မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၃ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၃ မြင်ကွင်း
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၂
ဆုတ်ကပ်ထဲက ကမ္ဘာနဲ့ မြန်မာ
၂၀၂၀ နှစ်ဆန်း ကိုဗစ်ကပ်ဆိုးထဲ စဝင်ကတည်းက ကမ္ဘာကြီးက ပုံမှန်လည်ပတ်နေတဲ့ အခြေအနေကနေ ပြောင်းလဲသွားပါတယ်။ အဆိုးဘက်ကို ပြောင်းလဲသွားတယ် ဆိုပေမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာနိုင်ငံအသီးသီးက ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေက ကိုဗစ်ကို တွန်းလှန်ဖို့ ကာကွယ်ကုသပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်တခုလုံးမှာ ပြည်သူနဲ့ အစိုးရတွေ အလူးလူးအလိမ့်လိမ့်နဲ့ ဖြတ်ကျော်ကြပြီးနောက် လူပေါင်း သန်းချီပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၁ နှစ်ဆန်းမှာ ကမ္ဘာကြီးအတွက် ကိုဗစ်အလွန် မျှော်လင့်ချက် ရောင်ခြည်သန်းခဲ့ပေမယ့် မြန်မာပြည်ကတော့ ကိုဗစ် ချောက်ကမ်းပါးထဲက မတက်နိုင်သေးခင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စု၏ အာဏာသိမ်းမှုနဲ့အတူ အကြမ်းဖက် သတ်ဖြတ်မှုများကို ရင်ဆိုင်တွေ့ရပြီး ကိုဗစ်ချောက်ထဲကနေ ပိုပြီးနက်ရှိုင်းတဲ့ စစ်မီးတောက်များထဲ ရောက်ရှိသွားခဲ့ရပါတယ်။ ၂၀၂၂ မှာ ကိုဗစ်လွန်သော်လည်း ကိုဗစ်နဲ့အတူရှင်သန်နေရတဲ့ နယူးနော်မယ်ကမ္ဘာကြီးအဖြစ် လူသားတွေက လက်ခံထားဖို့ ပြင်ဆင်နေကြပါပြီ။ သို့ပေမဲ့ ဆုတ်ကပ်ဖြစ်နေတဲ့ လက္ခဏာတွေအဖြစ် ရုရှား၏ ကျုးကျော်စစ်၊ တရုတ်၏ ဩဇာချဲ့ထွင်မှုတွေအပြင် ခေါင်းထောင်လာတဲ့ အကြမ်းဖက်မှု လူသတ်မှုတွေ ထူပြောတဲ့ လူ့ပတ်ဝန်းကျင်ကြီးအဖြစ် အချိုးအကွေ့ ဖြစ်လာပါတယ်။ ပြန်လည်ထူထောင်ရေး နာလန်ထနိုင်ရေးကာလဆိုတာ ၂၀၂၂ မှာ မရှိတော့ပါ။ ကိုဗစ်အလွန်မှာ လူလုပ် စစ်မက်များ၊ အစာရေစာ ရှားပါးမှုများနဲ့ ပတ်ဝန်းကျင်ရာသီဥတု ယိုယွင်းလာမှုကို ကမ္ဘာပြည်သူတွေအားလုံး ဆက်လက် ခါးစည်းခံစားကြ ရုန်းကန်ကြရတော့မှာ ဖြစ်ပါတယ်။
မြန်မာပြည်အတွက်က လေပြေလေညင်းကာလအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အာဏာရတဲ့ကာလ၊ လူထု၏ မဲဆန္ဒကို စစ်အုပ်စုက လေးစားပေးခဲ့တဲ့ ကာလအဖြစ် ၂၀၁၅-၂၀၂၀ ကို ခံစားရရှိခဲ့ကြပါတယ်။ ၂၀၂၁ မှာ စစ်တပ်က ဒီမိုကရေစီတပိုင်းအဆောက်အအုံများကို နင်းခြေ ဖျက်ဆီးပစ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းမှာ တတိုင်းပြည်လုံး စစ်မက်ဖြစ်ပွားနေပြီး ဆုတ်ကပ်၏ မုန်တိုင်းကာလအတွင်း ဖြတ်သန်းနေဆဲ ဖြစ်ပါတော့တယ်။ မုန်တိုင်းကာလမှာ မြန်မာပြည်သူတွေက ရရာလက်နက် ပစ္စည်းကိရိယာ အင်အားစုံ စုစည်းပြီး မုန်တိုင်းကို ကြံ့ကြံံ့ခံကြ၊ အချင်းချင်း အားပေးကူညီ စောင့်ရှောက်ကြတာတွေကို မည်သူတဦးတယောက်၏ ဦးဆောင်မှု လမ်းညွှန်မှု မပါဝင်ဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကတော့ ကမ္ဘာနိုင်ငံအသီးသီးက ပြည်သူတွေနဲ့ ယှဉ်ရင် ထူးခြားဖြစ်စဉ်လို့ ဆိုရပါမယ်။ မြန်မာနွေဦးတော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတော်လှန်ရေး လှုပ်ရှားမှုဖြစ်နေဆဲ ဖြစ်ပါတယ်။
သည်ကမ္ဘာ၏ ဆုတ်ကပ်ကာလမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေက ဒါကို ရင်ဆိုင်ဖို့ ဖြေရှင်းဖို့ ရုန်းထွက်ဖို့ ပြည်သူတွေကို ထုတ်ဖော် ပြောဆိုကြပါတယ်။ ခေါင်းဆောင်မှုအရည်အချင်းတွေကို ထုတ်ဖော်ပြသကြပါတယ်။ စစ်မက်တွေ ရပ်စဲနိုင်ဖို့၊ အစာရေစားရှားပါးမှုကို ကြိုတင်ပြင်ဆင်ကြဖို့နဲ့ ဥတုရာသီ ယိုယွင်းမှုကို ပြုပြင်ဖို့ လူထုနဲ့အတူ စည်းရုံးပြီး လုပ်ဆောင်ကြပါတယ်။ သတိပြုမိအောင်လည်း လုပ်ဆောင်ကြပါတယ်။
မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေအတွက်တော့ စစ်ရေးနည်းနဲ့ အာဏာကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင်ရရှိနိုင်ရေးက ဦးစားပေး နံပါတ်တစ် ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း မိမိတို့ ထောက်ခံတဲ့ အစိုးရ သို့မဟုတ် တော်လှန်ရေး ဦးဆောင်သူများ အောင်ပွဲမြန်မြန်ရအောင် လုပ်ဖို့ကိုပဲ အားသန်ကြပါတယ်။
ဒါကလည်း ဥပမာအဖြစ် - လက်ရှိ ရှေ့တန်းရောက်နေတဲ့ ယူကရိန်းစစ်ပွဲမှာ ခေါင်းဆောင်နဲ့ ပြည်သူက စစ်တိုက်ဖို့ စစ်နိုင်ဖို့က နံပါတ် ၁ အရေး ဖြစ်နေပြီး၊ စစ်ရေးနဲ့ ကျုးကျော်စစ်တွန်းလှန်ရေးအတွက် တိုက်ရိုက်အသုံးမဝင်တဲ့ ပြည်သူတွေ (အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို) ကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။ ထောက်ခံတဲ့ အမေရိကန်နဲ့ အီးယူအစိုးရတွေဆီက လက်နက်ကို အဓိကထား အကူအညီတောင်းခံနေကြပြီး အခြားအကူအညီတွေကိုလည်း လက်ဖြန့်ထားကြပါတယ်။ အဲသည်အတွက် အဓိကခေါင်းဆောင် ယူကရိန်းခေါင်းဆောင် ဇီလန်းစကီး၏ စစ်မက်ကာလ တသွေးတသံဦးဆောင်မှု ပြည်သူတွေက လိုက်နာမှုကို တွေ့ရှိရတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေနဲ့ မြန်မာပြည်က တော်လှန်ရေးခေါင်းဆောင် ဆိုသူတွေ၏ သဘောထားနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပေမယ့် ယူကရိန်းက တရားဝင်အစိုးရကိုယ်တိုင်က ပြည်ပကျုးကျော်သူ ရုရှားကို တွန်းလှန်တိုက်ခိုက်ရတာ ဖြစ်လို့ ဓမ္မနဲ့ အဓမ္မတိုက်ပွဲက အမြင်ရှင်းပါတယ်။ မြန်မာပြည်သူတွေနဲ့ ၂၀၂၀ ရွေးချယ်ခံ အမတ်တွေအဖို့ကျတော့ စစ်တပ်၏ အဓမ္မ အာဏာသိမ်းဖယ်ရှား နင်းခြေခံရတာ ဖြစ်ပြီး မြန်မာပြည်သူတွေက ပြည်ပက အစိုးရ အဖွဲ့အစည်းတွေ၏ တိုက်ရိုက်အကူအညီ အားပေးမှုမရှိဘဲ ကိုယ့်ဖာသာ တွန်းလှန်နေရတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ တော်လှန်စစ် ဆင်နွှဲနေရတာမို့ အမတ်တွေနဲ့ ထောင်ထားတဲ့ တော်လှန်ရေးအစိုးရအဖွဲ့အစည်းဆိုတာထက် မဟာမိတ်ပေါင်းစုံပါဝင်တဲ့ ဦးဆောင်မှုနဲ့ တိုက်နေကြရတာမို့ သမိုင်းကြောင်းအရ ဖြေရှင်းရမယ့်အရေးကိစ္စတွေကိုပါ မြန်မာပြည်သူတွေက ပွေ့ပိုက်ထားရတာ ဖြစ်နေပါတယ်။
ရှေ့ကပြောခဲ့သလို ဆုတ်ကပ်ကြီးထဲ ဆင်နွှဲနေရာတဲ့ တော်လှန်ရေးတိုက်ပွဲ ဖြစ်နေတာက တကြောင်း၊ နိုင်ငံတကာက တိုက်ရိုက်အကူအညီအားပေးမှု တစုံတရာ အားနည်းတာက တကြောင်း၊ တော်လှန်ရေးခေါင်းဆောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ၏ အမျိုးမျိုးအထွေထွေသော ရှုထောင့်စုံ အာဘော်စုံတွေနဲ့ ကောင်းနိုးရာရာ အမယ်စုံနေတာက တကြောင်း၊ ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တွန်းလှန်ရေးအတွက် နောက်လိုက်ကောင်းတွေအဖြစ် စိတ်ရှည် ဇွဲသန် သည်းညည်းခံနိုင်ရည်အား ကောင်းနေတာတွေက တကြောင်းမို့လို့ ရေရှည်မှာ ဒါသည်ပင်လျှင် မြန်မာပြည်အတွက် နယူးနော်မယ် ဖြစ်လာမယ်ဆိုရင် ဘယ်လိုမျိုး ဆက်စဉ်းစားကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar