Breaking News

ကိုကျော်(မြစ်ကြီးနား) - Twitter ဝယ်ယူဖို့ကိစ္စ အီလွန်မတ်စ်မှ ခဏရပ်ဆိုင်း

ကိုကျော်(မြစ်ကြီးနား) - Twitter ဝယ်ယူဖို့ကိစ္စ အီလွန်မတ်စ်မှ ခဏရပ်ဆိုင်း

(မိုးမခ) မေ ၁၉၊ ၂၀၂၂


အခုချိန်မှာ အီလွန်မတ်စ်က ဒေါ်လာ ၄၄ ဘီလီယံနဲ့ တွစ်တာကို ဝယ်ယူဖို့ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူးလို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာဆန်းစစ်သူ Dan Ives (Wedbush Securities ကုမ္ပဏီ) က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အီလွန်မတ်စ်က သူပိုင်တဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ ရှယ်ယာတချို့ကို ရောင်းချပြီး တွစ်တာမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဥ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့တပတ်က ဝယ်ယူဖို့ကိစ္စကို ခဏဆိုင်းထားမယ်လို့ ပြောခဲ့ပါတယ်။ အကြောင်းရင်းကတော့ တွစ်တာလူမှုကွန်ရက်မှာ bots လို့ခေါ်တဲ့ အကောင့်အတုတွေ ၅ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ တွစ်တာရဲ့ ပြောကြားချက်အပေါ်  အယုံအကြည်မရှိဘဲ အဲဒီကိစ္စကို သေချာဖြေရှင်းပြီးတဲ့အထိ စောင့်ကြည့်အုံးမယ်လို့ ဆိုခဲ့ပါတယ်။ အီလွန်မတ်စ်ရဲ့ သဘောထား ထုတ်ပြန်ခဲ့တဲ့နောက် သောကြာနေ့မှာ တွစ်တာရဲ့ရှယ်ယာဈေး ၁၀ ရာခိုင်နှုန်း ကျသွားပါတယ်။

အကောင့်အတုကိစ္စနဲ့ ပတ်သက်ပြီး အီလွန်မတ်စ်က စိုးရိမ်မကင်းဖြစ်တယ်လို့ ဆိုပေမဲ့ အမှန်တကယ်တော့ "ကျောင်းကပေးတဲ့အိမ်စာ ခွေးချီသွားတယ်" ဆိုသလိုမျိုး အကြောင်းပြချက်သာ ဖြစ်ပြီး အီလွန်မတ်စ်က ကမ်းလှမ်းချက်ကို ပြန်ရုပ်သိမ်းသွားလိမ့်မယ် သို့မဟုတ်ရင် သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူလိုတာဖြစ်လိမ့်မယ်လို့ Dan Ives က ပြောခဲ့ပါတယ်။

"ကျနော်တို့ထင်တာတော့ အီလွန်မတ်စ်က တွစ်တာကိုဝယ်ဖို့ ဆုံးဖြတ်ထားပေမဲ့ Telsa ရဲ့ စတော့ဈေး ကျသွားတဲ့ကိစ္စမှာ ဖိအားပေးခံနေရတာ နဲ့ ငွေကြေးဆိုင်ရာမှာ တချို့သောကိစ္စတွေကြောင့် သွေးအေးသွားတယ်လို့ ထင်ပါတယ်။ လူမှုကွန်ရက်မှာ အကောင့်တုတွေရှိတဲ့ ပြဿနာက အသစ်အဆန်း မဟုတ်ပါဘူး၊ ပိုပြီးဖြစ်နိုင်တာက အဲဒါကို ခုတုံးလုပ် အကြောင်းပြပြီး ဒီထက်သက်သာတဲ့ဈေးရအောင် တွန်းပို့နေတာလို့ ထင်ပါတယ်" လို့ Wedbush Securities မှ ပြောခဲ့ပါတယ်။

တနင်္လာနေ့ နည်းပညာစည်းဝေးပွဲတစ်ခုမှာ အီလွန်မတ်စ်က "တွစ်တာကို ဒီထက်သက်သာတဲ့ဈေးနဲ့ ရနိုင်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး" လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တွီတာမှာ အကောင့်တုတွေ ၅ ရာခိုင်နှုန်းမကဘဲ ဒီထက် ၄ ဆလောက် များနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အီလွန်မတ်စ်ရဲ့ ပြောကြားချက်ကို တွီတာကုမ္ပဏီ စီအီးအို Parag Agrawal မှ ပြန်လည်ချေပခဲ့ပါတယ်။ တွီတာမှ လအနည်းငယ်တိုင်းမှာ အကောင့်နမူနာများယူပြီး လေ့လာစစ်ဆေးကြောင်း၊ နေ့စဥ်နေတိုင်း သံသယရှိစရာ အကောင့် ၅ သိန်းခန့် ယာယီရပ်ဆိုင်းပြီး၊ စည်းမျဥ်းစည်းကမ်း ဖောက်ဖျက်တဲ့ အကောင့် သန်းပေါင်းများစွာ ပိတ်ပင်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့တပတ်က ကုမ္ပဏီရဲ့ လုပ်ပုံကိုင်ပုံအဆင့်ဆင့်ကို အီလွန်မတ်စ်အား ရှင်းပြခဲ့ကြောင်း စသဖြင့် Parag Agrawal က ပြောခဲ့ပါတယ်။ 

ဝယ်ယူဖို့ကိစ္စ ခဏာဆိုင်းထားမယ်လို့ ပြောခဲ့တဲ့ အီလွန်မတ်စ်က နောက်ရက်တွေမှာ "တွစ်တာကို ဝယ်ယူဖို့ ဆုံးဖြတ်ကတိပြုထားဆဲ ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။ အကယ်၍ အရောင်းအဝယ် သဘောတူညီချက် ပျက်ပြယ်ခဲ့ပါက အီလွန်မတ်စ်က တွီတာကို ဒေါ်လာ ၁ ဘီလီယံ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

"ကျနော်ကတော့ သဘောတူညီချက်အတိုင်း အရောင်းအဝယ်ကိစ္စ ပြီးပြတ်သွားမယ်လို့ မျှော်လင့်ထားပေမဲ့ ဖြစ်လာနိုင်မဲ့ အခြေအနေအားလုံးကို ကျနော်တို့ဘက်က ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ Twitter အတွက် မှန်တာကို အမြဲတမ်းလုပ်သွားမှာ ဖြစ်ပါတယ်" လို့ Parag Agrawal မှ ပြောသွားကြောင်း။ ။

ကိုကျော်(မြစ်ကြီးနား)

(ကိုးကား။ ။ 1.Business Insider, May 16, 2022 - Elon Musk is using a 'dog ate the homework' excuse to potentially back out of buying Twitter and there is now a less than 50% chance the deal gets done, Wedbush says. 2. ဘီဘီစီ - မေလ၁၆ ရက် - Twitter boss hits back on Musk doubts over fake accounts)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar