပြိတ္တာဖြစ်တော့ အကုန်အကျ မသက်သာဘူးလားဗျာ"လို့ အဘိုးကြီးကို စ,လိုက်တယ်။

"လျှောက်မပြောပါနဲ့ငါလူရာ၊ ဒီမှာက အချွန်အတက်တွေ များသဟ၊ ဦးလေးလည်း ပင်စင်လေးရပြီးတော့ ရဟန်းဆက်ဝတ်နေရင် အကောင်းသားကွာ၊ ရဟန်း ၅ ဝါရပြီးတော့ အစာအိမ်ရောဂါကြောင့် အလုပ်ပြန်ဝင်နေလိုက်ရတာ"
"ဟုတ်လား၊ ရဟန်းဝတ်သေးတာလား။ ဝတ်တာပေါ့ငါလူရာ၊ ၅ ဝါတောင် ရခဲ့ပြီးပြီ၊ လူထွက်လာတော့လည်း နေစရာက လိုပြီလေ၊ အဲတာကြောင်​​့ပြန်ဝင်လုပ်နေတာ ၊ ဒီမှာက အိပ်လို့နေလို့ အဆင်ပြေတယ်လေ"

         အဘိုးကြီးက စကားပြောနေရင်းနဲ့ အိပ်ဖို့ပြင်နေပြီ။ သူကတော့ ညဂျူတီကျနေတာဆိုတော့ အိပ်လို့မဖြစ်ဘူးပေါ့။ 
​       ပြိတ္တာအကြောင်း ပြောမိတာနဲ့ တနေ့က ပြန်သွားတဲ့ ပြိတ္တာနဲ့တူတဲ့ မီးရထားအရာရှိကို သတိရနေတယ်။

သူက "အဲဒီလူကြီးက ပြိတ္တာကြီးနဲ့ တူလိုက်တာ" ဆိုတော့..
"ပုံစံကသာ ပြိတ္တာကြီးနဲ့တူနေတာ၊ စားတာသောက်တာက ပြိတ္တာနဲ့ မတူဘူး" လို့ ကိုဦးက ပြောခဲ့တယ်။
       ပြိတ္တာအမျိုးအစား အများကြီးရှိတယ်လို့ စာအုပ်တွေထဲမှာ သူဖတ်ဖူးခဲ့ပါတယ်။ 
          ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံထဲမှာ ပြိတ္တာမျိုးနွယ်တွေက အများဆုံးပဲလို့ ထင်မိတယ်။ ရဟန်းပြိတ္တာတွေတောင် ရှိသတဲ့။ တံထွေးတွေ၊ အန်ဖတ်တွေကို စားတဲ့ပြိတ္တာတွေရှိသလို အပုပ်အစပ်တွေကိုစားတဲ့ ပြိတ္တာတွေလည်း ရှိကြသတဲ့။
      တချို့ပြိတ္တာကြီးတွေကျပြန်တော့ ကိုယ်ခန္ဓာက အတော်ကြီးပြီး ပါးစပ်က အပ်နဖားပေါက်လောက်ပဲ ရှိသတဲ့။ ပါးစပ်က အစာကိုမသွင်းနိုင်လို့ နားပေါက်တွေ နှာခေါင်းပေါက်တွေကနေ အစာကို သွင်းရသတဲ့။
"ရော့ကွာ၊ အဲတာသွားပေးလိုက်၊ ငါ့ကိုမေးခဲ့ရင် အဆင်ပြေသလိုသာ ကြည့်ဖြေလိုက်"
        ပြိတ္တာနဲ့တူတဲ့လူကြီး ပြန်ကာနီးတော့ ကိုဦးက ခြင်းတခြင်း ပို့ခိုင်းတယ်။
       ခြင်းထဲမှာ ပျားရည်နှစ်ပုလင်း၊ငါးရံ့ခြောက်တပြားနဲ့ ခေါစီထုပ်တွေ။

"အေးအေး ထားခဲ့ကွာ ဟိုမှာက ပျားရည်အစစ်မရဘူး"
       ပြိတ္တာနဲ့တူတဲ့လူကြီးက အားရဝမ်းသာပြောတယ်။ 'ကိုဦး ပို့ခိုင်းလိုက်တာပါ'လို့ ပြောပြီး  သူလှည့်အထွက်မှာ..."ဟေ့ကောင် မင့်ဆရာမောင်ဦးကို ပြောလိုက်စမ်း...နောက်တခါဒီထက် တိတိကျကျလုပ်လို့..."ဆိုပြီး နောက်က လှမ်းအော်နေသေးတယ်။
"ဟိုးဖက်မှာ မြင်နေရတဲ့ အမှိုက်ပုံတွေ အိမ်သာတွေဖက်ကို မကြည့်မိစေနဲ့ကွ၊ညဆိုရင် ကြောက်စရာကောင်းတယ်"
      တနေ့က အကြောင်းတွေကို သတိပြန်ရနေတဲ့အချိန်မှာ အဘိုးကြီးရဲ့ စကားသံကို ကြားလိုက်ရတယ်။ သူက 'မကြည့်နဲ့ ကြောက်စရာကောင်းတယ်'လို့ ပြောလိုက်မှ ကျွန်တော်က အမှိုက်ပုံတွေ အိမ်သာတွေဖက်ကို ကြည့်လိုက်မိတယ်။
        ဘူတာလေးနဲ့စျေးကြားက အမှိုက်ပုံတွေ အိမ်သာတွေဖက်မှာ မီးလျှံဝင်းဝင်းတွေ။
"မီးလောင်နေတာ မဟုတ်ဘူးလားဗျ" ဆိုတော့ "မဟုတ်ဘူးငါ့လူရ၊ အဲတာ ပြိတ္တာတွေ မြူးနေကြတာ၊အဂ္ဂိဇာလမုခပြိတ္တာဆိုတာ ဘာတခုမှ စားလို့သောက်လို့မရဘဲ ပါးစပ်က မီးလျှံမီးတောက်တွေ ထွက်နေကြတဲ့ အမျိုး"

        အဘိုးကြီးက ပါဠိလိုတွေရော မြန်မာလိုတွေရော ပြောကုန်တော့ ကျွန်တော်လည်း "ဟုတ် ဟုတ်"ဆိုပြီး ခေါင်းညိတ်ပြလိုက်တယ်။ အမှိုက်ဆွေးတွေ အညစ်အကြေးတွေ ဓာတ်ပြုပြီးထွက်လာကြတဲ့ မီးရောင်လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ အဘိုးကြီးကတော့ ...

"မယုံမရှိနဲ့ အဲတာ ပြိတ္တာမြူးနေတာ"တဲ့။  အခိုင်အမာကြီး ထပ်ပြောတယ်။

(၅)

         မီးရထားမှာ အလုပ်ဝင်ကတည်းက အဲဒီရထားတွဲကြီးကို ပထမဆုံးတွေ့ဖူးတာပါပဲ။ ရထားတွဲကြီးက တစ်ခြားတွဲတွေထက် နည်းနည်းပိုရှည်သလိုပဲ။ တွဲပေါ်ကို ချောင်းကြည့်လိုက်တော့ ရေချိုးခန်းတွေ ထမင်းစားခန်းတွေနဲ့ အပျံစားပဲ။ ရထားတွဲကြီးရောက်လာတော့ လုံခြုံရေးတွေလည်း ပါလာကြတယ်။ 
"ဟိုကောင့်ကြည့်ရတာလဲ ပျာကလတ်နိုင်လိုက်တာ"လို့ ကိုဦးကပြောတယ်။
         သူပြောသလိုပါပဲ ရုံပိုင်လေးက စားပွဲဝိုင်း ၃ ဝိုင်းကို ဟိုဖက်ကူးသွားလိုက် သည်ဖက်ကူးသွားလိုက်နဲ့ ။ပြန့်နေပြီးသား စားပွဲခင်းကို ပြန်ဖြန့်၊ ခေါက်ချိုးထားတဲ့ လက်သုတ်ပုဝါကို ပြန်ခေါက်ချိုး အမျိုးမျိုး လုပ်နေတော့တာ။
"ကြည့်နေ ကြည့်နေ မင်းမမြင်ဖူးတာတွေ မြင်ရဦးမယ်" လို ကိုဦးက ပြောတယ်။
          ဝန်ကြီးရောက်လာပြီဆိုတော့ ကျွန်တော်လည်း အများနည်းတူ တန်းစီနေလိုက်တယ်။ ဝန်ကြီးနဲ့အတူ မီးရထားက တိုင်းအရာရှိတွေလည်း ပါလာကြတယ်။ ဝန်ကြီးခရီးထွက်ပြီဆို မီးရထားက တိုင်းအရာရှိတွေက တိုင်းအစကနေ အဆုံးအထိ လိုက်ပို့ကြရတာတဲ့။ ငယ်ငယ်က ပြည်ထောင်စုအလံသယ်သလိုမျိုးပါလားလို့ သူ့စိတ်ထဲ တွေးမိလိုက်သေးတယ်။
" လန်းဆန်းဆက်ဖို့...လန်းဆန်းဆက်ဖို့...." ဆိုပြီး ကုန်ရုံစာရေးကြီးက အော်နေတယ်။ သူ့လက်ထဲမှာ ဒန်အိုးကြီးကိုင်လို့။ "လန်းဆန်းဆက်ဖို့...လန်းဆန်းဆက်ဖို့ "လို့ ကြားလိုက်ရတော့...
"စာရေးကြီးက မြန်မာလိုမပြောဘဲ နားရှုပ်အောင် ပြောနေပြန်ပြီ"လို့ ထင်လိုက်သေးတယ်။ 
          စာရေးကြီးဆီက ဒန်အိုးကို တွဲမှတ်စာရေးရဲ့မိန်းမကယူလိုက်တယ်။ 'ဘာတွေထဲ့ထားပါလိမ့်'လို့ သူလည်း စပ်စုမိတာပေါ့။ ဒန်အိုးထဲမှာ ရေခဲတုံးတွေနဲ့ရောထားတဲ့ လက်ကိုင်ပုဝါလေးတွေ။ ဒန်အိုးဖုံးကို လှပ်လိုက်တော့ ရေမွှေးနံ့တွေ လှိုင်နေတယ်။
        ရေမွှေးဆွတ်ထားတဲ့ လက်ကိုင်ပဝါလေးတွေကို လိမ်ပြီးခွေထားကြတာ။ အဲတာလေးတွေကို စတီးဗန်းပေါ် သေချာတင်ကြတယ်။
"ဝန်ကြီးကို အနီရောင် မပေးမိစေနဲ့၊ သူက အနီရောင်မကြိုက်ဘူး" 

         တွဲမှတ်စာရေးက ဘူတာရှေ့မှာ ရပ်နေကြတဲ့ အမျိုးသမီးတသိုက်ကို အော်ပြောတယ်။ 'ဟုတ်ချင်မှလည်းဟုတ်မှာ ဝန်ကြီးအထာသူသိတယ်ဆိုတာမျိုး ပြချင်တာလည်း ဖြစ်မှာ' လို့ သူတွေးမိပြီး ပြုံးချင်သလို ဖြစ်သွားပေမဲ့ ခပ်တည်တည်နဲ့နေလိုက်တယ်။ သူက အလုပ်ထဲရောက်ကာစ။ ဘယ်သူဘယ်ဝါက ဘယ်လိုအနေအထားမှန်းမသိတော့ သတိထားနေရတယ်။  မလုပ်၊မရှုပ်၊မပြုတ်ဆိုတဲ့ စကားကြီးသုံးခွန်းသံက ရထားဥဩသံထက်တောင် စူးရှသေးတယ်။
         ဝန်ကြီးပါလာတဲ့ အထူးရထားတွဲကြီးက ဘူတာရှေ့တည့်တည့်မှာ ရပ်တယ်။ ရထားတွဲကြီးတွေက ဖိတ် ဖိတ်လက်လို့။ ဘူတာရုံထဲမှာ ရထားစောင့်နေတဲ့ ခရီးသည်တွေကို အထူးရထားမဝင်ခင် ကြိုတင်ပြီး နေရာဖယ်ခိုင်းတော့ မျက်နှာတွေညှိုးနေကြတယ်။ 

           ခရီးသည်တွေက မီးရထားဝန်ကြီးစီးလာတဲ့ အထူးရထားတွဲဆိုင်းကြီးကို အဝေးကနေ ငေးနေကြတယ်။ သူတို့မျက်လုံး အရောင်တွေကိုတော့ သေချာမမြင်ရပါဘူး။
ဝန်ကြီးက ရှေ့ဆုံးက ဆင်းလာတယ်။ သူ့နောက်မှာက မီးရထားအရာရှိတွေ။ ဘယ်သူဘယ်ဝါ၊ ဘယ်လိုရာထူးမျိုး ဆိုတာကိုတော့ သူလည်း မသိသေးဘူး။ 
"ဟေ့... ပုစွန်အစိမ်းသုပ် ရရဲ့လား"
"ရတယ်.. ရေခဲလည်း ထပ်မှာထားတယ်"
        တိုက်ပုံအဖြူရောင်၊ ပုဆိုးစိမ်းစိမ်းလက်လက်နဲ့ ခြေနှစ်ဖက်ကို ရမ်းဖယ်ရမ်းဖယ်လျှောက်လာတဲ့ ဝန်ကြီးက တန်းစီနေတဲ့ သူတို့အနားကို ရောက်လာတော့မယ်။ အဲဒီအချိန်အထိ အစားကိစ္စက စကား မပြတ်ကြသေးဘူး။
"အေးအေး...ဒါပဲ ဒါပဲ"လို့ ပြောရင်း ကုန်ရုံစာရေးကြီးက သက်ပြင်းချလိုက်တယ်။

(၆)
          ဝီစကီလေးတကျိုက်ကျိုက်လိုက်၊မျောက်ချေးခါးလေးနှိုက်မြည်းလိုက်နဲ့ ဝန်ကြီးက ဇိမ်ကျနေတယ်။ သူရဲ့ဘေးမှာ ရုံပိုင်လေးက အရံသင့်ရပ်လို့။ 
မျောက်ချေးခါးပန်းကန်ကို ဝန်ကြီးဘေးက တိုင်းအရာရှိက ငေးနေတယ်။
"အဘဝန်ကြီးက ကျွန်တော်အရက်စပ်ပေးတာ ကြိုက်တယ်တဲ့" 
         ရုံပိုင်လေးက စားပွဲဝိုင်းက ခွာလာခဲ့ပြီး စားပွဲထိုးပေးဖို့ စောင့်နေကြတဲ့ ကိုဦးတို့ ကျွန်တော်တို့ကို လာလာပြောသေးတယ်။
       လက်မှတ်စစ်တွေ၊ဝန်ထမ်းငယ်တွေက ဝန်ကြီးရဲ့ စားပွဲသောက်ပွဲမှာ ဝိတ်တာတွေအဖြစ်လည်း တာဝန်ထမ်းကြရတယ်။ ရုံပိုင်လေးကလည်း အရက်စပ်သမား ဖြစ်နေပြန်တယ်။

"ဝန်ကြီးက ရက်ရောတယ်ဟ။ သူ့တွဲစောင့်ကိုတောင် ပခုံးမှာ ရွှေဘားတွေ တင်ပေးထားတာ၊ တိုင်းမန်နေဂျာ လယ်ဗယ်ပေါ့ကွာ။ ကောင်းတော့ကောင်းတယ် ၊မျက်စိလည်းစပ်တယ်။ ငါတို့မှာ တွဲစောင့်ကိုလည်းကြောက်ရတယ်"
           ကုန်ရုံစာရေးကြီးက ပြောခဲ့ဖူးတာကို သတိရလို့ ဝန်ကြီးရဲ့ တွဲစောင့်ကို ရှာကြည့်မိသေးတယ်။ 
     ဖြူသလား မည်းသလား မသိတော့ ရှာမတွေ့တတ်ပါဘူး။ တချို့ကတော့ ပြောကြတယ်၊ ဝန်ကြီးက စာပေသမားတွေကိုလည်း ချီးမြှောက်သတဲ့။ ဒါပေမဲ့ မီးရထားမကောင်းကြောင်းတော့ မရေးရဘူးတဲ့။ ရေးရင်တော့ ညောင်းချင်ညောင်း။ မညောင်းရင် ခွေခံရမယ်တဲ့။
            အစားအသောက်ပြင်တဲ့နေရာကို သူသွားကြည့်တော့ စဉ့်အိုးထဲက ငါးသလဲထိုးအရှင်တွေဟာ နွားနို့အိုးထဲမှာ ကူးခတ်ရင်း နစ်မြှုပ်သွားကြတယ်။ နောက်တော့ ဆီပူအိုးထဲ ရောက်သွားကြတယ်။ 
"ဒါမျိုး လတ်လတ်ဆတ်ဆတ်မှ ကြိုက်တာ"
          တိုးတိုးဖွဖွ စကားသံတွေပေမဲ့ သူ့နားထဲမှာတော့ အကျယ်ကြီး ကြားနေရတယ်။
       ဝန်ကြီးရဲ့ စားပွဲသောက်ပွဲက လက်ကျန်အစအနတွေကို ဝန်ထမ်းတွေအားလုံး ကျန်စုရှင်း လုပ်ကြတယ်။
ကိုဦးနဲ့သူလည်း ပါခဲ့တာပေါ့။ 
အဲဒီတုန်းကဆို တချို့ကပြောကြတယ်။
"ပွဲတော်ကျက မြိန်လိုက်တာ "တဲ့လေ။

(အဆုံးသတ်)
            သူကျင်လည်ခဲ့တဲ့ ဘူတာယာဒ်ဝန်းထဲမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားခဲ့တယ်။ ဘက်တီးရီးယားလိုမျိုး တရွေ့ရွေ့မဟုတ်ဘဲ လျင်မြန်လွန်းတော့ အငိုက်မိတဲ့သူတွေ မိသွားကြတယ်။ တချို့ကတော့ အငိုက်မိတာနဲ့အကြိုက်မိတာကို ရောထွေးသွားကြတယ်။
"သူများမိုးခါးရေသောက်တိုင်း လိုက်မသောက်နိုင်ဘူး" ဆိုတဲ့ လူသားတွေကိုလည်း သူမြင်ခဲ့ရတယ်။ 
         ဗိုင်းရပ်စ်ကို အရင်ဆုံးသတိထားမိခဲ့ကြတာ သူတို့ပေါ့။ "မိုးခါးရေထဲက ဗိုင်းရပ်စ်က ပိုပြီးတော့ မာယာများတယ်" လို့ သူတို့က ပြောကြတယ်။ သူနဲ့ကိုဦးလည်း ဘူတာယာဒ်ဝန်းကြီးကနေ အရင်ဆုံးအသုတ်အဖြစ် ထွက်ခွာသွားကြတယ်။
        ဗိုင်းရပ်စ်ရဲ့ ဆင့်ကဲ့ပြန့်ပွားနှုန်းဟာ အတော်ကြီးကျယ်ပြန့်လာခဲ့တယ်။ 
     ရှေ့မီနောက်မီ လူကြီးတွေကတော့ အဲဒီယာဒ်ဝန်းထဲကို သူရောက်မလာခင်ကတည်းက ဗိုင်းရပ်စ်က ရောက်နေခဲ့ပြီးသားလို့ ပြောကြတယ်။
      သူနဲ့ကိုဦးရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ဗိုင်းရပ်စ်ဝင်ခဲ့ပါတယ်။ အတော်ကြီးကြာအောင် တိုက်ထုတ်ပစ်ရတယ်။ ခန္ဓာကိုယ်ရဲ့ တနေရာရာမှာ ခိုအောင်းနေဦးမလားလို့လည်း သံသယဖြစ်နေကြတုန်းပဲ။ ကိုယ်ခံအားနည်းလာတဲ့အခါ ရောဂါလက္ခဏာပြချင်လာသေးတယ်။
          ဒါပေမဲ့ ဘူတာယာဒ်ဝန်းကြီးထဲကို သူတို့နှစ်ယောက်စလုံး ခြေဦးမလှည့်ကြတော့ပါဘူး။ သူများတွေက ပြောကြတယ်။ အခုဆို တောကြီးဝင်္ကပါပဲ။ မစွန့်ခွာနိုင်သူတွေဟာ အချင်းချင်း ကိုက်ခဲကုန်ကြပြီး ဗီဒီယိုထဲက Zombiesတွေလို ဖြစ်ကုန်ကြပြီတဲ့။

ကိုယ်ခံအားအနည်းဆုံးလို့ ပြောနိုင်တဲ့ ကာလတခုမှာ ရောဂါလက္ခဏာပြလာတာကို စိတ်အားသတ္တိမွေးပြီး သူနဲ့ကိုဦးကျော်ဖြတ်ခဲ့ကြတယ်။
နေခဲ့တော့..၊ နေ ခဲ့ ပါ တော့ ဇွန် ဘီး ယာဒ် ဝန်း ကြီး ရေ။

ကိုမြရည်
၁၄.၅.၂၀၂၂
ကဆုန်လပြည့်နေ့
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar