Breaking News

ညိုထွန်းလူ - ကျွန်တော်တို့ အိမ်ကလေးတွေ

ညိုထွန်းလူ - ကျွန်တော်တို့ အိမ်ကလေးတွေ
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၂

အိမ်တံခါးကိုဖွင့်လိုက်တော့ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်အတူ အအေးဓာတ်ကိုထိတွေ့လိုက်ရ၍ လန်းဆန်းသွားခဲ့၏။ အရင်နေ့တွေတုန်းကတော့ သည်လိုဘယ်ဟုတ်ပါ့မတုန်း။ မနက် ၆ နာရီလောက်ရှိသေး၊ နံနက်ခင်းနေရောင်က ပိတ်ထားသည့်တံခါးကြားဆီသို့ ဇွတ်အတင်းတိုးဝှေ့လာလေ့ရှိသည်။ အိမ်ထဲမှာလည်း အပူငွေ့တွေဖြင့် လှောင်အိုက်နေ၏။ တံခါးဖွင့်လိုက်တော့လည်း အစွမ်းကုန်ပူပြင်းတော့မည့်နေမင်း၏အလင်းရောင်က ဆီးကြိုနှုတ်ဆက်နေလေ၏။

တကယ်တော့ နှစ်စဉ်နှစ်တိုင်း နွေလယ်ကာလရောက်သည်နှင့် သည်နှယ်မျိုးကြုံရစမြဲမို့ ထူးဆန်းသည်ဟု မဆိုသာပါ။ မိုးကိုမျှော်ရင်းဖြင့် နွေရက်များကိုဖြတ်သန်းလာခဲ့ကြရသည်။ မိုးအခါ မိုးတွေရွာသွန်းလိုက်တော့လည်း နွေအပူဒဏ်ခံစားခဲ့ရသမျှတွေအားလုံး မေ့မေ့ပျောက် ပျောက်ဖြစ်သွားခဲ့ကြပြန်သည်။

မနေ့ညနေတုန်းက မန္တလေးမှာမိုးတွေရွာသည်။ သည်းကြီးမည်းကြီးမဟုတ်သော်လည်း ရေပါသည့်မိုးဖြစ်၍ အပူဓတ်တွေချက်ချင်းလျော့ကျသွားသည်။ ထို့ကြောင့် ညနေခင်းသည်သာယာသွားသည်။ ပျက်နေကျလျှပ်စစ် မီးကလည်း သဘောကောင်းနေ၍ အံမယ်တယ်ဟုတ်ပါလားဟူ၍ တွေးလိုက်မိသည်။ မီးပျက် မှောင်မိုက် ခြင်ကိုက်သည့်ဒဏ်ကို တခဏကင်းလွတ်သွားတော့လည်း အထိုက်အလျောက် ပေါ့ပါးသွားရပြန်သည်။ အထိုက်အလျောက်ဟု ကျွန်တော်ဆိုလိုက်ပါမည်။ အိမ်ခန်းထဲမှာ မီးရောင်တွေလင်းထိန်နေသော်ငြား လျှပ်စစ် မီးပျက်မည်ကိုရင်တထိတ်ထိတ်ဖြစ်ရင်း လုပ်စရာရှိတာတွေကို ကသောကမျောလုပ်နေရသည်။ အေးအေးလူလူစာဖတ်နေသည့်တိုင် စိတ်မဖြောင့်။ လျှပ်စစ်မီးဖျတ်ခနဲပျက်လိုက်သည်နှင့် အားသွင်းထားသည့်လက်နှိပ်မီးကို အနားမှာအဆင်သင့်ဆောင်ထားရလေ၏။ သို့ကလိုအရသာမျိုးကို အားလုံးကြုံဖူးကြမည် ထင် သည်။ ကျွန်တော်တို့သည် အတွေ့အကြုံတွေကလည်းများနေပြီမို့ လာချင်သလိုလာ ပျက်ချင်သလိုပျက်တတ်သည့်လျှပ်စစ်မီးကို ယုံကြည်မှုမပေးနိုင်ကြပေ။

ပြီးတော့လျှပ်စစ်မီးလာသည့်အချိန်ကလေးမှာ မော်တာခလုတ်ဖွင့်ပြီး ရေတင်ရမည့်အရေးအတွက်လည်း စိတ်မောရပြန်သည်။ စည်ပင်ရေပေးရေးမှရေပိုက်လိုင်းသည် ကျွန်တော်တို့ရပ်ကွက်မှာဆုံးသည်။ ထို့ကြောင့် လျှပ် စစ်မီးလာသည့်အချိန် တခြားရပ်ကွက်တွေက မော်တာဖွင့်ပြီးရေကိုဆွဲယူကြ၍ ကိုယ့်ဆီမှာရေမလာတော့။ သည်တော့လည်း မီးပျက်ချိန်ရောက်တော့မှ မီးစက်နှိုးပြီး ရေယူရသည်။ အဲသည်လိုကျပြန်တော့လည်း ရေခြူနေစရာမလိုလောက်အောင် မော်တာဖွင့်လိုက်သည်နှင့်ရေပိုက်ထဲကရေတွေက ဝေါခနဲ။ ဟန်ကျလိုက်ပါဘိ။ မီးစက်လည်ဖို့အတွက် ဓာတ်ဆီဖိုးတော့ကုန်သည်။

သို့ရာတွင် ဒါကလည်းပုံသေတွက်ထား၍မရပြန်။ တလောတုန်းက မန္တလေးမှာလေတွေမိုးတွေကျသည်။ အဲသည်နောက်ပိုင်း ရေလာမီးလာတွေက ချိန်သားမကိုက်တော့ပြီ။ ရေပေရေးကရေလွှတ်သော်လည်း မီးကမလာ။ မီးလာပြန်တော့လည်း ရေပေရေးက ရေမလွှတ်ပြန်။ ထို့ကြောင့်လျှပ်စစ်မီးမလာသည့်အချိန် ယခင်လိုပဲမီးစက်နှိုးပြီး မော်တာဖွင့်သည်။ ရေတစ်စက်မျှကျမလာ။ ဟဲ့ ဘယ်နှယ်ဖြစ်ရပြန်တာပါလိမ့်။ နောက်ဆုံးတော့လက်လျော့လိုက်တော့သည်။

သို့ဖြင့် ကျွန်တော့်မှာနေ့စဉ်နှင့်အမျှ ရေမီးကိစ္စအတွက်ပဲစိုးနှောင့်ဗျာပွေဖြစ်နေရတော့သည်။ ထားလိုက်တော့။ မနေ့ညတုန်းကတော့ လျှပ်စစ်မီးကလည်း တညလုံးလာနေ၍ အံ့သြရခြင်းနှင့်အတူ မနေတတ်မထိုင်တတ်ဖြစ်သွားရပြန်သည်။ မီးပျက်သွားလည်း စိတ်ပူစရာမရှိ တညလုံး ဝီရိယစိုက်ပြီးရေတင်လိုက်၍ တနေ့တာအတွက်စိတ်အေးသွားရသည်။ နောက်တနေ့အတွက် နောက်မှပဲစဉ်းစားပါတော့မည်။ မည်သို့ပင်ဖြစ်စေ အရာရာတိုင်းမှာ ကာလ ဒေသ ပယောဂကို ချင့်ထောက်နှိုင်မှ အဆင်ပြေနိုင်မည်ကို ဉာဏ်အလင်းရသွားခဲ့ပြီ။

သည်ကနေ့ (ဧပြီ ၂၉ ရက်နေ့) သမီးငယ်လေးမွေးနေ့ဖြစ်သည်။ ဟက်ပီးဘာ့ဒ်ဒေးပါသမီးလေး။ အသက်ရှည်ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ။ လိုရာဆန္ဒအားလုံးပြည့်ဝပါစေ။ ကြံစည်စိတ်ကူးသမျှအားလုံးအောင်မြင်ပါစေ။ ဘေးဘယာကင်းဝေးပါစေဟု ရပ်ဝေးနေသမီးလေးဆီသို့ မက်ဆင်ဂျာမှတဆင့်မွေးနေ့ဆုမွန် ရေးပို့ပေး လိုက်ရသည်။ မိဘဆိုတော့ သူတို့ကလေးတွေကို ကိုယ့်မျက်လုံးထဲမှာဖြင့် ကလေးပေါက်စနလေးလိုမြင်နေမိဆဲ။

တွေးရင်းဖြင့် အတိတ်ကာလဆီသို့ရောက်သွားခဲ့သည်။ သူတို့ညီအစ်မနှစ်ယောက်က နှစ်နှစ်ပဲခြားသည်။ အိမ်ထဲမှာ တတောက်တောက်နှင့်ဆော့ကစားနေကြသည့် သူတို့ကလေးတွေကို မြင်ယောင်သွားမိသည်။ မန္တလေးသည် သင်္ကြန်ပြီးသည်နှင့် သက်မဲ့မြို့ကြီးလို တိတ်ဆိတ်၍သွားသည်။ အပူဒဏ်ကြောင့် မတတ်သာမှအပြင်ထွက်ကြပြီး အိမ်တွင်းအောင်းနေကြသည်။ မွန်းလွဲတစ်နာရီလောက်ဆိုလျှင် အိမ်ရှေ့ဆီက နို့ထမင်းသည်အော် သံကြားရသည်။ ပြီးတော့ မုန့်လုပ်ဆောင်းသည်။ အုန်းပေါင်းငှက်ပျောပေါင်းနှင့် ကြိတ်မုန့်သည်တွေ တယောက်ပြီးတယောက် ရောက်လာကြသည်။

စျေးသည်တွေ၏အော်သံကြားသည်နှင့် သူတို့ညီအစ်မနှစ်ယောက်က အိမ်ထဲမှ လာပါဦးဟု တယောက်တလှည့်စီအော်ခေါ်ကြသည်။ နှစ်ယောက်စလုံးကျောင်းမနေကြသေးပေမယ့် စျေးသည်ခေါ်ပြီး ဝယ်စားတတ်နေကြပြီ။ အိမ်ပေါက်ဝကိုစျေးသည်ရောက်လာတော့လည်း ကျွေးရစမြဲ။ စျေးသည်ထွက်သွားတော့ ဇနီးသည်က နို့ထမင်းသည်ကို ဘယ်သူခေါ်တာလဲဟု မေးသည်။ ညီအစ်မနှစ်ယောက်စလုံးမကြားချင်ယောင်ဆောင်နေကြ၏။ ကျွန်တော်ပြုံးနေမိသည်။ ဟော-အခုတော့လည်း သူတို့ညီအစ်မနှစ်ယောက်စလုံး လူကြီးတွေဖြစ်သွားကြပြီကော။

တရက်က နေပူလွန်း၍ ဧည့်ခန်းထဲမှာယပ်ခတ်ပြီး ထိုင်နေစဉ် အိမ်ရှေလမ်းမဆီမှ နို့ထမင်းသည်အော်သံကြားလိုက်ရ၍ စိတ်လှုပ်ရှားသွားရသည်။ ရုတ်တရက်သတိလက်လွတ်ဖြစ်သွားပြီး လာပါဦးဆိုသည့် သမီးတို့အော်ခေါ်သံကိုနားစွင့်လိုက်မိပြန်သည်။ စိတ်အာရုံသည် အတိတ်နှင့်လက်ရှိကာလကြားမှာ လွန်းထိုးသလိုပြေး လွှားနေလျက်။ အရိပ်လို ပူးကပ်နေသည့်ခံစားမှုတွေလွင့်ပျယ်သွားသောအခါ ငေးငိုင်သွားခဲ့ရသည်။

ရာသီဥတုကပူပြင်းသည်။ ညမှာလည်း ကောင်းကောင်းအိပ်မပျော်။ နေ့စဉ်ရက်ဆက် နေအပူဒဏ်နှင့်ချည်းကြုံရ၍ ပြင်ဦးလွင်မှာ သုံးလေးရက်လောက်သွားနေရမလားဟု တွေးမိသည်။ ပြင်ဦးလွင်မှာခြံရှိသည့်မိတ်ဆွေတွေကလည်း လာနေဖို့ဖိတ်ခေါ်သည်။ သို့ရာတွင် ကျွန်တော်မသွားနိုင်ပါ။ ပြင်ဦးလွင်မှာ တခဏသွားနေဖို့အတွက် အိမ်စောင့်ပေးမည့်သူမရှိ။ ပြီးတော့ မီးရေးထင်းရေးဆိုတာက ပြောမရ။ သည်မှာပင်လွန်ခဲ့သည့်နှစ်လေးဆယ်လောက်က မိတ်ဆွေတစ်ယောက်ကိုသတိရလိုက်မိသည်။ သူက ချမ်းသာသည်။ ဆယ်ဧကကျော်ကျယ်ဝန်းမည့်ပြင်ဦးလွင်ကသူ့ခြံကိုလည်း ကျွန်တော်တစ်ခေါက်ရောက်ဖူးသည်။ သစ်ပင်မျိုးစုံ စိမ်းညို့အုပ်ဆိုင်းနေပြီး ခြံထဲမှာတည်းခိုဖို့ ဘန်ဂလိုနှစ်လုံးဆောက်ထားသည်။

မိတ်ဆွေသူငယ်ချင်းတွေအချိန်မရွေး သွားရောက်အနားယူဖို့စီစဥ်ထားသော်လည်း သူကတော့ တညမျှမအိပ်ဖြစ်ကြောင်းသိရ၍ ကျွန်တော်အံ့သြသွားရသည်။ သူ့မှာကိုယ်ပိုင်လင့်ရိုဘာကားတစီးလည်း ရှိသည်။ မန္တလေးနွေကာလမှာပင် ပြင်ဦးလွင်သို့သူမသွား။ ငါလည်းမန္တလေးမှာပူလွန်းလို့ ခြံထဲမှာနားမယ်ဆိုပြီး မော်တော်ကားကိုယ်တိုင်မောင်းပြီးသွားတာပဲကွ။ ဒါပေမယ့် ၂၁ မိုင်ရောက်တော့ မန္တလေးဘက်ကိုလှမ်းကြည့်ရင်း မီးခိုးတွေအူထနေတာကိုတွေ့ရတော့ စိတ်ပူသွားပြီးဆက်မသွားဖြစ်ဘဲ မန္တလေးကိုပြန်ဆင်းလာခဲ့ရတာပါပဲကွာဟု ပြောလိုက်သည်။ သူ့ကိုကြည့်ရင်း ကျွန်တော်ဘာပြောရမှန်းမသိတော့။ အံ့သြစရာဟူ၍သာ မှတ်ချက်ပြုမိသည်။

ထိုစဉ်က အသက်အရွယ်ငယ်သေး၍ အကျယ်ချဲ့ပြီးဖြန့်ထွက်မတွေးတတ်သေး။ ကြာလာတော့မှ သူ့အပေါ် တဖြေးဖြေးနားလည်လာရသည်။ ယခုလိုရာသီဥတုပူပြင်းချိန်တွင် မန္တလေးသည် နေချင်စရာမကောင်းပါ။ ဒါဖြင့် အေးချမ်းသည့်နေရာသို့သွားနိုင်ပါလျက် မန္တလေးမှာပဲနေရသလဲမေးလှာပါအံ့။ ထို့အတွက်အဖြေရှိသည်။ ကျွန်တော်တို့၏မသိစိတ်ထဲမှာ ကိုယ့်လောကဝန်းကျင်နှင့် အဝန်းအဝိုင်းကို ချစ်မြတ်နိုးတွယ်တာရသည့်သံယော ဇဉ်သည် ကြိုးတစ်ချောင်းလိုချည်နှောင်ထားသည်။

မန္တလေးသည်  ကျွန်တော့်မိတ်ဆွေအတွက် မူလဘူတနေရာဖြစ်သည်ပဲ။ မန္တလေးသည် သူ၏လောကဝန်းကျင်။ သူ့အတွက် ပျော်စရာတွေချည်း။ ဒါကြောင့်လည်း မန္တလေးကို တနေ့တရက် ခွာ၍မသွားနိုင်ခြင်းဖြစ်သည်။ ကျွန်တော်လည်း သူ့နည်းတူ ထူးမခြားနားပါ။ မန္တလေးသည်လည်း ကျွန်တော်လောကဝန်းကျင်ဖြစ်သည်။ သည်အဝန်းအဝိုင်းထဲမှာပဲ လူလားမြောက်ကြီးပြင်းခဲ့ကြသည်။

ဆိုရလျှင် မည်သည့်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာ မိတ်ဆွေတွေ သူငယ်ချင်းတွေ ဆွေမျိုးအသိုင်း အဝိုင်းတွေရှိနေသည့်အသိကြောင့် အလိုလိုစိတ်အားတက်ခဲ့ရသည်။ တွေ့ကြဆုံကြပြန်တော့လည်း ရယ်ရယ် မောမောပျော်ပျော်ရွှင်နေကြရင်း စိတ်ရွှင်လန်းသွားခဲ့ရသည်။ တွေးရင်းဖြင့် ရှင်းသည်ထက်ရှင်းလာခဲ့သည်။ လူတိုင်းလူတိုင်းမှာ ဇာတိကိုချစ်စိတ် (သို့မဟုတ်) နေထိုင်ခဲ့သည့် ကိုယ့်လောကဝန်းကျင်ကို ချစ်မြတ်နိုးစိတ်တွေရှိနေကြသည်။ ရန်ကုန်လည်း ရန်ကုန်မို့၊ ပဲခူးလည်း ပဲခူးမို့၊ မော်လမြိုင်လည်း မော်လမြိုင်မို့၊ မည်သူမဆို ကိုယ်နေခဲ့ရသည့်အရပ်ဒေသကို တွယ်တာရသလို လွမ်းမောကြရစမြဲ။

အချိန်တန်တော့ အိမ်ပြန်လာရစမြဲဟုဆိုသည်။ အမှန်တော့ သေချာတွေးကြည့်လိုက်လျှင် တခါတုန်းက ပေါ့ပါးပျော်ရွှင်ခဲ့သည့်လောကဝန်းကျင်ကလေးဆီသို့ ခြေဦးပြန်လှည့်လိုက်ခြင်းပင်ဖြစ်သည်။ အိမ်ဆိုတာက နားခိုစရာ ပျော်မွေ့ဖွယ်ရာမဟုတ်ပါလား။ သည်အိမ်ကလေးတွေ စုရုံးရှိနေသည့်အဝန်းအဝိုင်းတခုလုံးကို ချစ်ခြင်းမေတ္တာတွေဖြင့် လွှမ်းခြုံပေးထားသည်။

ကြည့်ပါဦး ကျွန်တော်တို့၏လောကကမ္ဘာထဲမှာ အိမ်ကလေးတွေနှင့်မိတ်ဆွေတွေ တစ်ယောက်နှင့်တစ်ယောက် ပြောမနာဆိုမနာငယ်သူငယ်ချင်းတွေရှိကြသည်။ အချင်းချင်းကူညီယိုင်းပင်းကြသည်။ ဒုက္ခကိုမျှဝေခံစားကြသည်။ အပျော်ဓာတ်တွေကိုလည်း ကူးစီးသွားစေခဲ့သည်။ ကျွန်တော်တို့လောကဝန်းကျင်ထဲမှာဖြင့် ချစ်ခြင်းနှင့်အိမ်ကလေးတွေကလည်း များမှများ။ သည်လိုဖြင့် ကျွန်တော်တို့သည် နေပူပြင်းချိန် လျှပ်စစ်မီးမလာသည့်အတွက်လည်း စိတ်တိုဒေါသမဖြစ်ကြတော့။

ဒုက္ခကိုနေသားကျနေပြီး အရာရာကိုကြံ့ကြံ့ခံနိုင်စွမ်းရှိသောအိမ်ကလေးတွေက နေချင်စရာကောင်းလှသလို ကျွန်တော်တို့မှာလည်း အင်အားသတ္တိတွေတိုးလာခဲ့ရသည်။ ပျော်ရွှင်ခြင်းနှင့် စိတ်ဆင်းရဲပူပန်ခြင်းတို့ကို အစဉ်သဖြင့်ကြုံတွေ့နေရစမြဲဖြစ်သော်လည်း ကိုယ့်လောကအသိုင်း အဝိုင်းထဲမှာပဲနေခွင့်ရလျှင်ဖြင့် ဘယ်အရာမှ တွေးမပူတော့ပြီ။

(၂၉-၄-၂၀၂၂) သမီးငယ်လေး သော်တာအေးလဲ့ မွေးနေ့အမှတ်တရ။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar