Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၅ မြင်ကွင်း

(မိုးမခ) ဇွန် ၆၊ ၂၀၂၂  


ပြည်သူတွေက တာဝန်ကျေပါတယ် … ဒါဆို မေးခွန်းက ဘာလဲ

နွေဦးတော်လှန်ရေးကာလမှာ ပြည်ပရောက် မြန်မာတွေက ထောက်ပို့တပ်သားတွေအဖြစ် ထမ်းဆောင်ကြပါတယ်။ ရန်ပုံငွေတွေ လှူဒါန်းကြတယ်။ ပြည်တွင်းက အဖွဲ့အစည်းပေါင်းစုံနဲ့ အွန်လိုင်းအစည်းအဝေးတွေ တက်ရောက်ကြတယ်။ နားထောင်ကြတယ်။ အကြံဉာဏ်မျိုးစုံ ပေးကြတယ်။ လုပ်အားပေးကြတယ်။ မြန်မာ့အရေး သွေးမအေးသွားအောင် ကမ်ပိန်းတွေ၊ ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ထမ်းဆောင်ကြပါတယ်။ အင်န်ယူဂျီအစိုးရက အကူအညီတောင်းတဲ့ ငွေတိုက်စာချုပ်တွေ အခွန်ဆောင်တာတွေ နွေဦးထီ အီးအိုဒီရှယ်ယာတွေ ဝယ်ယူကြပါတယ်။ လိုကယ်ပီဒီအက်ဖ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေ ဝိုင်းလုပ်ကြပါတယ်။ 

ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေမှာလည်း စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖမ်းဆီးနှီပ်စက်မှုတွေ မြေလှန် ချေမှုန်းမှုတွေ ပြင်းထန်လာတာနဲ့အမျှ အများပြည်သူတွေဆီက ကူညီထောက်ပံ့မှုတွေအပြင် စနစ်ကျတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ခေါင်းဆောင်မှုတွေ ပိုမိုလိုအပ်လာနေကြောင်း အဓိကကျတဲ့ ခုခံကာကွယ်ရေး လက်နက်ကိရိယာတွေ အမြန်ရရှိရေး အရေးပါလာကြောင်း ပြောကြား ထောက်ပြလာကြပါတယ်။ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဝင်ရောက်ဖြေရှင်းမှုတွေ ဆွေးနွေးမှုတွေ လိုအပ်နေကြောင်းကိုလည်း ပြည်တွင်း ပြည်ပက ပြည်သူတွေက ဆွေးနွေး တင်ပြကြပါတယ်။

မီဒီယာတွေမှာ မြန်မာအရေးလေ့လာသူ ပညာရှင်တွေနဲ့ အင်တာဗျုးကြတဲ့အခါမှာ အများစုက မှတ်ချက်ပေးကြတာကတော့ ပြည်သူတွေက တာဝန်ကျေတယ်ဆိုတဲ့ စကား ဖြစ်ပါတယ်။ CDM ကာလတုန်းက ဝန်ထမ်းတွေက အလုပ်ခွင်တွေကို စွန့်ခွာခဲ့ကြတယ်။ လမ်းပေါ်သပိတ်တွေမှာ Gen-Z တွေက အသက်စွန့်ပြီး တိုက်ပွဲဝင်ကြတယ်။ ခုခံကြတယ်။ PDF ဆိုပြီး ပြည်သူ့ခုခံကာကွယ်စစ် ပြောက်ကျားစစ်ကို အဆင့်ဆင့် ကျေးလက် မြို့ရွာ တောတောင်တွေ ကြားထဲ ဆင်နွှဲခဲ့ကြပါတယ်။ ထောက်ပို့ပြည်သူတွေကလည်း တောက်လျှောက် ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ ပြည်သူတွေကိုယ်တိုင်က စစ်အုပ်စုကို မြန်မာပြည်နိင်ငံရေးကနေ အပြီးတိုင် မောင်းထုတ်ပစ်ဖို့နဲ့ အနာဂတ်တိုင်းပြည်ကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အားလုံး သာတူညီမျှ ထူထောင်ကြဖို့ကိုလည်း တော်လှန်ရေးကာလတလျှောက်လုံးမှာ သဘောထား ခိုင်မာစွာ ထုတ်ဖော် ပြသထားပြီး ဖြစ်ပါတယ်။

သည်လို ရှင်းလင်းနေတဲ့ တော်လှန်ရေးလမ်းကြောင်းမှာ အချိန်ကာလ ကြာမြင့်လာတာနဲ့အတူ အချို့သော အသေးစိတ်ကိစ္စတွေမှာ အငြင်းပွားရတာ မတူညီမှုတွေ ထွက်ပေါ်လာရတာကလည်း သဘာ၀ပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ ထာ၀ရရပ်တည်ပြီး တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိသလို နယ်စပ်ဒေသကို ပြောင်းရွှေ့လာပြီး အလုပ်ပုံသဏ္ဌာန်ကို ပြောင်းလဲ ရပ်တည်လာကြတဲ့ အင်အားတွေ ရှိလာပါတယ်။ နယ်စပ်ဒေသကနေ ပြည်ပနိုင်ငံတွေကို ဆက်လက်ရွှေ့ပြောင်းသွားပြီး တော်လှန်ရေးထဲ ဆက်လက်လိုက်ပါဖို့ နေရာယူကြတဲ့ အင်အားတွေလည်း ရှိလာပါတယ်။ ပြည်သူတွေအများစုကတော့ သူတို့ပခုံးပေါ်ရောက်လာတဲ့ လူထု၏ အခန်းကဏ္ဍကနေ သွေဖည်ခြင်း မရှိဘဲ ဆက်လက် အားပေးခြင်း၊ ထောက်ခံခြင်း၊ ကူညီခြင်း၊ ရပ်တည်ပေးခြင်းကို ဆောင်ရွက်နေကြပါတယ်။ တိုင်းရင်းသားအင်အားစုတွေကိုယ်တိုင်ကလည်း အဲသည်လို ရေစီးကြောင်း အရွေ့အပြောင်းကို သူတို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့အကြုံနဲ့ ယှဉ်ထိုးပြီး စောင့်ကြည့်နေတယ် ဆိုရပါမယ်။

နိုင်ငံရေး အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးအင်အားစုတွေဆိုသူတွေ အဖွဲ့တွေမှာ စုပေါင်းဦးဆောင်မှုတွေနဲ့  ဆက်လက်ချီတက်နေဆဲ ဖြစ်နေတာကြောင့် ပြည်တွင်း ပြည်ပက ပြည်သူတွေ အောက်ခြေအင်အားစုတွေကိုယ်တိုင်က ဘယ်သူတွေ ဘယ်ခေါင်းဆောင်မှုတွေကို ဦးတည်ပြီး ဘယ်စကား၊ ဘယ်အကူအညီ၊ ဘယ်လမ်းညွှန်ချက် ယူကြရမည်လဲ ဆိုတာကို ရှုပ်ထွေးမှု ဖြစ်ကြသလို နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကိုယ်တိုင်ကလည်း အဲသည်လို ဝေခွဲမရမှုများ ရှိနေကြလေမလားလို့ အချို့သော မြန်မာ့အရေး ပညာရှင်တွေက မေးခွန်းထုတ်ကြတာ ဖတ်ရှုရပါတယ်။ 

သည်နေ့တော့ သတင်းမြင်ကွင်းအစား အတွေးမြင်ကွင်းကိုပဲ ရေးသားလိုက်ရပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar