Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၇ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၇ မြင်ကွင်း

(မိုးမခ) မေ ၁၈၊ ၂၀၂၂


နိုင်ငံတကာစင်မြင့်ပေါ် တက်လာပြီလား NUG

အမေရိကန်မှာ မြန်မာ့အရေးက လှုပ်လှုပ်ရှားရှားဖြစ်တယ်။ ဒီနေ့မှာ လွှတ်တော်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ ထိပ်သီး သက်တော်ရှည်အမတ်ကြီး မစ်ချ်မက်ကော်နယ်နဲ့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံကြတဲ့အကြောင်း မစ်ချ်မက်ကောနယ်ဆိုရှယ်မီဒီယာအကောင့်ကနေ တင်ပြီး လူထုကို အသိပေးလိုက်တယ်။ ဖိနှိပ်တဲ့အုပ်စိုးသူ စစ်တပ်ကနေ လွတ်မြောက်ဖို့ ရုန်းကန် တော်လှန်နေတဲ့ အရေးဆွေးနွေးကြတယ်။ ကမ္ဘာတဝန်းက လွတ်မြောက်ရေးအတွက် ရပ်တည်သူ မိတ်ဆွေတွေအတွက်လည်း အရေးကြီးတယ်လို့ သူက ရေးသားထားတယ်။ ဒီမိုကရက်အမတ်တွေနဲ့ လက်ရှိ ဘိုင်ဒင်အစိုးရက NUG ဝန်ကြီးကို အာဆီယံထိပ်သီး အစည်းအဝေးနဲ့ အပြိုင် နေရာပေးအရေးတယူ ခေါ်တွေ့ဆုံသလို ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို လှိုက်လှဲစွာ ကြိုဆိုတာကို ထုတ်ပြန်တယ်ဆိုတော့ အမေရိကန်က နှစ်ဘက်ပါတီဟာ မြန်မာ့အရေးမှာ တသဘောတည်း တဘက်တည်း NUG နဲ့ နွေဦးတော်လှန်ရေးဘက်က ရပ်တည်တယ်ဆိုတာ မှတ်တမ်းဝင်သွားတာပေါ့။

တကယ်တမ်းက မစ်ချ်မက်ကောနယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အရေး ဆယ်စုနှစ် ၃ ခုကျော် မျက်ခြည်မပြတ်သူပါ။ သူ့ကင်တာကီပြည်နယ်မှာ မြန်မာပြောင်းရွှေ့အခြေချသူ ဦးရေ ၁ သောင်းကျော် ရှိတယ်။ မြန်မာပြည် ပိတ်ဆို့အရေးယူရေးကို အားပေးသူ ဖြစ်ပါတယ်။ ၂၀၀၃ မြန်မာပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဥပဒေကိုလည်း ဝန်းရံသူ ဖြစ်တယ်။ ဘိုင်ဒင်ကလည်း မစ်ချ်လိုပဲ အတူတူ ဥပဒေပြုရေးကြိုးပမ်းသူ အမတ်တဦးအဖြစ် လုပ်ကိုင်ခဲ့ကြတယ်။ မြန်မာပြည်နဲ့ ဒေါ်စုကို အရေးစိုက်သူမို့ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံချိန်မှာ သူ့ဆိုရှယ်မီဒီယာမှာ အရေးတယူတင်ပြီး ဂုဏ်ယူတာ အသိအမှတ်ပြုရပါမယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ရောက်မှပဲ အမေရိကားမှာ NUG ၏ အခြားဝန်ကြီးတွေ လွှတ်တော်ကိုယ်စားပြုခေါင်းဆောင်တွေ ရောက်ရှိ နေထိုင်နေကြတာကို ပြည်သူတွေက ဓာတ်ပုံတွေနဲ့ ဆိုရှယ်မီဒီယာမှာ သိကြ မြင်ကြရပါတယ်။ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ CRPH ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်တို့နဲ့ အခြားအဆက်အသွယ်ရှိသူတွေကို ဓာတ်ပုံတွေကနေ ပြည်သူတွေက တွေ့ကြရပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးအတွက် လှုပ်ရှားနေသူတွေ အမေရိကကို ရောက်လာကြတဲ့အထဲမှာ ဒေါ်ဇင်မာအောင်က high profile အဖြစ်ဆုံးမို့ အခုလို သူ ရောက်လာမှ တွဲဖက်ပြီး မြင်ကြရတယ် ဆိုနိုင်တယ်။ အမေရိကန်မှာ အခြေစိုက်ထားပြီးသား ပြန်ကြားရေးနဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်နဲ့ ယူအန်ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ကတော့ ပြည်သူက သိနှင့်ထားပြီးမို့ အထူးပြောစရာမလိုပါ။

မြန်မာ့အရေးအတွက် လှုပ်ရှားနေသူ ဦးဆောင်သူအခန်းကဏ္ဍက ရပ်တည်နေသူတွေ နိုင်ငံတကာမှာ ရှိနေ လှုပ်ရှားနေကြတဲ့အထဲ အမေရိကန်ပြည်ထောင်စုရောက် နွေဦးတော်လှန်ရေးက ဦးဆောင်သူတွေ၊ NUG နဲ့ CRPH က ခေါင်းဆောင်တွေ၏ လုပ်ကိုင် လှုပ်ရှားစွမ်းဆောင်နိုင်တာတွေ ဒီနေ့ကစပြီး တိုးတက်ပြီး အရှိန်အဟုန်နဲ့ မြင်ကြရလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။ ဒေါ်ဇင်မာအောင်ရဲ့ အမေရိကန်ခရီးစဉ်နောက် အခြားနိုင်ငံတကာခရီးစဉ်တွေမှာ လက်ခံတွေ့ဆုံတဲ့ နိုင်ငံခေါင်းဆောင် ပါတီခေါင်းဆောင်တွေ၊ ထိုနိုင်ငံရောက် မြန်မ့ာအရေးလှုပ်ရှားသူတွေ နွေဦးခေါင်းဆောင်တွေကိုလည်း တွဲဖက်ပြီး စင်ပေါ်တက်လာကြတာကို ပြည်သူများက မျှော်လင့် စောင့်ကြည့်နေကြတယ်လို့ ဆိုလိုက်ချင်ပါတယ်။

ဒေါ်ဇင်မာအောင်က အမေရိကားခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က AA တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံကြပါတယ်။ အဲသည်မှာ NUG ဝန်ကြီးနဲ့ တာဝန်ရှိသူတွေအပြင် ကိုမင်းကိုနိုင်ကိုလည်း တွေ့ကြရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့ အကြား၂၀၂၂ ခုနှစ် မေလ ၁၆ ရက်မှာ တွေ့ဆုံမှု သတင်းလို့ ရေးထားပါတယ်။ ဆိုတော့ NUG ၏ မဟာမိတ်ဆက်ဆံရေးကော်မတီမှာ ကိုမင်းကိုနိုင် တာဝန်ယူထားတယ်လို့ သဘောထားရမယ် ထင်ပါတယ်။ NUG က အစိုးရအဆင့် ခြေလှမ်းတွေ ထွက်လာတော့ အချို့အကဲခတ်တွေ မေးကြတာက ဖယ်ဒရယ်ယူနစ်၊ လူမျိုးစု ယူနစ်၊ ERO အစုအဖွဲ့၊ တော်လှန်ရေးအင်အားတွေနဲ့ စည်းရုံးထားတဲ့ ဦးဆောင်မှုအခန်းကဏ္ဍယူထားတဲ့ NUCC က သည်လိုဆွေးနွေးပွဲတွေမှာ ပါဝင်တယ်ဆိုရင်လည်း သတင်းထဲ ပါသင့်တယ် မဟုတ်လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါကတော့ သတင်းသမားတွေ စုံစမ်းရမယ့်အလုပ် ဖြစ်ပါလိမ့်မယ်။

နောက် ထူးခြားသတင်းတခုကတော့ NUCC ၏ အခန်းကဏ္ဍကို သုံးသပ်တဲ့ အစီရင်ခံစာတခုကို NLD ပါတီ ဗဟိုသုတေသနအဖွဲ့က ၂၀၂၁ ဒီဇင်ဘာ ၁၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ အချို့သောစည်းဝိုင်းတွေထဲမှာ ပြောဆိုဆွေးနွေးနေကြတယ် ဆိုတာပါ။ (National Unity Consultative Council-NUCC) နှင့် NLD ပါတီ၏ အခန်းကဏ္ဍတို့အား လေ့လာဆန်းစစ်တယ်လို့ ဆိုပါတယ်။ CRPH NUG NUCC လို့ နိုင်ငံရေးအင်အားစုကြီး ၃ ခုကို အစဉ်အလိုက် ခေါ်ဝေါ်ကြပါတယ်။ NLD ပါတီ ဗဟိုသုတေသနအဖွဲ့ကတော့ NUCC ဖွဲ့စည်းဖြစ်ပေါ်လာမှုနဲ့ တရားဝင်မှုအခြေခံ Legitimacy ကို မေးခွန်းထုတ် သုံးသပ်ထားတာပါ။ အတိုချုပ်ပြောရရင် ၂၀၂၀ ရွေးကောက်ပွဲနဲ့ နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ ပြည်သူလူထုကို ဦးဆောင်မှုပေးတဲ့ အင်အားများ ခေါင်းဆောင်မှုများ နဲ့  CRPH NUG NUCC တို့က ထုတ်ဖော်လိုက်တဲ့ ဖယ်ဒရယ်ချာတာပြဋ္ဌာန်းမှုကနေ ညှိနှိုင်းဦးဆောင် ချိတ်ဆက်မှုပေးမယ့် အင်အားစုတွေ ခေါင်းဆောင်တွေရဲ့ ချိန်ခွင်ညှာကို မေးခွန်းထုတ်လိုက်တယ်လို့ ဆိုရမယ် ထင်ပါတယ်။

အခုလိုအချိန်မျိူးမှာ သည်လိုမျိုး မေးခွန်းတွေ ဆွေးနွေးမှုတွေ လုပ်တာ ရှုပ်ထွေးစေတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ အခုကတည်းက သည်လို အကျပ်အတည်းကို ကြိုတင် ဆွေးနွေးတင်ပြတာကလည်း ပညာရှင်တွေ လေ့လာသူတွေအတွက် အကျိုးရှိတယ်လို့ ဆိုရပါမယ်။ လက်တွေ့ရုန်းကန်တိုက်ပွဲဝင်နေသူတွေ အစုအဖွဲ့တွေအတွက်ကလည်း သည်လိုမျိုူး 'တရားဝင်မှု အသိအမှတ်ပြုမှုတွေကို စိန်ခေါ်ချက်အဖြစ် အနာဂတ်မှာ ရင်ဆိုင်ကြဖို့ ရှိတယ်'ဆိုတာ အချက်ပြနေတယ် ဆိုရမှာပါ။

အဲသည်ထဲက NLD ပါတီ၏ အင်အား၊ ရပ်တည်ချက်နဲ့ အခန်းကဏ္ဍကိုလည်း ထုတ်နုတ်သုံးသပ် ဆွေးနွေးထားပါတယ်။ စဉ်းစားစရာတခု ရတာကတော့ ပြည်သူအများက နွေဦးတော်လှန်ရေးတပ်သားတွေ၊ ရဲဘော်တွေကို တသားတည်း CRPH ၊ NUG ၊ NUCC ၊ ERO ၊ NLD ၊ PDF ၊ CDM လက်ချင်းချိတ် မြင်ထားကြတာ ဖြစ်နေရာက အချို့အရေးကိစ္စတွေမှာ ဘယ်ရပ်တည်ချက်လဲ၊ ဘယ်ဘက်ကလဲဆိုတဲ့ ဆိုတဲ့ ရှုထောင့်ကနေ ပြန်သုံးသပ်ကြဖို့ဆိုတဲ့ အတွေးကို ရစေပါတယ်။

ဥပမာတခု ပေးရရင် - NUG ၏ ပြည်ထဲရေးဝန်ကြီးက နယ်မြေအုပ်ချုပ်ရေးအဖွဲ့တွေ ဒေသအလိုက်ဖွဲ့စည်းရာမှာ NUCC ဘက်က ဖယ်ဒရယ်ယူနစ်၊ လူမျိုးစုယူနစ်တွေနဲ့ ထိန်းညှိဖို့၊ ဆွေးနွေးဖို့ လိုအပ်ချက်တွေ ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်၊ NUG ၏ ဖယ်ဒရယ်ဝန်ကြီးက ပြည်နယ်တိုင်း ၁၄ ယူနစ်ကို စာစောင်မှာ ထုတ်နှုတ်ဆွေးနွေးချက်ရာမှာ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ပြန်လှန်ဖြေရှင်းမှုတွေ လုပ်ခဲ့ရတဲ့ ဖြစ်စဉ်တို့ကို ကြည့်နိုင်ပါတယ်။ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက သူတို့နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ PDF, ပအဖ၊ ပကဖ တွေအတွက် ထောက်ပို့ဆက်ဆံရေးနဲ့ သီးခြားရပ်တည်နေတဲ့ ဒေသခံ PDF တွေ ပြောက်ကြားတွေ စစ်ခေါင်းဆောင်တွေနဲ့ ထောက်ပို့ဆက်ဆံရေး မတူညီခြင်းကို မေးမြန်းကြရာမှာ အခြား NUG အစိုးရခေါင်းဆောင်တွေ၊ CRPH နဲ့ NUCC တို့က တူညီတဲ့သဘောထား ထုတ်မပေးနိုင်တာကလည်း ထောက်ပို့လုပ်နေတဲ့ ပြည်တွင်း ပြည်ပ ပြည်သူတွေကြားထဲမှာ မျက်ခုံးပင့်စရာ ဖြစ်နေခဲ့ပါတယ်။ (ရည်ညွှန်း - ဆိုရှယ်မီဒီယာမှာ ဗိုလ်နဂါး၏ ထုတ်ဖော်ပြောကြားချက်များ)

ဒီနေ့ရေးတဲ့ ခရိုနီကယ်က စိတ်ရှုပ်ထွေးစရာတွေ များတယ် ဆိုရမှာပါ။ သို့သော်လည်း တော်လှန်ရေး ၁ နှစ်ကျော်လာပြီ ဖြစ်တာမို့ အစုအဖွဲ့ ဦးဆောင်သူများ ဘယ်ရောက်နေလဲ၊ ဘယ်လို ရပ်တည်နေလဲ၊ ဘယ်လိုကျောထောက်နောက်ခံလဲ ဆိုတာတွေ၊ ဘာတွေ ပြောင်းလဲသွားကြသလဲဆိုတာတွေကိုလည်း လေ့လာရမယ့် အချက်တွေ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar