မြန်မာနွေဦး ခရိုနီကယ် - မေ ၁၈ မြင်ကွင်း

photo credit to Bo Bo Htoon, 2016

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၈ မြင်ကွင်း
(မိုးမခ) မေ ၁၉၊ ၂၀၂၂မေ ၁၈ အတွက် မှတ်တမ်းရေးနေရင်းနဲ့ ဦးသုဝေ ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် အမှတ်တရမှတ်တမ်း ပြုလိုက်ပါတယ်။
မြန်မာ့ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ကွယ်လွန် (၁၉၃၂-၂၀၂၂) ၉၀ နှစ် (မေ ၁၉)
ယနေ့တွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိုးမခက ဝမ်းနည်းကြောင်း မှတ်တမ်းပြုပါတယ်။မြန်မာအရေးလှုပ်ရှားသူ ကိုအောင်သူငြိမ်းက ဦးသုဝေအမှတ်တရ ရေးတာကို ကူးယူတင်ပြလိုက်ပါတယ်။
(အောင်သူငြိမ်း ဖေ့စ်ဘွတ်)
ဒီမိုကရေစီပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌကြီး ဦးသုဝေ ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲမိပါတယ်။ အသက် ၉၁ နှစ်တိုင် ယုံကြည်ရာ အတွက်၊ မြန်မာပြည် ဒီမိုကရေစီထွန်းကားရေးနဲ့ ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသမျှ ကိုယ်ကျိုးစွန့်သွားသူပါ။
ကျနော် သူ့အကြောင်းကို နယ်စပ်မှာမိတ်ဆွေတွေဆီက ကြားဖူးတယ်။ ကျနော်တို့ကို ကူညီနေတဲ့ ဦးမောင်မောင်ဆွေက ပြည်ချစ်ပါတီကာလက ဦးသုဝေ အကြောင်းတွေ ပြောပြဖူးတယ်။ သူက ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျတယ်။ ဦးနေဝင်းက ဦးနုအပါအဝင် ပြည်ပရောက် ပြည်သူ့ပြည်ချစ်ပါတီက လူတွေကို ပြန်ခေါ်တော့ သူပြန်သွားတော့မယ့်အကြောင်း ပြောတယ်။ သူနဲ့အတူ ထိုင်းဇနီးလည်း မြန်မာပြည်ကို လိုက်သွားခဲ့တယ်။ (နောက်ပိုင်းဖမ်းဆီး ထိန်းသိမ်းခံရတာရှိတော့ ထိုင်းဇနီးပါ ဖမ်းခံရတယ်လို့ ထင်မိတယ်)။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလတွေမှာ နိုင်ငံရေးပါတီများအစုအဖွဲ့ UPDJC ဒု ဥက္ကဋ္ဌ အနေနဲ့ သဘာပတိလုပ်တာတွေ ကြုံရဖူးတယ်။ ဥက္ကဋ္ဌတစ်ထောင် ညှိနှိုင်းပွဲမို့ ထိန်းသိမ်းရခက်ပါတယ်။ ပြီးတော့ အဖြေကမထွက်၊ ထမင်းဆာလာ ကြလို့ နံနက်ပိုင်းနားမယ်ဆိုတော့ သူပြောတဲ့မိန့်ခွန်းထဲက ပုံပြင်လေး မှတ်မိနေပါသေးတယ်။ "ငှက်တကောင်ကို လက်ထဲကိုင်ထားပြီး၊ အသေလား- အရှင်လား မေးခွန်းထုတ်တဲ့ အကျပ်အတည်း" ပါ။ အသေလို့ဖြေရှင် လွှတ်ပေးလိုက်မယ်။ အရှင်လို့ဖြေရင်လည်း ညှစ်သတ်လိုက်မယ်။ ဘယ်လိုဖြေဖြေ ဒိုင်လုပ်သူ လက်ထဲရှိနေတဲ့ အကျပ်အတည်းကို သူက ပြောပြခဲ့တာပါ။
နောက်ပိုင်း အစည်းအဝေးတွေမှာလည်း ဆုံဖြစ်ပါတယ်။ အသက်အရွယ် လင့်နေပြီ ဖြစ်ပေမယ့် မမောမပန်း ရအောင်လာတယ်။ တာဝန်တခုလို လာတယ်။ Public transportation နဲ့ လာတယ်။ သူ့ဘဝဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး အတွက် ဖြစ်ခဲ့တယ်။
ကောင်းရာသုဂတိ လားပါစေ။
ဦးသုဝေသည်ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံရေးသမား (ယခင် Burma) ဖြစ်သည်။ သူသည်ကျောင်းသားဘဝ မှစ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။ သူ၏အထင်ရှားဆုံးအမှတ်တရအဖြစ်အပျက်တစ်ခုမှာ ၁၉၅၇ မှ ၁၉၆၄ အတွင်းဒုတိယ ၀ န်ကြီးချုပ် ဦး ကျော်ငြိမ်း၏ ၀ န်ထမ်းအတွင်းရေးမှူးဖြစ်သည်။ သူသည် ၈၈၈၈ အရေးအခင်းပြီးနောက် ၁၀ နှစ်ကျော်နိုင်ငံရေးအကျဉ်းသားနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သည်။ သူသည်ဒီမိုကရက်တစ်ပါတီ (Myanmar) DPM ကို ၂၀၁၀ ခုနှစ်တွင်တည်ထောင်ခဲ့ပြီးလက်ရှိဥက္ကဋ္ဌဖြစ်သည်။ သူ၏ပါတီ (DPM) သည် ၂၀၁၀ နှစ်ကုန်တွင်ကျင်းပမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သူသည် ၁၉၃၂ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်တွင်ပြည်ထောင်စုမြန်မာနိုင်ငံ (မြန်မာနိုင်ငံ)၊ တောင်ငူမြို့တွင်မိဘများဖြစ်သော ဦး ဘအုန်းနှင့်ဒေါ်လှတင်တို့အားမွေးဖွားခဲ့သည်။ သူသည်ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ (B.A) ဘွဲ့ရရှိထားသူဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ဦး ရဲသမီးဒေါ်မြသန်းနှင့်လက်ထပ်ခဲ့သည်။ သူတို့မှာသား ၂ ယောက်နဲ့သမီးတစ်ယောက်ရှိတယ်။
နိုင်ငံရေးလှုပ်ရှားမှုများ
၁။ တောင်ငူခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်။ (၁၉၄၈)
၂။ ရန်ကုန်တက္ကသိုလ်တောင်ငူခရိုင်အသင်းအတွင်းရေးမှူး။ (1953)
၃။ ရန်ကုန်တက္ကသိုလ်ဒီမိုကရက်တစ်အဖွဲ့၏ဒုအတွင်းရေးမှူး။ (၁၉၅၄)
၄။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဒုတိယအတွင်းရေးမှူး။ (၁၉၅၄)
၅။ CEC အဖွဲ့ဝင် AFPFL လူငယ်ရပ်ကွက်။ (၁၉၅၈)
၆။ AFPFL လူငယ်အတွင်းရေးမှူး (ရန်ကုန်ခရိုင်) ။ (၁၉၅၉)
၇။ ဆိုရှယ်လစ်လေ့လာမှုအဖွဲ့ဒုတိယအထွေထွေအတွင်းရေးမှူး၊ ရပ်ကွက်။ (၁၉၅၉)
၈။ ပြည်သူ့ဒီမိုကရက်တစ်ပါတီ၏အထွေထွေအတွင်းရေးမှူး။ (1974 - 1980)
၉။ ဥက္ကChairman္ဌယူနိုက်တက်မျိုးချစ်အဖွဲ့။ (1970
၁၀။ မျိုးချစ်လူငယ်များအသံလွှင့်ကော်မတီခေါင်းဆောင်။ (1970
၁၁။ လက်ရှိဒီမိုကရက်တစ်ပါတီဥက္ကChairman္ဌ (မြန်မာ) (၂၀၁၀)
အလုပ်များ
၁။ မြန်မာနိုင်ငံဒုတိယ ၀ န်ကြီးချုပ် ၀ န်ထမ်း ၀ န်ထမ်း ဦး ကျော်ငြိမ်း (AFPFL ၏ဒုတိယဥက္ကဋ္ဌ) ။
ယူနိုက်တက်သတင်းဌာနအတွက်သတင်းအယ်ဒီတာ (UPI)၊ အရှေ့တောင်အာရှရပ်ကွက် (၁၉၆၆)
၃။ Bangkok World Daily (ထိုင်း) အတွက်အယ်ဒီတာ။ (1967
၄။ Morning Express Daily အတွက်ထိုင်းအယ်ဒီတာ။ (1976)
နိုင်ငံတကာအတွေ့အကြုံများ
သူသည်ထိုင်း၊ စီယွန်၊ အီဂျစ်၊ အစ္စရေး၊ ဩစတြီးယား၊ ဟော်လန်၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမနီ၊ အင်္ဂလန်တွင်ကျင်းပသောအပြည်ပြည်ဆိုင်ရာညီလာခံများနှင့်အစည်းအဝေးများတွင်ဝါရင့်တက်ရောက်သူဖြစ်သည်။
မိုးမခနဲ့ ၂၀၁၃ နိုဝင်ဘာမှာ ရန်ကုန်မြို့တွင် ပါတီရုံးခန်းမှာ တွေ့ဆုံစဉ် လမ်းခုလတ် ၂၁၀၃ ခေါင်းစဉ်နဲ့ အင််တာဗျုးခဲ့စဉ်က စာမူကို ပြန်လည် တင်ဆက်လိုက်ပါတယ်
(လမ်းခုလတ် ၂၀၁၃) – ဒီမိုကရေတစ်ပါတီ(မြန်မာ)က ဦးသုဝေ၊ ဒေါ်သန်းသန်းနုတို့နဲ့ စကားလက်ဆုံမိုးမခ၊ ဇန်နဝါရီ ၁၂၊ ၂၀၁၄
၂၀၁၃ နိုဝင်ဘာ ၂၈ ၊ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဌာနချုပ်မှာ ပါတီဥက္ကဌ ဦးသုဝေ၊ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု တို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်ဆိုတဲ့ သဘောတူချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတရပ် ဖြစ်တဲ့အပြင် ၂၀၁၀ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင် ငြိမိးချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီထဲက ပါတီတခု အပါအဝင်လည်း ဖြစ်ပါတယ်။ တွေ့ဆုံခွင့်ရခိုက် ဦးသုဝေနဲ့ ဒေါ်သန်းသန်းနုတို့နဲ့ စကားလက်ဆုံတို့ကို တင်ပြရသည် ရှိသော် …
မေး။ ။ ပြည်ပက မြန်မာပြည်သားတွေ မိသားစုတွေ ပြန်လာကြတယ်၊ အနည်းဆုံး ခေတ္တ ခဏတော့ ပြန်လာကြတယ်။ တိုင်းပြည်အရေးကိစ္စတွေမှာ စိတ်ဝင်စားကြတာတွေ၊ လုပ်ချင်ကိုင်ချင်ကြတာတွေ ရှိတယ်။ သူတို့တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိသလဲ။
ဦးသုဝေ။ ။ နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ကိုယ့်နိုင်ငံကို စိတ်ဝင်စားတယ်ဆိုတာ နည်းတာမှ မဟုတ်ပဲ။ ဝမ်းသာစရာ အချက်တချက်ပေါ့။ လက်တွေ့လည်း အကောင်အထည် ဖော်ကြပေါ့ဗျာ။ ကိုယ်ကိုယ်တိုင်ကလည်း ပြုစုတယ်၊ အသိပညာတွေ ပေးတယ်ဆိုတာ သိပ်ကောင်းတဲ့ အလုပ်တွေပေါ့။ နိုင်ငံတော်အစိုးရရဲ့ ဝါဒကလည်း နိုင်ငံတကာရောက် နိုင်ငံရဲ့ သားသမီးတွေကို ကြိုဆိုရမှာပဲ၊ ဖိတ်ခေါ်ရမှာပဲ။ ပြန်မလာနိုင်တဲ့ မိသားစုတွေလည်း ရှိမှာပဲ။ အဲသည်မှာ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီကတော့ ပြန်လာတဲ့သားသမီးတွေကိုလည်း ကြိုဆိုရမှာဖြစ်သလို ပြန်မလာနိုင်သေးတဲ့ သားသမီးတွေကို အချိန်မရွေး ပြန်လာပေါ့ဗျာ။ ဗီဇာတွေ ဘာတွေ မလိုပါဘူး ဆိုတာမျိုး ဖြစ်ရမှာပဲ။ ဒါမှလည်း တိုင်းပြည်တိုးတက်အောင် ဖွံဖြီုးအောင် ပိုပြီး ဝိုင်းလုပ်နိုင်ကြမှာပေါ့။ ဘလက်လစ်တွေလည်း အများကြီးကျန်သေးတယ်။ သူတို့ကလည်း တဦးချင်းစီ လေ့လာနေတုန်း ရှိသေးတယ် ပြောတယ်။
ဒါပေမယ့် ဘာပဲ ပြောပြော ဒီကာလမှာ … သဘောထားတွေ၊ အယူအဆကွဲတာတွေ ရှိမယ်။ တင်းမာတာတွေလည်း ရှိမှာပဲ။ ဒါတွေကို အမြဲတန်း တိုင်ပင်ပြီးတော့ ဆွေးနွေးပြီးတော့ ညှိနှိုင်းနိုင်တဲ့ အခြေအနေပေါ့ဗျာ၊ ဒီမိုကရေစီ ရှိနေရင် အကောင်းဆုံးပဲ။ သဘောထားကွဲလွဲတာကို ချက်ခြင်း ပြေလည်ဖို့ကတော့ ဘယ်ဖြစ်နိုင်မလဲ။ ညှိနှိုင်းနိုင်တဲ့ အခြေအနေရှိဖို့ အရေးကြီးတယ်။ ညှိနှိုင်းနိုင်တယ်၊ စကားပြောနိုင်တယ်။ အဲဒါ ဒီမိုကရေစီပဲ။ အဲဒီအခြေအနေရှိနေရင် ပြေလည်ဖို့ တိုးတက်ဖို့ ရှိနေတာပဲ။ ဒီလိုရှိနေအောင် ကျနော်တို့က ကြိုးစားရမယ်။ ဒီအစိုးရကလည်း အပြောင်းအလဲက ဒီမိုကရေစီဖက် အပြောင်းအလဲ၊ ကောင်းတဲ့ အပြောင်းအလဲပေါ့ဗျာ။ ဆိုးတဲ့ဘက် အပြောင်းအလဲ မဟုတ်ဘူး။ ကျနော်တို့က လက်ခံရမယ်၊ ကြိုဆိုရမယ်။ ပိုပြီးတော့ ပြောင်းလာအောင် ကျနော်တို့က တိုက်တွန်းရမယ်၊ ကြိုးစားရမယ်။
ဒီကာလမှာ dual citizen ပေါ့ဗျာ။ ၂ နိုင်ငံမှတ်ပုံတင်ပေါ့ဗျာ၊ ပေးဖို့ အကြံပေးတာတွေ ရှိတယ်။ အဲဒါကို လက်ခံဖို့ ခက်မယ်။ သည်တော့ PR ပေါ့ဗျာ။ အဲဒီစနစ်ကို ကျင့်သုံးဖို့ဆိုတာကလည်း ဖြစ်လာလိမ့်မယ် ထင်တယ်။ အခု ခင်ဗျားတို့ထုတ်မယ့် စာစောင်ဟုတ်လား။ အဲသည်မှာ နိုင်ငံတကာရောက်နေတဲ့ မြန်မာစာရေးသူတွေရဲ့ အမြင်ကိုပါ ထည့်သွင်းဖော်ပြမယ်ဆိုတာ ကောင်းတာပေါ့ဗျာ။ အတွေးအမြင်သဘောထားတွေ ဖလှယ်လို့ ရတာပေါ့။ အပြန်အလှန် ဖလှယ်လို့ရတာပေါ့။ အခြေအနေမှန် အကြောင်းအရင်းမှန်ကို သိကြဖို့ လိုတယ်။
မေး။ ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲသည်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ အခု အခြေအနေ ဘယ်လို ရှိသလဲ၊ ဘာတွေ ပြောင်းလဲလာသလဲ။
ဒေါ်သန်းသန်းနု။ ။ အန်တီတို့က ၂၀၁၁ ရွေးကောက်ပွဲဝင်တုန်းက ပြည်တွင်းကော ပြည်ပကကော ဆန့်ကျင်မှုတွေ ရှိတာပေါ့နော်။ အဲသည်ကြားထဲမှာ အန်တီတို့ပါတီက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဝင်ခဲ့ကြတာပေါ့။ အဲသည်တုန်းက အခြေအနေတွေ၊ အစိုးရတွေ၊ ၂၀၀၈ အခြေခံဥပဒေကိုလည်း ယုံကြည်တာတော့ မဟုတ်ဘူး။ အဲသည်မတိုင်ခင်ကတည်း တချိန်ချိန်မှာ အခွင့်သာလာလျင် နိုင်ငံရေးကို လုပ်ကြဖို့ကို ဦသုဝေကနေပြီးတော့ ရင်းနီးတဲုသူတွေကို ဆွေးနွေးထားတာ ရှိတာပေါ့လေ။ နောက်တော့ ရွေးကောက်ပွဲလုပ်ပေးမယ် ကြေညာလိုက်တော့ ဒါဟာ အခွင့်အလမ်းတခုပဲ။ ဘာကြောင့်လဲဆိုတော့ အဲသည်တုန်းက စစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးမယ်လို့ မမျှော်လင့်ကြဘူးလေ။ လုပ်ပေးပြန်ရင်လည်း free & fair မဖြစ်ဘူးလို့လဲ တွက်ပြီးသား။ သူတို့ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်သော်လည်း သူတို့အခြေခံဥပဒေကို လက်ခံတယ်ဆိုမှ ပါတီ မှတ်ပုံတင်ခွင့်ရမှာ။ ဒါကို ကိုယ်ကနေပြီးတော့ Risk တခု ယူရတာ။ အခွင့်အလမ်းတွေတခုတော့ ရလာမှာပဲ ဆိုပြီးတော့ ဘယ်သူ ဘာပြောပြော ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်လိုက်တယ်။
အခုဆိုလိုရှိရင် အန်တီကတော့ ယုံကြည်တယ်။ လူတိုင်းကိုလည်း ပြောတယ်။ အဲဒီတုန်းက အန်တီတို့ ပါတီငယ်လေးတွေက ၂၀၀၈ ကို လက်မှတ်ထိုးပြီး ဝင်လိုက်တဲ့အတွက်ကြောင့် ဒီနေ့ ဒီအချိန်အထိ ဒီလောက် အပြောင်းအလဲတခု ရှိလာတယ်ဆိုပြီး ဒီပါတီလေးတွေကြောင့်လို့ ယုံကြည်တယ်။
သူတို့ရဲ့သဘောထားက အကယ်၍ ဘယ်သူမှ မဝင်ဘူးဆိုပါတော့ … အကုန်လုံး သပိတ်မှောက်တယ်။ ရတယ်။ သူတို့ ကိုယ်စားလှယ်တွေက သူတို့မဲ သူတို့ထည့်ပြီး တက်လာကြမှာပဲလေ။ ဘယ်သူမှ မဝင်လည်း နေလေ။ သူက ဖွင့်ပေးထားတာပဲ။ အဲလိုဆို ဘာဖြစ်လာမလဲ။ အရပ်သားအစိုးရအစိုးရ ပြောင်းချင်မှလဲ ပြောင်းမယ်။ စစ်အစိုးရအတိုင်းပဲ ဆက်ဖြစ်ချင် ဖြစ်သွားမယ်။ တိုင်းရင်းသားတွေနဲ့ ပါတီလေးတွေ ဝင်လာလို့ အရပ်သားအစိုးရဆိုတာမျိုး ဖြစ်လာရတယ်လို့ မြင်တယ်။ အပြောင်းအလဲတခုတော့ ဖြစ်သွားရတာပေါ့။
အပြောင်းအလဲဆိုပေမယ့် ကိုယ်ပြောင်းစေချင်သလောက်တော့ မပြောင်းဘူးလေ။ အောက်ခြေမှာ ဘာမှ မပြောင်းသေးဘူး။ အောက်ခြေမှာ သာမန် ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေကတော့ မပြောင်းသေးဘူးပေါ့။ ဒါပေမယ့် လူတိုင်းမှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေထဲမှာ အသက်ရှုပေါက်ကလေးတော့ ရလာတယ်ဆိုတာတော့ ရှိတယ်။ ဒါကိုတော့ ငြင်းလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေက အသိအမှတ်ပြုလာတော့ သူတို့တွေကလည်း အရမ်းကာရောတော့ လုပ်လို့မရတော့ဘူးလေ။
နှစ်ပေါင်း ၅၀ စစ်အာဏာရှင် အုပ်ချုပ်လာခဲ့တာဆိုတော့ သူတို့ကိုယ်တိုင်လည်း ချက်ခြင်းတော့ ပြောင်းဖို့ခက်တယ်။ အခုဆို ၂ နှစ်ခွဲ ၃ နှစ်တော့ ရှိလာပြီ။ အဲလောက်ကြီး မြန်မြန်တော့ သွားမှာ မဟုတ်ဘူး။ သွားရင်တော့ ကောင်းတာပေါ့။ မပြောင်းတဲ့အပေါ်မှာလည်း ကိုယ်က ပြသနာဖြစ်ဖို့ မလိုဘူး။ တဖြေးဖြေးချင်းတော့ ပြောင်းပေါ့။ ကိုယ်က အဲသည်အလိုက်အထိုက်မှာနေသွားပြီးတော့ ကိုယ်က ပြုပြင်ပြောင်းလဲပေးနိုင်အောင် ကိုယ့်ပါတီကနေ လုပ်ဖို့ ဦးတည်တယ်။
အဲသည်အချိန်ကာလမှာ အပြင်ကနေ ပြန်လာတဲ့ လူငယ်တွေကို ကြိုဆိုတယ်ဆိုပေမယ့် သည်အတိုင်း ပြေလည်သွားခဲ့တာ မဟုတ်ဘူး။ ဘလက်လစ်ကို ပြန်စိစစ်ပေးပါ ဆိုတဲ့အကြောင်းကိုလည်း အန်တီကိုယ်တိုင် သမ္မတကြီးကို တင်ပြပေးတာပဲလေ။ ဘာကြောင့်လဲဆိုတော့ ပြန်လာလို့ရပြီဆိုလို့ ပြန်လာတယ်။ လေဆိပ်မှာ ဘလက်လစ်နဲ့ သွားမိနေတော့ အခက်အခဲတွေ ရင်ဆိုင်ရတာပေါ့။ ဒါကြောင့် အန်တီကိုယ်တိုင် သမ္မတကြီးကို ပြောတော့ ဘေးနားမှာ ဝန်ကြီးဦးစိုးသိန်းလည်းရှိတော့ သူကပြောတယ်၊ တချို့ဆိုရင် ဒေါ်သန်းသန်းနုပြောတာထက်တောင် ဆိုးသေးတယ်တဲ့။ သူက ထောက်ခံပြီး ဆွေးနွေးတာပေါ့လေ။ အဲဒါပြီး မကြာပါဘူး၊ နှစ်လ သုံးလအတွင်းမှာ ဘလက်လစ်ဆိုတာတွေ ဖြေရှင်းပေးလိုက်တယ်။ ဒါပေမယ့် လူ ၃ထောင်လောက် ကျန်သေးတယ်။
မေး။ ။ ခေါင်းဆောင်ဆိုတာ စုစည်းမှုရဲ့ သင်္ကေတ၊ ညီညွတ်မှုရဲ့ သင်္ကေတဖြစ်ဖို့၊ စံပြဖြစ်မှုတခု ပြနိုင်ရမယ်ဆိုတဲ့ သဘောပေါ့လေ။ အရင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း မတူကွဲပြားတဲ့ အစုအဖွဲ့တွေကို လွတ်လပ်ရေးကို ရယူဖို့အရေးမှာ စုစည်းညီညွတ်မှု ရယူနိုင်ခဲ့တယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှာလည်း ဝန်ကြီးချုပ်ဦးနုကလည်း စုစည်းမှု၊ ညီညွတ်မှုရအောင် ကြိုးစားအားထုတ်ခဲ့တာတွေ ရှိတယ်။ အခုချိန်မှာလည်း ဒီမိုကရေစီအရေးအတွက် စုစည်းမှု၊ ညီညွတ်မှုကို ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်မှုတရပ် ဖြစ်ပေါ်လာနိုင်တာမျိုးတွေ ရှိလာပြီလား။
ဦးသုဝေ။ ။ အခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မှတ်ပုံတင်ထားတဲ့ ပါတီက ၆၀ လောက် ရှိလာပြီ။ ကိုယ့်အယူအဆနဲ့ ကိုယ်လုပ်ကြတာကိုး။ သည်တော့ အားလုံးက ကိုယ့်ကိုယ်ကို ဗိုလ်လို့ပဲ ထင်ကြတာကိုး။ အဲဒါက အခြေခံအားဖြင့် စုစည်းဖို့ ညီညွတ်ဖို့ ခက်တာပေါ့။ ဒါ့အပြင် ကျန်တဲ့အယူအဆတွေမှာ ကွဲလွဲမှုတွေ ရှိကြတယ်။ ပေါ်လစီအရ ကွဲလွဲတာ ရှိမယ်။ လူမျိုးစုအရ ကွဲလွဲမယ်။ အဲဒါတွေက ချက်ခြင်း မပြေနိုင်ဘူး။ လောလောဆယ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်းမှာကျတော့ ညှိနှိုင်းတာတွေက ဒီလောက်တော့ မြန်မယ်လို့ မထင်ဘူး။ ညှိနှိုင်းနိုင်သလောက် ညှိနှိုင်းကြရမှာပေါ့။
ကျနော်တို့ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဗမာလူမျိုးတွေ စုပြီးဖွဲ့ထားတဲ့ ၅ ပါတီရယ်၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပါတီတွေက ၅ ပါတီရယ်၊ ၁၀ ပါတီ မိတ်ဆွေတွေ မိတ်ဆွေပါတီတွေအဖြစ် ဖွဲ့လိုက်တယ်။ ဖွဲ့ပြီးတဲ့အခါကျတော့ နိုင်ငံမှာ ဖြစ်နေတဲ့ အရေးပါတဲ့ issues တွေကို တိုင်ပင်ပြီးတော့ သဘောတူညီချက်ရတဲ့အခါမှာ ကျနော်တို့ရဲ့ သဘောထားဆိုပြီး ထုတ်တယ်၊ သမ္မတနဲ့ ဆိုင်ရင် သမ္မတ၊ လွှတ်တော်နဲ့ဆိုင်ရင် လွှတ်တော်ဆီ ပို့တာတွေ ရှိတယ်။ အမေရိကန်၊ အီးယူ စတဲ့ နိုင်ငံတွေနဲ့ဆိုင်ရင်လည်း ကျနော်တို့သဘောထားတွေ ပို့တယ်။ တော်တော်လေး အောင်မြင်ပါတယ်။
ဒါပေမယ့် အခုဘယ်လိုဖြစ်သလဲဆိုတော့ တိုင်းရင်းသားလူနည်းစုတွေထဲက တချို့ကတော့ ဗမာဆိုတဲ့အပေါ်မှာ အမြင်တွေ ပြင်းတာတွေ ရှိတာပေါ့။ ဗမာလူမျိုးကြီးဝါဒဆိုတဲ့အပေါ်မှာပေါ့။ ဗမာလူမျိုးကြီးဝါဒနဲ့ ယှဉ်နိုင်အောင် သူတို့ကလည်း သူတို့အယူအဆနဲ့ပေါ့နော်၊ ဒီတိုင်းရင်းသားလူနည်းစုတွေက သီးခြားသူတို့အဖွဲ့ကို ဖွဲ့ဖို့ လုပ်နေကြတာပေါ့။ အားလုံးအတူတူ စုပေါင်းတိုင်ပင်လုပ်နေကြတယ်။ သည်တော့ကာ ကျနော်တို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသား ၅ ပါတီကလည်း ဟိုမှာသွားပြီး စုရတာပေါ့။ ကျနော်တို့ ခုနက ၁၀ပါတီဆိုတာ လုပ်ငန်းအနေနဲ့ ရပ်ထားရသလို ဖြစ်သွားတယ်။ အမှန်ကတော့ လုပ်ငန်းအနေနဲ့ ချဲ့ရမယ့်အစား ကြီးလာရမယ့်အစားပေါ့လေ၊ ဖြစ်ဖို့ကောင်းတာက ကျနော်တို့ ၁၀ ပါတီ ရှိတယ်။ သူတို့လည်း ထပ်ပြီးတော့ လုပ်မယ်၊ အားလုံးပေါင်းရင်း သိပ်ကောင်းတာပေါ့။ ဖြစ်ဖို့ ကောင်းတဲ့ဥစ္စာ။ အဲသည်လို အတွေးအခေါ်အယူအဆတွေက မရင့်ကျက်ကြသေးဘူး။ မရင့်ကျက်ကြတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို အားကြီးအောင် အရင်လုပ်နေကြတဲ့ သဘောရှိတယ်။ နောက်ကျမှ တဖြေးဖြေး ပြန်ညှိကြရမှာပဲ။ ဒါကလည်း ထုံးစံအတိုင်းပါပဲ။ ဟိုပါတီတွေ စခါကမှာ ပါတီတွေ အများကြီးပေါ့။ နောက်ပိုင်းကျတော့ တဖြေးဖြေး နည်းနည်းသွားပြီးတဲ့ အခါကျတော့ ၂ ပါတီ၊ ၃ ပါတီ စသည်ဖြင့် ဖြစ်သွားမှာပါ။
သည်တော့ ကျနော် အရှေ့ပိုင်းကပြောခဲ့သလို ညှိနှိုင်းနိုင်ဖို့ ဒီမိုကရေစီ အခြေခံရှိဖို့ပဲ အရေးကြီးပါတယ်။ ကျနော်တို့ပါတီဖွဲ့ကတည်းက ဒီသဘောထားရှိပြီး ဖြစ်ပါတယ်။ အစကတည်းက ညှိနှိုင်းမယ်၊ လက်တွဲမယ်၊ ဆိုတဲ့ သဘောထားကို ပြထားပြီး ဖြစ်ပါတယ်။ ငါတို့နဲ့ သူတို့တွေကြားထဲမှာ ကွဲပြားတဲ့အယူအဆရှိပါလား ဆိုတဲ့ သဘောကို လက်ခံနိုင်တဲ့ ခေါင်းဆောင်တွေက နည်းသေးတယ်။
မေး။ ။ အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖြတ်လာခဲ့ကြပြီ၊ ၂၀၁၂ ကြားဖြတ်ကိုလည်း ဖြတ်လာခဲ့ကြပြီ။ ၂၀၁၃ ကာလကိုလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရပ်တည် ဖြတ်သန်းခဲ့ကြပြီ။ အခုအချိန်မှာ အဲသည် အတိုက်အခံအနေနဲ့ ရပ်တည်နေကြတဲ့ ပါတီတွေ၊ အင်အားတွေအချင်းချင်းကြားထဲက တဦးနဲ့ တဦး အသိအမှတ်ပြုမှု၊ ထိတွေ့ ဆက်ဆံမှုတွေကကော ဘယ်လို ရှိသလဲ။
ဒေါ်သန်းသန်းနု။ ။ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ အီလဲဗင်းမီဒီယာဂျာနယ်ကြီးက ၂၀၁၁ နှစ်ဆန်းမှာ နိုင်ငံရေးအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ အင်န်ဂျီအိုတွေ၊ အစုအဖွဲ့တွေ ဖိတ်ပြီးတော့ ဂုဏ်ပြုပွဲကြီးတခု လုပ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်ပြီပေါ့။ မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေ မလွတ်သေးဘူး။ အဲသည်မှာ သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ဂုဏ်ပြုတယ်လို့ ကြေငြာတယ်။ နောက် နိုင်ငံတော်ကိုလည်း အခုလို ဖွင့်ပေးလိုက်တာအတွက် ဂုဏ်ပြုတယ်။ နောက်ပြီးတော့ အနုပညာသည်တွေ တက်ကြွလှုပ်ရှားသူတွေကို ဂုဏ်ပြုတယ်။ အဲသည်မှာ ပရိသတ်က လက်ခုပ်တီးကြတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေအလှည့်လည်းကျရော ဘယ်သူမှ လက်ခုပ်မတီးကြဘူး။ အဲသည်လိုမျိုး သဘောထားတွေ ရှိနေသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မြောက်ခြင်းမှာ ကျမတို့ပါတီက ဥက္ကဌကြီးအပါအဝင် ကျမတို့တတွေ၊ အဖွဲ့ဝင်တွေ သွားရောက်တွေ့ဆုံပြီး ဝမ်းသာစကား၊ နှုတ်ဆက်စကားပြောကြတယ်။ ဦးသုဝေကနေပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲသည်တုန်းက ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီက ပါတီမှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ မဖြစ်သေးဘူး။ သည်တော့ နိုင်ငံရေးဆိုတာထက် လူမှုရေးတို့ ပညာရေးတို့ တခြားယဉ်ကျေးမှုပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ကြဖို့ အကြံပြုတာပေါ့လေ။ သည်တော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ ပြန်ပြောတာပါ။ တနသာင်္ရီတိုင်းမှာ စကြရအောင်တဲ့။ အဲသည်မှာ ကျမတို့က အားကောင်းခဲ့တာ ရှိတယ်လေ။ သဘောတူခဲ့ကြတာပေါ့။ ပူးပေါင်းဆောင်ရွက်မယ်ပေါ့။ ယဉ်ကျေးမှုတို့ု၊ ကလေးပညာရေးတို့ အဲသည်နေရာလေးတွေမှာ ဝိုင်းလုပ်ကြဖို့ပေါ့။ အဲသည်မှာ တခုဘာပြောသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဘလူးပရင့်ကို သူဆွဲပါမယ်တဲ့။ အဲသည်ကတည်းကပြီး ခုထိအန်တီတို့လည်း ဘာသံမှ မကြားရတော့ဘူူး။
အခုအချိန်မှာက ပါတီလေးတွေက တဦးနဲ့ တဦး တွဲပြီး ချိတ်ဆက်ပြီး အလုပ်လုပ်တာလေးတွေ ရှိနေတာပေါ့။ ဒါပေမယ့် ပါတီကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကျတော့ ပါတီကြီးတွေကနေ လက်ကမ်းမှ ကြိုဆိုမှ ပိုပြီး သင့်တော်တယ်လေ။ ကျမတို့ပါတီငယ်တွေအနေနဲ့က ပူးပေါင်းဆောင်ရွက်ကြဖို့ဆိုတာ အဆင်သင့်ရှိတယ်ဆိုပေမယ့် ဘယ်လိုမျိုး ချဉ်းကပ်မှုက ကောင်းသလဲဆိုတာ စဉ်းစားရမှာပေါ့။ နောက်ပြီးတော့ အင်န်အယ်ဒီပါတီမှာက စည်းကမ်းတခုရှိတယ်။ ပေါင်းချင်တယ်ဆိုရင် တဦးချင်းစီကနေ မူလပါတီကနေ ထွက်ပြီး သူတို့ဆီလာ၊ ဒါကို လက်ခံတယ်။ ပါတီလိုက် ပူးပေါင်းတာမျိုးကိုတော့ လက်မခံဘူး။ ဒေါ်နေရီဗဆွေတို့ဆိုရင် ကျမတို့ပါတီကနေထွက်၊ သူ့ဆီလာ၊ ဒါမျိုးဆို လက်ခံတယ်။ အဲဒါမျိုးဆိုတော့ အပြင်ကလူတွေ ပြောတော့ လွယ်တယ်။ ခင်ဗျားတို့ မပေါင်းကြဘူးလား။ ပေါင်းပြီး လုပ်ကြပါလား။ အသေးစိတ်မှာ စည်းကမ်းလေးတွေ ရှိတယ်။
ဦးသုဝေ။ ။ အခုအချိန်ကျတော့လည်း တခုရှိတာက ကျနော်တို့နဲ့ ခပ်ခွာခွာနေချင်သလားတော့ မသိဘူးလေ။ အခု ကျနော်တို့ မိတ်ဆွေပါတီတွေထဲမှာက ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ အင်န်အယ်ဒီကနေ ထွက်လာတဲ့ အင်န်ဒီအက်ဖ် ပါတီ အခုပါနေတယ်လေ။ အင်န်ဒီအက်ဖ်ပါတီအပေါ် ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားက တင်းမာနေတုန်းပဲလား။ စဉ်းစားစရာပေါ့။ အမှန်ဆိုရင် NDF ကလူတွေကလည်း သူ့ကို လက်ခံတာပါပဲ။ အဲသည်တုန်းက ကွဲလွဲချက်တွေရှိခဲ့တာပေါ့လေ။ အင်န်အယ်ဒီက ရွေးကောက်ပွဲ မဝင်ဘူးဆိုလို့ အင်န်အယ်ဒီတည်ရေးအတွက် သူတို့က ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ။ အဲဒီကိစ္စက ခုထိရှိနေသေးတယ်ဆိုရင် ညီညွတ်ရေးတို့၊ ထိတွေ့ဆက်ဆံရေးတို့ လုပ်ရတာ ခက်တယ်။
မေး။ ။ ကျနော်တို့ မိုးမခကိုယ်တိုင်ကလည်း အဲသည် ၂၀၁၀ တုန်းက ရွေးကောက်ပွဲမဝင်ရေး၊ သပိတ်မှောက်ရေး စတဲ့ အကြောင်းအရာတွေကို ဦးစားပေးခဲ့တဲ့ မီဒီယာတခုပါပဲ။ အခုကျတော့လည်း ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီးတဲ့နောက်ပိုင်း၊ ၂၀၁၂ ကြားဖြတ်ကို ဖြတ်ခဲ့ကြပြီးတဲ့ နောက်ပိုင်း အခြေအနေတွေ အပြောင်းအလဲတွေ ဖြစ်လာပြီပေါ့လေ။ အခုအချိန်မှာ ကျနော်တို့က မတူညီတဲ့ သဘောတွေရှိတဲ့ကြားထဲက စကားပြောကြ၊ ဆွေးနွေးကြတဲ့ သဘောပါပဲ။ အချင်းချင်းတွေ ရန်လိုမှုတွေထက် မိတ်ဖက်ဆန်မှုကို ဖော်ဆောင်ရမယ်လို့ ထင်တာပဲ။
ဦးသုဝေ။ ။ ကြားထဲလူတွေကလည်း အရေးကြီးတာပဲ။ ကျနော်တို့လည်း ကြိုးစားရမှာပေါ့။ ကာယကံရှင်ကိုယ်တိုင်တွေကလည်း တာဝန်ရှိပါတယ်။ ပြီးတော့ ကြားထဲကလူတွေကလည်း ခင်ဗျားတို့တွေလိုမျိုးက ရန်ဖြစ်အောင် လုပ်ချင်ရင် လုပ်လို့ရတယ်။ ချစ်ခင်အောင် ပြောချင်လည်း ပြောလို့ရတယ်။ ကြားထဲက ပြောတဲ့သူတွေက ချစ်ခင်အောင် ပြောတယ်၊ ညီညွတ်အောင်ပြောတယ် ဆိုရင် ကောင်းသွားမှာပါပဲ။ တယောက်နဲ့ တယောက် တိုက်ရိုက်စကားပြောကြတဲ့ဆီမှာ ချစ်ခင်အောင် ညီညွတ်အောင် ညှိနှိုင်းပြောဆိုကြမှာ ဖြစ်သလို၊ တဆင့်ခံနဲ့ ပြောကြဆိုကြရတဲ့ဆီမှာလည်း ကြားထဲကလူတွေကိုယ်တိုင်က ညီညွတ်တဲ့ ချစ်ခင်တဲ့စကားအတိုင်း ဖြစ်အောင် လုပ်ကြရမှာပေါ့။
မေး။ ။ ဆရာဦးသုဝေအနေနဲ့ တလျောက်လုံး နိုင်ငံရေးသမားအဖြစ် လုပ်လာတယ်။ ရပ်တည်လာတယ်။ အခု ၂၀၁၃ လမ်းခုလတ်ကို ဘယ်လိုမျိုး သုံးသပ်သလဲ။ ရှုမြင်ပါသလဲ။
ဦးသုဝေ။ ။ ကျနော်အနေနဲ့ တောက်လျောက်လုပ်ခဲ့တာပဲ။ လုပ်တယ်ဆိုတာက တိုင်းပြည်အတွက် နိုင်ငံရေးဘာလိုအပ်တယ်ဆိုတာကို ကြည့်ပြီး လုပ်ခဲ့တာ။ ရွေးကောက်ပွဲတွေ ဘာတွေဆိုတာ အခါအားလျော်စွာ ဖြစ်ပေါ်လာတဲ့ မှတ်တိုင်တွေ၊ အဲသည်အခါ ကျနော်တို့ ဝင်ပါသင့်တယ် ထင်ရင် ပါရတာပါ။ သို့သော် တိုင်းပြည်အတွက် လူထုအတွက် လိုအပ်မယ်ထင်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကတော့ လုပ်နေရမှာပဲ။ တိုင်းပြည်အနေနဲ့က ၂၀၁၃ ရောက်လာတဲ့ဆီမှာ ပြုပြင်ပြောင်းလဲရေး အကူးအပြောင်းကာလ ကောင်းတဲ့ဘက်ကို ရောက်လာတယ်လို့ ယူဆတယ်။ နိုင်ငံရေးပါတီတွေသာမက မီဒီယာတွေ လွတ်လပ်လာတယ်။ လူထုတွေလည်း လွတ်လပ်လာတယ်။ ဆန္ဒပြလို့ရလာတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း တည်ဆောက်လို့ရလာတာတွေလည်း ရှိလာတယ်။ ကောင်းတဲ့အချက်တွေလို့ ယူဆပါတယ်။
နောက်တချက် ဒီအချိန်မှာ ဘာလိုသလဲဆိုတော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး လိုတာပေါ့။ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ညီညွတ်ဖို့ ငြိမ်းချမ်းဖို့။ အခုတော့ အပစ်အခတ်ရပ်စဲရေးတွေ လုပ်လာတယ်။ နောက်တဆင့် ငြိမ်းချမ်းရေးရမယ် ဆိုရင် လုပ်လို့ ကိုင်လို့ အကောင်းဆုံးဖြစ်လာမယ်။ တိုင်းပြည်တွင်းမှာလည်း ဖြစ်လာမယ်၊ နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပိုပြီး ဖြစ်ပေါ်လာမယ်။ အများကြီး တိုးတက်လာမှာပါ။
အရင်အပတ်က ကျနော်ကြားလိုက်တာတခုရှိတယ်။ စူဆန်ရိုက်စ်က ပြောလိုက်တာပေါ့နော် (ယူအန် အမေရိကန်ကိုယ်စားလှယ်)။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်။ ပြေပြစ်အောင်လုပ်ကြပါ။ အောင်မြင်အောင်လုပ်ပါ။ ရိုဟင်ဂျာလူနည်းစုတွေကိုပါ သူထုတ်ပြောသွားတာရှိတယ်။ အားလုံးနဲ့ ပြေလည်အောင်လုပ်ပါ။ အကယ်၍ ပြေလည်သွားတယ်ဆိုလို့ ရှိရင် အရှေ့တောင်အာရှမှာ ထိပ်ဆုံးနိုင်ငံဖြစ်အောင်လုပ်ပေးပါမယ်လို့ ပြောသွားတယ် ဆိုတယ်။ ဒါဟာ မက်လုံးပေးတာပေါ့နော်။ အဲသည်တော့ တချို့ကပြောကြတယ်။ ဒါမျိုးပြောတာ မက်လုံးပေးတာက ငါတို့တိုင်းပြည်ရေးကို ဝင်စွက်တာပဲ။ မလုပ်သင့်ဘူး ဝေဖန်တာတွေ ရှိတယ်။ ကျနော်ကတော့ ဒီအချိန်မှာ ပြောလိုက်တာကတော့ သူတို့အကူအညီပေးမယ်ဆိုတာ ကောင်းတာပဲ၊ အကောင်းမြင်ဝါဒနဲ့ ကြည့်ပါ။ လုပ်ခိုင်းတာ အကုန်လုံး လုပ်ရမယ်မှ မဟုတ်တာ။ လုပ်နိုင်တဲ့ဟာ လုပ်ရမှာပေါ့။ ဒါတွေကလည်း သူတို့ပြောမှ လုပ်ရမယ့်ဟာမှ မဟုတ်တာ။ ကိုယ့်ဖာသာကိုယ် မပြောဘဲနဲ့တောင် လုပ်ရမယ့်ဟာတွေ။ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာကို သူတို့က ကူညီပေးမယ်ဆိုရင် ပိုပြီးတော့တောင် အောင်မြင်ရမှာပေါ့။ ဒီကာလဟာ တိုးတက်ပြောင်းလဲလာတဲ့အချိန်ထဲမှာ ကောင်းနေတဲ့ အခြေအနေလို့ပဲ ယူဆပါတယ်။ ဒီထက်ပိုပြီးကောင်းအောင် အားလုံး ဝိုင်းလုပ်ကြရမှာပါ။
သည်နေရာမှာ ကျနော်တို့ အားလုံးအတူတူ ဝိုင်းလုပ်ကြရအောင်ဆိုတဲ့နေရာမှာ ကျနော်အဓိကထားပြောချင်တာတခုကတော့ ဖြစ်စေချင်တာကတော့၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ လူမျိုးစုတွေရှိတယ်။ သည်လူမျိုးတွေက ငါက ကရင်ပဲ၊ ကချင်ပဲ၊ ရခိုင်ပဲ၊ ဗမာပဲ၊ ရှမ်းပဲ စသည်ဖြင့် လူမျိုးရေးစိတ်ဓာတ်တွေက ရှေ့တန်း ရောက်နေသေးတယ်။ ရှေ့တန်းရောက်နေတဲ့အခါကျတော့ ညီညွတ်မှုကို ဟန့်တားတဲ့ အယူအဆဖြစ်လာတယ်။ ကျနော်က အမြဲတမ်းပြောပါတယ်။ ဒို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်သားတွေပေါ့နော်။ အားလုံးဟာ နိုင်ငံသားပဲ၊ ပြည်ထောင်စုသားတွေပဲ။ အဲသည်နိုင်ငံသားစိတ်၊ ပြည်ထောင်စုစိတ်ကို မွေးမှ ငါတို့ ညီညွတ်ရေး ရမှာ။ အဲသည်ပြည်ထောင်စုစိတ်ဓာတ်ကို မွေးစေချင်တယ်။ လောလောဆယ်မှာ အဲဒါကလည်း ချို့ယွင်းနေသေးတယ်။ အဲသည်တော့ အဲသည်အကြောင်းကို ခင်ဗျားတို့ ရောက်တဲ့ဆီမှာ များများပြောပေးပါ။ ပြည်ထောင်စုစိတ် နိုင်ငံသားစိတ်ရှိမှ ညီညွတ်မှာ၊ ညီညွတ်မှလည်း ငြိမ်းချမ်းရေးရကြမှာပေါ့နော်။
မေး။ ။ ဒေါ်သန်းသန်းနုအနေနဲ့ကော ၂၀၁၃ လမ်းခုလတ်မှာ ဘယ်လိုမျိုး ထင်မြင်ယူဆတာရှိသလဲ။ ဘယ်လိုမျိုး ပြောချင်သလဲ။
ဒေါ်သန်းသန်းနု။ ။ အန်တီအနေနဲ့ကတော့ အပြောင်းအလဲတွေပေါ်မှာ အပြည့်အဝကျေနပ်တယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ၂၀၁၄ကနေ ၂၁၀၅ ဆီသွားမယ့်ဆီမှာ တဖြေးဖြေးချင်းနဲ့ အောင်မြင်တိုးတက်လာမယ်လို့ ယူဆတယ်။ အရေးကြီးနေတာက ငြိမ်းချမ်းရေးကိစ္စပဲ။ အစိုးရဖက်ကနေပြောနေတာကတော့ အတော်ကြီးအောင်မြင်နေတယ်။ ခရီးရောက်နေတယ် ပြောတယ်။ ဒါပေမယ့် တလောက UNFCက ဦးနိုင်ဟံသာတို့ လာသွားတယ်။ သူတို့က အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ အချက်အလက်တွေထဲက တချို့အချက်တွေမှာ အဆင်မပြေသေးဘူးပေါ့နော်။ သတင်းတွေထွက်လာတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ဥက္ကဌကလည်း ပြောသွားသလိုပေါ့နော် … တိုင်းရင်းသားအရေးကိစ္စ ဖြစ်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာကိုး။
နိုဝင်ဘာ ၂၁ ရက်က ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားတယ်။ နိုင်ငံရေးပါတီ ၁၁ ခုက ခေါင်းဆောင် တဦးကျပေါ့လေ။ သွားပြီးတော့ UNFC နဲ့ သဘောထားသိရအောင် သွားဆွေးနွေးရတာ။ အဲသည်တုန်းက ချင်းမိုင်မှာ ကျမတို့ဆုံတွေ့ကြတုန်းကဆိုရင် သူတို့က ကျမတို့အပေါ်မှာ ဗမာဘက်က ၁၁ ယောက်ဆိုပြီးတော့ တင်းမာတဲ့ ပုံ စစချင်းမှာ ရှိခဲ့တယ်။ နောက်ပိုင်းမှာမှ ပြောကြဆိုကြ ဆွေးနွေးကြနဲ့မှ ပျော့ပြောင်းလာတယ်။ ဒီတွေ့ဆုံပွဲက မြန်မာပိစ့်စင်တာက စီစဉ်ပေးတာပါ။ သည်တော့ ကျမက ပြောပါတယ်။ ဒီလိုတင်းမာမှုတွေရှိတယ်၊ ဗမာကို မုန်းတယ်ဆိုတာက စစ်တပ်မှာ ဗမာပေါ့။ တိုင်းရင်းသားဆိုရင်၊ ခရစ်ယာန်ဆိုရင် စစ်တပ်မှာ အကန့်အသတ် အတားအဆီးတွေ ရှိတယ်ပေါ့။ သူတို့ တိုင်းရင်းသားနယ်မြေတွေမှာလည်း စစ်တပ်က ကျုးလွန်တာတွေ ရှိတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး စစ်တပ်ကို မုန်းတယ်၊ ဗမာကို မုန်းတယ်ဆိုတာမျိုးတွေ ရှိနေတာပေါ့။
ဦးနိုင်ဟံသာကိုယ်တိုင်ဆိုရင် ကျမရှေ့မှာ ပြောပါတယ်။ ဆရာမရှေ့မှာ ပြောရတာတော့ အားနာပါတယ်ဆိုပြီး။ ဦးနု လက်ထက်မှာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ တော်တော်လူလည်ကျတဲ့သူပဲ စသည်ဖြင့်ပေါ့နော်။ မွန်ဘာသာကို ပျောက်သွားအောင် လုပ်တာ စသည်ဖြင့်ပေါ့လေ။ ကျမက နားထောင်ပါတယ်။ နားထောင်ပြီးတော့ သူ့ကို ပြောပြပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ကြီးကြီးကျယ်ကျယ် ပြောတာထက် အန်တီ့အိမ်ရဲ့ အတိုင်းအတာနဲ့ပဲ ပြောမှာပါလို့။ ကျမအဖေ (ဦးနု)နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေကို ကန့်သန့်တယ်ဆိုပြီး သူက တော်တော် နာကျည်းနေတာကိုး။ ကျမတို့အိမ်မှာ အဖေက ဘယ်လိုမျိုး ကလေးတွေကို ပျိုးထောင်သလဲဆိုတော့ ဦးနုက အိမ်မှာ မွန်ဆရာမကြီး ထားထားတာ။ မွန်စာ မွန်ဘာသာစကား သင်ပေးဖို့ ထားထားတာ၊ ကျမတို့ အသုံးမကျလို့သာ တိုင်းရင်းသားစကား မတတ်ခဲ့တာပါလို့။ ချင်းဘာသာဆရာရှိတယ်၊ တိုင်းရင်းသားဆရာတွေ အိမ်မှာ အဖေက ကလေးတွေအတွက် ထားပေးပါတယ်။ ကလေးတွေက တတ်အောင် မသင်ခဲ့လို့ပါလို့။ မိသားစုထဲမှာပဲ တိုင်းရင်းသားတွေနဲ့ နေထိုင်ခဲ့ရလို့ နားလည်ခဲ့တာ ချစ်ခင်ခဲ့တာ ရှိပါတယ်လို့။ ဒါကြောင့် ကိုယ့်တိုင်းရင်းသားတွေ ဖွံဖြိုးတိုးတက်အောင်ဆိုတာကလည်း ကာယကံရှင်တွေကိုယ်တိုင် လွတ်လွတ်လပ်လပ်ပြန်လာပြီး ဝိုင်းလုပ်ကြမှ တိုးတက်မှာပါလို့။ သူတို့ကိုယ်တိုင် ဦးဆောင်ပြီးလာလုပ်ကြပါလို့ အန်တီက သူတို့ကို ပြောပြလိုက်ပါတယ်။
အရေးကြီးဆုံးက ငြိမ်းချမ်းရေးပဲ။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးရှိမှ တိုးတက်ဖို့ လုပ်နိုင်မှာ။ ဒုက္ခသည်တွေ ပြည်တွင်း ပြည်ပမှာ ရှိနေတယ်ဆိုတာ ငြိမ်းချမ်းရေး မရှိလို့ပဲ။ ငြိမ်းချမ်းရေးမရှိရင် ဖွံဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကိုလည်း အာရုံစိုက်ပြီး လုပ်ကြပါလို့ ပြောချင်ပါတယ်။
တိုင်းရင်းသားတွေဘက်ကလည်း စဉ်းစားပေါ့နော်။ အရင်ကဆို ဖက်ဒရယ်အကြောင်း မပြောရဘူး။ အခု ပြောဆိုလို့ ရလာပြီ။ အရင်တုန်းကဆို ပြစ်မှုကြီး၊ ဒါကို အကြောင်းပြပြီး အာဏာလည်း သိမ်းခဲ့တယ်။ အခုဆိုရင် အစိုးရဖက်က ဖက်ဒရယ်စနစ်နဲ့ သွားကြမယ်လို့ ပြောလာပြီ။ အဲလောက်ကြီး ပွင့်ပွင့်လင်းလင်း ပြောလာတဲ့အချိန်မှာ တိုင်းရင်းသားတွေဖက်က ညှိနိုင်သလောက် ညှိပါ။ ညှိနှိုင်းဆွေးနွေးလို့ ရသလောက် ဆွေးနွေးကြပြီး ငြိမ်းချမ်းရအောင် လုပ်ကြဖို့ကို ပြောချင်ပါတယ်။ ပြည်ထောင်စုအရေး ဝိုင်းလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar